Pages

Tuesday, July 31, 2012

ညဈေး အပိုင်း ၂

(၄)

July 23rd ,2000( SAT)
5:34 (PM)

၏အရာအားလုံးသည် ပုံမှန်လည်ပတ်နေခဲ့ပါသည်။
သူမ ရေခဲသေတ္တာ တံခါးကို မဖွင့်လိုက်သည်…. သူမတို့ အိမ်မှ ရေခဲသေတ္တာက အိမ်သုံးမဟုတ်ပဲ…… ရေခဲချောင်းများ အအေးများ ရောင်းသော ဆိုင်များ တွင် သုံးသော (deep freezer) အကြီးစားဖြစ်သည်….. သူမ က ဈေးကို တစ်ပတ် နှစ်ပတ်စာ ၀ယ်ထားတတ်ပြီး… များများ ထည့်နိုင်ရန် ဒီရေခဲသေတ္တာကြီးကို ၀ယ်ထားခြင်းဖြစ်သည်…..ထို့ကြောင့်ရေခဲသေတ္တာတံခါးက မဖွင့် ရပါသည်…..

(ဟင်း…. ငါးကလည်းငါးကြင်း နည်းနည်းပဲကျန်တော့တာပဲ…….ဒီနေ့ည ဈေးလေးတော့ ဆင်းဝယ်ဦးမှ….. သဘက်ခါ ဟိုနှစ်ကောင်ကျောင်း ထမင်းဘူး ထည့်တာ ဟင်းမကောင်းရင်…. မစားလာပဲနေဦးမယ်.. )

ဒေါ်မေကြည်အောင် သူ့အတွေးနှင့် သူ ရေခဲသေတ္တာတံခါးကို ပြန်ပိတ်လိုက်ပြီး….. ညနေစာအတွက် ထုတ်လာသော ငါးကြင်းကို ငရုတ်သီးစပ်စပ်ကလေးနှင့် နှပ်မည်…… အငယ်ကောင်က အချိုဆိုတော့ ကြော်ပြီးသားလေး ဖယ်ထားလိုက်ပြီး ကျန်တာကိုမှ ကြက်သွန်နီ ငရုတ်သီးအကြမ်းထောင်း နှင့်…. မန်ကျည်းရည်ကလေး နည်းနည်းထည့် ကာ… ငါးချဉ်စပ်နှပ်ချက်မည် ဟုစိတ်ကူးသည်…..
ဂစ်မီးဖိုကို ထောက်ခနဲဖွင့်လိုက်ပြီး…… ဒယ်အိုး ခပ်ကြီးကြီးကို…. တင်လိုက်ခါ.. ဆီပုန်းထဲမှ ဆီများ သွန်ထည့်လိုက်သည်….. ငါးက … ဆားဆနွင်း အချိုမှုန့် နယ်ဖတ်ပြီးသား.မို့ ဘာမှ လုပ်စရာမလို.. ဆီကျက်လျှင် … ကြော်လိုက်ရုံသာ…..

ကလင်…. လင်လင်…ရင်

တယ်လီဖုန်းမြည်လာသဖြင့် ဂတ်စ်မိးဖိုကို ခဏပိတ်ကာ သူမ အိမ်ရှေ့သို့ ပြေးထွက်လာလိုက်သည်…..

(ဘယ်သူများ ပါလိမ့်….. ညနေစောင်းကြီး )

ဖုန်းခွက်ကို ကောက်ကိုင်လိုက်တော့ …… သူမ၏သူငယ်ချင်းဖြစ်နေသည်….. အသက်ကြီးမှ အိမ်ထောင်ကျပြီး… ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကမှ ကလေး ရသူဖြစ်သည်…… ကလေးလေးက ရှိလှ နှစ် နှစ်သုံးနှစ်….

(အေး…အေးပါ မော်မော်ရယ်…. အေးပါ.. လာပါ.. ငါစောင့်နေမယ်…. အေးအေး…. ရှိတယ်… မနက်ဖြန်တနေကုန်အိမ်မှာပဲ….. တနင်္ဂနွေ နေ့ ဆိုပေမယ့် … ငါ့မှာ ဘယ်မှ မသွားနိုင်ပါဘူးဟယ်….. ပင်ပန်းလွန်းလို့ အေးပါ နင့် သမီးလေးပါခေါ်လာခဲ့လေ…. ဟဲဟဲ ငါ့သားက ခြောက်နှစ်ဆိုတော့ … လေးနှစ်ပဲကွာတာ… အင်းအင်း….. ကြည့်သေးတာပေါ့… ငါ့သားက အချောစားနော်.. ဟင်းဟင်း.. အေးအေး ဒါပဲ မနက်ဖြန်မှတွေ့မယ်.. )

ဖုန်းကို ချလိုက်ပြီး…. နောက်ဖေးသို့ ပြန်လာ ကာ…မီးဖိုဖွင့် ဆီအိုးပြန်တင်ထားလိုက်သည်……ကြော်မည့် ငါးများ က အေးခဲနေသဖြင့် ….. ထည့်ထားသည့် ဘူးအပြင်ဘက်ကို ရေဆေးကာ…. ဖြေးဖြေးချင်းခွာထုတ်နေရသည်……… ကွာထွက်လာသော ငါးများ အား … ဆီပူအိုးထဲ ထည့်နေရင်း .. ညနေဈေး တွင်ဝယ်ရမည်များကို သူမတွေးနေမိသည်…..

(၀က်သားကတော့ မ၀ယ်လို့ မဖြစ်ဘူး ….. တစ်ပိဿာလောက်တော့ ၀ယ်မှ… ကြက်လည်း တစ်ပိဿာလောက်ဝယ်ထားမယ်….. ငါးကတော့ ငါးခူကြော်နှပ်လေး လုပ်မယ်….. အင်း ဟုတ်တယ် ငါးခူဝယ်ရမယ်…. ငါးထုပ်ကိုလည်း အကြီးကောင်မမြင်အောင် ထားဦးမှ…. ဒင်းကလည်း ငါးအရှင်မြင်တာနဲ့ တင်မစားတော့ဘူး… ဟူး…. ကောင်းပါတယ်လေ….. မနက်ဖြန် မော်မော်တို့ သားအမိလည်း လာမှာဆိုတော့…၀က်သားနဲ့ မျှစ်ချဉ်ချက်မယ်…… ငါးခူကြော်နှပ်လုပ်မယ်…. ကန်စွန်းရွက်ချဉ်ရည်ဟင်းချက်မယ်…… ငါးပိရည်..တို့ စရာ… အင်း ငါးငပိချက် ကိုပါငရုတ်သီးစိမ်းလေးနဲ့ ချက်မယ်… အင်း ဒါဆိုရင်တော့ ဟင်းစုံနေပါပြီ… တို့ စရာက စုံစုံလေးဝယ်မှ……. အဲ အချိုစားဖို့ … အချိုစားဖို့ ကတော့ ..သစ်သီးပဲဝယ်တော့မယ်… သဘောင်္သီးလေးကောင်းတယ်.. အင်း .. သဘောင်္သီးက ဒိအချိန် ရှိပါဦးမလားမသိဘူး… မရရင်လည်း နာနတ်သီးပဲဝယ်ရတော့မှာပဲ……. အင်း ငါကလည်း ညဘက် ညဉ့်နက်မှ သွားတာ ဆိုတော့ ….ရရာဝယ်ရမှာ….. )

ဟု စသဖြင့်ရောက်တတ်ရာရာများ လျှောက်တွေးနေမိသည်…..ဒီလိုနှင့် အချိန်သည် ကုန်မှန်းမသိကုန်သွားခဲ့ပေပြီ………


(၅)

July 23rd ,2000 (SAT)
10:12 (PM)

(သားကြီးရေ… အိမ်စာတွေလုပ်နေရင်း… မင်းညီကို ပါထိန်းထားလိုက်နော်… အမေ ဈေးတစ်ချက်လောက် ဆင်းဝယ်လိုက်ဦးမယ်…… )

(ဟုတ် အမေ)

ကိုးနာရီလောက်ကမှကျူရှင်က ပြန်လာသော သားကြီး အောင်မိုးကို … မှာစရာရှိတာ မှာပြီး ဒေါ်မေကြည်အောင်တစ်ယောက် ဈေးခြင်းတောင်း ခပ်ကြီးကြီးကို ဆွဲကာ ညဈေးသို့ဆင်းလာခဲ့တော့ သည်…..
ဈေးဝယ်စရာများကို ခေါင်းထဲမှ အစီ အရီ ပြန်တွေးနေမိသည်……

(အင်း.. ပထမဆုံး ဟင်းရွက်ကလေး ဘာလေးကြည့်ရမယ်…. သားငါးတော့ ခဏနေမှ သွားမယ်.. ဒါမှ ဈေးခေါင်းကွဲသထက်ပိုကွဲပြီး သက်သက်သာသာ ဖြစ်မှာ…..)

ဟုတွေးနေရင်း … ဈေးကို စတင်…..ပတ်တော့ သည်….. ကန်စွန်းရွက် နှစ်စီး….. ပုဇွန်ခြောက်… ခ၀ဲသီး သုံးလုံး… ရုံးပတေသီးလေးများ .. ပဲစောင်းခါးသီးကလေးများ….. ဒညင်းသီးပြုတ်….. ဆူးပုတ်ရွက်… သက်ရက်သီးပိုးတီချဉ်….. ပဲတီချဉ်…. ချဉ်ဖတ်ကလေးများ .. စသဖြင့် တို့ စရာနှင့် အသီး အရွက်များ ပတ်ဝယ်နေရင်းနှင့်ပင်…. နာရီဝက်လောက်ကြာသွားသည်…..
နာရီကို ကြည့်မိတော့ မှ

(ဗုဒ္ဓေါ…. ဆယ့်တစ်နာရီတောင်ထိုးတော့ မှာပါလား …. သားငါးတန်းဘက်မြန်မြန်သွားမှ တော်ကြာမှ ကုန်သွားဥိးမယ်…. )

ဟုတွေးပြီး….. သားငါးတန်းများရှိရာ….. မန္တလေးလမ်းဘက်သို့ သုတ်ခြေတင်ရတော့ သည်……မန္တလေးလမ်းမှာ …. နှစ်လမ်းရှိပြီး…. တစ်လမ်းက လူနေအိမ်ခြေများ ရှိကာ… နောက်တစ်လမ်းကတော့ လမ်းတစ်ဝက်အထိပဲလူနေအိမ်ခြေရှိသည်….. ကျန်တစ်ဝက်ခန့်က ဘုန်းကြီးကျောင်းကြီးဖြစ်သည်….. ဒါက လမ်း၏တစ်ခြမ်းဖြစ်သည်.. တစ်ဘက်ခြမ်းကတော့ ဘာလူနေအိမ်ခြေမှ မရှိပဲ …ရေမြောင်း အကြီးကြီး တစ်ခုရှိနေသည်…. ထိုရေမြောင်းကြီး ဘေးတွင်.. အမှီပြုပြီး သားငါးဆိုင်တန်းများ က ဖွင့်ကြခြင်းဖြစ်သည်…..သူမရောက်သည့် အချိန်တွင်…. ထင်သည့် အတိုင်းပင် …. အသည်များ က ကျိုးတို့ ကျဲတဲဖြစ်နေပြီ… ၀ယ်နေကျ ငါးသည်ဆီသွားတော့ လည်း …ဘာငါးမှ ကောင်းကောင်းကန်းကန်းမကျန်တော့ ….. ဘေးမှ အသည်ဆီကို လှမ်းကြည့်တော့ ငါးခူများ တစ်ပိဿာခန့်ကျန်နေသေးသည်….

(ယူသွားပါ အမကြီးရယ်…. ဒါတွေ အားလုံး နှစ်ထောင်ပဲပေးသွားနော်…. )

(ဟဲ့ငါးက အရှင်တွေ ပါလား … အရှင်တွေ ပါရင် ငါ့သားအကြီးက အိမ်ရောက်ရင် အော်တော့ တာ… ပြီး အိမ်ဘေးရေမြောင်းထဲ အကုန်လွတ်ပစ်တာ )

(မပါဘူး အမ အသေချည်းပဲ… အဲဒါကြောင့် ယူခိုင်းနေတာပေါ့ အမရယ်….. ကျမလည်း ပြန်တော့ မှာ… )

(ကဲကဲ အဲဒါဆိုလည်း ထည့်လိုက်…. ချိန်ကြည့်ဦးဘယ်လောက်သားရှိလဲလို့ …. )

(ဟုတ်ကဲ့ အမကြီး…. တွေ့လား အမ တစ်ပိဿာတောင်ပြည့်ပြီး ကျော်ချင်သေးတယ်.. )

(အပိုတွေ….. နင့်အလေးနဲ့ ချိန်တာများ …. ဟို မလှဋ္ဌေးဆီက အလေးနဲ့ ယူချိန်ပစ်လိုက်မှ ဟုတ်ပေ့ဖြစ်နေမယ်… တော်တော့ ..ထည့်လိုက်တော့ …ရော့ နှစ်ထောင်..)

ငါးသည်မလည်း ပျော်ရွှင်စွာ ပဲ ငါးခူမည်းမည်း များ အား ဗန်းအပြတ် ကျွတ်ကျွတ်အိတ်ထဲသွန်ထည့်ပေးတော့သည်…..ငါးတွေကတော့ အသေချည်းဖြစ်သည်… မသေစရာလည်း မရှိ ခေါင်းများ ကို အလေးတုံးနှင့် မည်မျှထုထားသည်မသိ… အချို့ ငါးများ ဆိုလျှင်… ခေါင်းပင်ခပ်ပြားပြားဖြစ်နေပြီ….
ငါးထုတ်ကို ဈေးခြင်းထဲကောက်ထည့်လိုက်ပြီး ၀က်သားဆိုင်ဘက် လှမ်းလိုက်တော့ ….

(လိုင်းသားကုန်ပြီ အမရဲ့ …အဆီအသားလေး တွဲလျက်တော့ ရှိတယ်…. သုံးထပ်သားလည်းကျန်သေးတယ်အမ.. )

(ငါက တစ်ပိဿာလောက်လိုချင်တာ .. မနက်ဖြန် ဧည့် သည်လာမှာမို့ လို့ …. ကဲ နေပါတော့ ဟယ် အဆီအသားတော့ မစားတော့ပါဘူး)

(ယူသွားလေ အမရဲ့ သုံးထပ်သားလေကို ကြံမဆိုင်လေးနဲ့ နှပ်ပေါ့ ….)

(တော်ပါပြီဟယ်.. အိမ်က ကလေးနှစ်ကောင်က ဒီလောက်ဝတုတ်နေတာ .. နင့်သုံးထပ်သားသာ ကျွေးလိုက်ရင်.. ပိုဆိုးကုန်လိမ့်မယ်… နေနေ.. ငါကြက်သားပဲဝယ်သွားတော့ မယ်…)

ဟုဆိုကာ ရုတ်တရက်လှည့် အထွက် .. ဈေးခြင်းက နင့်ကနည်းဖြစ်နေသည်ကို သတိထားမိသည်… အင်းလေ.. အထဲမှာ ပစ္စည်းများနေလို့ နေမှာ….. ဟုပဲတွေးလိုက်မိသည်…
သို့ နှင့်ကြက်သားဆိုင်ရောက်တော့ … ကြက်သားေ၇ာင်းသည့် ကုလားလေးက

(အမ… အကုန်သာယူသွားတော့ အမရေ.. ချိန်လိုက်တော့ မယ်နော်…. )

(အကုန်တော့ မလုပ်နဲ့ လေ … အသားချည်းပဲချိန် .. .ဟို ခေါင်းတွေ ခြေထောက်တွေ မချိန်နဲ့)

(ခေါင်းတွေလည်ချောင်းတွေက မရှိတော့ ဘူးအမရဲ့ … ဒီရင်ပုံလေး နှစ်ခုပဲကျန်တာ…. ဟို အသဲအမြစ်လေး သုံးလေးတွဲပါ ယူသွားလိုက်ပါအမရယ်… )

(အေးပါဟယ် .. အကုန်သာ ထည့်ပါတော့ .. ချိန်လိုက်.. ဘယ်လောက်လဲ)
ဝယ်နေကျဆိုင်များ မို့ ရေထိုးတာတွေ ဘာတွေ စိတ်ပူစရာမရှိ…. ရောင်းသည့် အသည်များ မှလည်း… ဒေါ်မေကြည်အောင့်လို .. လက်ကြီးသော ဖောက်သည်မျိုးကို တစ်သက်လုံး အလွတ်မခံ … မျက်နှာလည်း အပျက်မခံ……ကောင်းကောင်းကန်းကန်းများ သာ ထည့်ပေးတတ်သည်…
ကြက်သား ကို တောင်းထဲထည့် ပြီး လှည့် အထွက်တွင်လည်း ခြင်းတောင်းက အတော်နင့်နေသည်….. ပြန်တွေးကြည့်နေသေးသည် ထည့်ထားသည့် အလေးချိန်နှင့်….. ဒီလောက်လေးစရာမရှိ…..
သို့ နှင့်တောင်းထဲဟိုဟို ဒီဒီ ရှာကြည့်လိုက်သေးသည်… အင်းလေ.. ငါဝယ်ထားတာ ဒါပါပဲ… ဘာလို့ ဒီလောက်လေးနေတာလဲ…. ဟုတွေးမိပြန်သည်….
သို့ နှင့် ခြင်းတောင်း လေးလေးကြီးကို တစ်ယောက်တည်း ဆွဲကာ အိမ်သို့ ပြန်လာခဲ့သည်….

တိုက်လှေကားဝရောက်သည့်အချိန်တွင်တော့ ဘယ်လိုမှ မဟန်နိုင်ပဲ ဈေးခြင်းတောင်းကြီးကို ချကာ ခဏအမောဖြေရတော့သည်….

(အင်း ဒီတောင်းကြီးဆွဲပြီး… လေးလွှာအထိတက်ရဦးမှာ … မဖြစ်သေးပါဘူး…. အကြီးကောင်လှမ်းခေါ်မှပါပဲ)

သို့ နှင့်…အိမ်အောက်မှ ခေါင်းလောင်းကြီုကို ဆွဲကာသားအကြီး ဖြစ်သူအားလှမ်းခေါ်လိုက်သည်….

(သားကြီးရေ.. ခြင်းတောင်းအရမ်းလေးနေလို့ … လာသယ်ပေးပါဥိးသားရယ်… )

သားအကြီး ဖြစ်သူ အောင်မိုးဆင်းလာပြီ…

(အမေကလည်း လေ… သားကို အစကတည်းက ခေါ်သွားတာ မဟုတ်ဘူး ဘာတွေ ဘယ်လောက်များ ၀ယ်လာလို့လဲ)

(မ၀ယ်ပါဘူးသားရယ်….အသားငါးက တစ်ပိဿာခွဲလောက်ပဲပါတာ .. ဘာလို့ အဲလောက်လေးနေမှန်းမသိပါဘူး.. အမေပဲ အသက်ကြီးလာလို့ မဆွဲနိုင်တော့ တာလားမ သိဘူး.. တအားမောတာပဲ )

သို့ နှင့် အောင်မိုး ကဈေးခြင်းတောင်ကို ကောက်မလိုက်သည်..

(မလေးပါဘူးအမေရဲ့ ပေါ့ပေါ့လေးပါ… ဒီမှာ သားတောင် တစ်ဘက်တည်းမနေတာ… အင်း ငါ့အမေတော့ အသက်ကြီးပြီ ထင်တယ်… )

ဟုဆိုကာ ရယ်ရယ်မောမောနှင့် … လှေကားတက်သွားသည်.. သူမလည်း အောင်မိုးနောက်မှ လိုက်တက်လာလိုက်သည်….. သုံးလွှာသို့ အရောက် လှေကားအောက်မှ လူနှစ်ယောက်သုံးယောက်ပြေးတက်လာသည့်ခြေသံများကြားလိုက်ရသည်….. ဒေါ်မေကြည်အောင်လည်း … သူမတို့ အပေါ်ထပ်ငါးလွှာမှ ကုလားမိသားစုမှ ကလေးများ တက်လာသည်ဟုထင်လိုက်သည်….. ပုပုကွကွ အရိပ်မဲမဲကိုလည်း လှမ်းမြင်လိုက်ရသည်မဟုတ်လား… ဒီကလေးတွေက အတော်ဆိုးသည်…. တံခါးခေါက်ပြီးထွက်ပြေးသည်…. ဘဲလ်တီးပြီးထွက်ပြေးသည်…. သူမကိုယ်တိုင် စောင့်ဖမ်းခဲ့ရသည်မဟုတ်လား… အခုလည်း ၀ရုန်းသုန်းကားပြေးတက်လာကြပြန်သည်…. ရှေ့မှတက်နေသော သားကြီး အောင်မိုးနှင့်တိုက်မိမည်စိုးရွေ့

(သားရေ… အနောက်မှာလူတက်လာတယ် နဲနဲလမ်းဖယ်ပေးလိုက်ဦး…. ပြေးလွှားတက်လာတာ တော်ကြာတိုက်မိကုန်ဦးမယ်)

သားကြီးကလည်း ဘေးကပ်ပေးပါသည်….ပြေးလွှားတက်လာသဖြင့် ဘာမှမကြာသည့်အချိန်တွင်… တက်လာသူများ သူမ အနားအထိရောက်လာကြသည်…. သူမကိုကျော်တက်သွားပြီး…. ဘေးကပ်ပေးထားသော အောင်မိုးနားရောက်မှ ရပ်လိုက်ကြသည်…

ရုတ်တရက်သူမ… ဘာစကားမှမပြေနိုင်ပါ….

တက်လာသူများ မှာ…. လူမပါလာ ခြေသံချည်းသက်သက်ဖြစ်နေသည်….

သူမဘယ်သူ့ကိုမှမမြင်ရ… ဘာအကောင်အထည်မှ မရှိ…… ခြေသံမှ.. ခြေသံချည်းသက်သက်ဖြစ်သည်…သူမရှေ့မှတင်.. ခြေသံတွေ တ ဖတ်ဖတ် နှင့်ဖြတ်သွားသည်ကို သူမသိလိုက်သည်…မဲကနဲ အရိပ်နှစ်ခုသုံးခုခန့်ဖြတ်သွားသည်ကိုလည်း သူမတွေ့လိုက်သည်……. အောင်မိုးနားရောက်မှ ခြေသံများ ရပ်သွားသည်ကလည်း သိသိသာသာ ပင်ဖြစ်သည်…..ခုခြေသံကပျောက်သွားပြီး…..အကောင်အထည်လည်း ဘာမှမတွေ့ရရွေ့သူမလန့် ဖျတ်နေပြီ…. ခြေသံတွေက ဘာလို့ ဒီနားကျမှပျောက်သွားတာလဲ…..နှဖူးမှချွေးများ သီးလာသည်……

(သား… အောင်အောင်.. စောစောက ခြေသံတွေကြားတယ်မဟုတ်လား)

(ဟုတ်ကြားတယ်အမေ….ဘယ်သူမှ မတွေ့ဘူး.. ဒီနားတင်ရပ်သွားတာ.. )

စောစောက အမောခံကရှိနေသဖြင့်… စကားပင်ဆက်မပြောနိုင်…. ဒေါ်မေကြည်အောင်သူမ သားအနားသို့ တက်လာလိုက်ပြီး…..

(သား တစ်ခုခုတော့ တစ်ခုခုပဲ)

(မဖြစ်နိုင်ပါဘူး အမေရယ်…. သားတို့ အပြင်က အသံကို ကြားတာနေမှာပါ)

(မဟုတ်ဘူးသား အမေ့ရှေ့ ကနေ မဲကနဲဖြတ်သွားတာကို တွေ့တာ……)

(သြော်…. အမေရယ်… လှေကားပြတင်းမှန်က အရိပ်ထိုးတာနေမှာပါ…..
ကားမီးထိုးတာ ဖြစ်မှာပေါ့… သားတော့ ဘာမှမတွေ့ပါဘူး)

ဖြစ်နိုင်ပါသည်… အောင်မိုးက ရှေ့မှကျောပေးရွေ့ တက်နေသူမဟုတ်လား…. လှေကား မှ တိုက်မျက်နှာစာဘက်မျက်နှာမူသော အခြမ်းကို မှန်အနောက်များနှင့်ကပ်ထားရွေ့ ကားမီးထိုးလျှင် အရိပ်ထင်တတ်သည်ကတော့ ဟုတ်သည်…. သူမပဲ အမြင်မှားတာလား….. ထိုအချိန်တွင် အောင်မိုးက ခြင်းတောင်းကို ဆတ်ကနဲမလိုက်သည်…..

(အမေ ဟုတ်တယ် ခြင်းတောင်က လေးလိုက်တာ…. စဆွဲကာစက မသိသာဘူး . ကြာကြာမ မှပဲသိသာတယ်.. ဟူး …)

ဟုဆိုကာ လက်နှစ်ဘက်ဖြင့် လက်ကိုင်မှ မလိုက်ပြီး ကျန်နေသေးသည်.. လှေကားသုံးလေးထစ်ကို တက်ကာ… အိမ်ခန်းတံခါးဝတွင်ခြင်းတောင်းချရွေ့ တံခါး ကလန့်ကို ဖွင့်နေသည်..….. သူမကသာ .. စောစောက မြင်လိုက်ရသော အဖြစ်အပျက်ကို… စဉ်းစားရွေ့မရဖြစ်ကျန်ခဲ့သည်…..

(အမေ.. ဘာလုပ်နေတာလဲ လာလေ)

သူမသားမှ သတိပေးမှ…. သတိဝင်လာပြီး နောက်မှလိုက်တက်လာမိသည်… သူမ မောနေပြီ… လန့်တာက တစ်မျိုး မောတာက တစ်မျိုးမို့ သူမ ဘာကို မှ မဖြေရှင်းချင်တော့ .. အိမ်ခန်းတွင်းသို့ အောင်မိုးကို ကျော်ရွေ့ ပဲဝင်လိုက်တော့သည်…. အောင်မိုးလည်း ခြင်းတောင်ကို မကာနောက်မှလိုက်ဝင်လာသည်….. ထူးဆန်းသည်က ခြင်းတောင်းက စောစောကလို လေးမနေ… သူ့ဟာသူအလိုက်သင့်ပါလာသည်…..ဒါနှင့်ပဲ တံခါးကိုပိတ်လိုက်ပြီး … သော့ပါအပြီးအစီးခတ်ကာ… ဈေးခြင်းကို အိမ်နောက်ဖေးအထိသည်လာလိုက်သည်….

(၆)

July 23rd ,2000 (SAT)
11:40 (PM)

သူမတို့ အိမ်ပြန်ရောက်သည့် အချိန်က သားအငယ်ကောင်က အိပ်မောကျနေပြီ.. အင်းပေါ့လေ ၁၁နာရီပဲကျော်နေပြိကိုး…..
ခဏတာ အမောဖြေပြီးသော အခါ….. ခြင်းတောင်းထဲမှ ဟင်းသီးဟင်းရွက်နှင့် အသားငါးများ ထုတ်ကာ….ရေခဲသေတ္တာထဲ ထည့်လိုက်သည်….. မနက်မှပဲ … ဆေးကျောချက်ပြုတ်တော့မည်…. အခုတော့ အတော်မောနေပြီ…….
နောက်ဖေးမီးဖိုချောင်ကိစ္စများ ပြီးပြတ်သွားမှ သူမ ရေချိုးရန်ပြင်ဆင်ရတော့သည်….. အခန်းတွင်းသို့ -၀င်ကာ….မျက်နှာသုတ်ပ၀ါအသေးအကြီး တို့ကို ယူလိုက်သည်… ရေချိုးခန်းတံခါးဝတွင်ချိတ်လိုက်သည်… ထို့နောက်…..အပေါ်အင်းကျီကိုချွတ်လိုက်ပြီး တန်းမှာလွှားတင်လိုက်သည်…. အတွင်းခံအင်္ကျီအား ချွတ်ရန်လုပ်နေစဉ်…

(ဒေါက်… ဒေါက် ဒေါက်ဒေါက် ဒေါက်ဒေါက်)
တံခါးခေါက်ခြင်းဖြစ်သည်… အိမ်ရှေ့ မှတံခါးကို ခေါက်ခြင်းဖြစ်သည်….

(ဒီအချိန်ကြီးဘယ်သူတံခါးခေါက်သလဲမသိဘူး….. သားရေ အောင်မိုး တံခါးကို အရမ်းမဖွင့်နဲ့နော်… ချောင်းကြည့်ပေါက်က ကြည့်လိုက်ဦး ..လှေကားမီးကို အရင်ဖွင့်လိုက်.. )

(ဟုတ်အမေ… သံတံခါးတော့ ပိတ်ထားပါတယ်… )

(သံတံခါးပိတ်ထားထား ဘာထားထား …. ဘယ်သူဆိုတာ အရင်ကြည့်လိုက်… )

(ဟုတ်အမေ.. ဟုတ်)

ထို့နောက်သူမ အပေါ်အင်းကျီပြန်ဝတ်ရပြန်သည်… ဧည့်သည်ဆို သူမထွက်တွေ့ရဥိးမည် မဟုတ်လား….. သိပ်မကြာ တံခါးဖွင့်သံကို ကြားနေရသည်…..

(သားကြီးဘယ်သူလဲ…. )

(ဘယ်သူမှ မရှိဘူး အမေ… ဟိုကုလားလေးတွေ လက်ကမြင်းပြန်ပြီထင်တယ်… တောက်)

တံခါးဖွင့်နေရင်း အောင်မိုးက ပြန်အော်သည်….
အောင်မိုး တံခါးဖွင့်လိုက်သည့် အချိန်တွင် လှေကားသည် … ဘယ်သူမှမရှိ ဟာလာဟင်းလင်းဖြစ်နေသည်….. ည ၁၂ နာရီထိုးခါနီးမို့ … အတက်အဆင်းလည်း မရှိ….. အပေါ်ငါးလွှာကို လှမ်းကြည့်တော့ … လှေကားမီးမထွန်းထားရွေ့ မှောင်မဲနေသည်….. သံတံခါးကို ထပ်ဖွင့်လိုက်သည်…… အောက်ဘက်သုံးလွှာကို ထွက်ကြည့်သည်…. ဒိလိုပဲ တံခါးခေါက် နောက်ပြောင်ပြီး အောက်ဆင်းကာ ပုန်းနေတတ်သည်မဟုတ်လား…
အောက်ထပ်တွင်လည်း ဘယ်သူမှ မရှိ….. ရှိချင်လည်း ရှိမည် မှောင်မဲနေတာ ဖြစ်သည်…
အောင်မိုးဒေါသထွက်လာသည်….. ဒါမျိုးနောက်ပြောင်နေတာ ဒီတစ်ခါတည်းမဟုတ်…. မကြာခဏ ဖြစ်သည်…

(ဟေ့… ဘယ်ကောင်လဲကွ.. လက်ကမြင်းပြီး တံခါးခေါက်တာ…. လူလိုနားမလည်ဘူးလား……. ထွက်ခဲ့လေကွာ… မိုက်တဲ့ကောင်လာခဲ့….. ငါ့ဘာအောက်မေ့နေလဲ….. လာခဲ့ …. စောစောက တံခါးခေါက်သွားတဲ့ ကောင် ခုလာခဲ့လေ… ထွက်လာခဲ့)

ဟု အော်ဟစ်ကြိမ်းနေတော့ သည်…… လူကလည်း လူပျိုပေါက်မို့ … ဒေါသကလည်း နဂိုကြီးပြီးသားအောင်မိုးက … ဒါမျိုး ဆိုလျှင် အော်ဟစ်ဆဲဆိုနေကျ….. ဒေါ်မေကြည်အောင်က နောက်မှသွားတားရသည်……ဒီကလေးကို ကလေးလို ဆက်ဆံလို့ မရ…လူပျိုပေါက်ကလေးမဟုတ်လား လူကြီးအရာလည်း ၀င်ချင်နေသည်….. ပြီးတော့ သူက အိမ်မှာ သူ့အဖေ ခရီးထွက်သွားလျှင် အသက်အကြီဆုံး ယောက်ကျားသား…. ဒီတော့ လူကြီးလေးလိုပဲ ဆက်ဆံပေးရသည်…

(သား.. တော်ပြီ အော်မနေနဲ့ တော့.. လာ… ဒီလောက်ဆိုမှတ်လောက်ပါပြီ သားရယ်.. လာလာ)

ဟု ချော့မော့ကာ အိမ်ထဲခေါ်သွင်းလိုက်ရသည်…. ဒါတောင်အောင်မိုး ဒေါသက အကင်းမသေသေး

(ဒါမျိုးတော့ လာမလုပ်နဲ့ .. ဟေ့ယောင် မိုက်ရင် လာခဲ့လိုက်ရှင်းလား အချိန်မရွေးပဲ... ဟွန်း တံခါးတော့ခေါက်ပြီး သတ္တိကျမရှိဘူး.. )

ဟု ဆိုကာ အထဲဝင်လာသည်……

အော်ဟစ်ဆူညံနေသဖြင့် အငယ်ကောင်လေးလည်း နိုးလာသည်……
သူမနားတွင်လာကပ်နေသည်…. သူမလည်း တံခါးကို ပြန်ပိတ်လိုက်သည်….

(ကဲသားငယ်လေးလည်း သွားအိပ်တော့ နော်.. လိမ္မာတယ်.. ဘာမှမဖြစ်ဘူးနော်…. သွားသွားအိပ်တော့ )

ဟုအငယ်ကောင်ကို ချော့မော့ကာ တွန်းလွှတ်ရသည်….. တံခါးသောများ သေသေချာချာ ခတ်လိုက်သည်…. သံတံခါးရော သစ်သားတံခါးပါ အသေအချာပိတ်ပြီးမှ သူမ နောက်ပြန်အလှည့်တွင်….

မျက်နှာသေကြီးတစ်ခု….. တွေတွေကြီးငေးနေသော မျက်နှာကြီးတစ်ခု

အောင်မိုးမျက်နှာကြီးဖြစ်သည်…..

အောင်မိုးက အိမ်တံခါးသို့ တွေတွေကြီးငေးနေသည်…. လှုပ်လည်း မလှုပ်….မျက်နှာက သေသေကြီးဖြင့်ကြည့်နေခြင်းဖြစ်သည်…… ရုတ်တရက်မို့ သူမ အတော်လန့်သွားသည်…

(သား.. အောင်မိုး)

ပြန်မဖြေပါ….. အိမ်တံခါးသို့ သာ မျက်နှာသေကြီးနှင့် တွေတွေ ကြီး ငေးနေသည်……

(ဟဲ့ အောင်မိုး… သားသား.. )

သူမက အောင်မိုး၏လက်မောင်းကို ကိုင်ရွေ့ လှုပ်လိုက်သည်….
အောင်မိုး သူမကို ဖြေးဖြေးချင်းလှည့်ကြည့်သည်…… မျက်နှာအမူအရာသည်….. ပိုခက်ထန်လာသလိုထင်ရသည်….

(သား… ဘာဖြစ်နေတာလဲပြောစမ်း) ဟု အတင်းလှုပ်မေးလိုက်သည်…

အောင်မိုးမျက်နှာအမူအရာက ချက်ခြင်းပြောင်းသွားပြီ….. ခက်ထန်နေသော မျက်နှာချက်ချင်းပျောက်သွားပြီး…မျက်လုံးများ ကလည်း အသက်ပြန်ဝင်လာသည်….

(အင်.. ဘာလို့လဲအမေရဲ့ ….. တံခါးပိတ်ပြီးပြီလား… )

(အေးပိတ်ပြီးပြီ… သားဘာလို့ စောစော က အမေ့ကို ကြည့်နေတာလဲ )

(အာ အမေက လည်း မကြည့်ပါဘူး… သားဟာ သား အိမ်ထဲဝင်မလို့ ကို
… ဒေါသထွက်ပြီး မေ့ကနဲဖြစ်သွားတာ နေမှာပေါ့…. သားဒေါသကြီးတာ အမေလည်း သိလျက်သားနဲ့ )

(မဟုတ်ဘူးသား….ဒေါသထွက်ပြီး မေ့ကနဲဖြစ်တယ်ရယ်လို့ ရှိလို့ လားသားရယ်.. လာလာ…. ဘုရားစင်ရှေ့လာ )သူမ ဘုရားစင်ဘက် အပြေးသွားရင်း ..အောင်မိုးကို ခေါ်လိုက်သည်….

(အာ.. အမေကလည်းဗျာ… ဘာမှ မဖြစ်ပါဘူးဆို)ဟုဆိုကာ အိမ်အတွင်းသို့ လှည့်ဝင်သွားလေသည်..

သူမလည်း ဘုရားစင်ရှေ့ ကိုသွားနေသဖြင့်..အိမ်ခန်း…အတွင်းဝင်သွားသော အောင်မိုးကိုတော့လှည့် မကြည့်မိလိုက်ချေ။…….

အိမ်…………………….. အတွင်းသို့ ၀င်သွားသော အောင်မိုး နောက်ကျောကို သာ သူမကြည့်မိခဲ့မည်ဆိုလျှင်……………………………………………..

သူမတို့ ၏ တံခါးခေါက်သော …ဧည့်သည်သည် .. အိမ်တွင်းသို ရောက်နေလေပြီလား…………….

ဆက်ရန်....

No comments:

Post a Comment