-------------------------------------------------------------------
(ဟဲ့ မိချို နင့်မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လာတာလဲ ..)
ကန်ဘောင်
ရှိမင်းလမ်းမုန့်တီတွင်
သူငယ်ချင်းများ
ဆုံဖို့ ချိန်း ထားကြခြင်းဖြစ်သည်….. ကျွန်တော်နှင့် အခြား သူငယ်ချင်းသုံးယောက် က စောရောက်နေပြီး ….. နောက်ကျနေသော … မိချိုကို စောင့်နေကြခြင်းသာဖြစ်သည်…… အချိန်အတော်လေးနောက်ကျမှ… မိချို ရောက်လာသည်…… ရောက်လာတော့လည်း မျက်နှာက မကောင်း….. အတော်လေးညှိုးငယ်နေရှာသည်….. ထိုကြောင့်ပင် မြတ်မွန်က မေးလိုက်ခြင်းဖြစ်သည်….
(နေပါဦးဟာ … ခဏအမောဖြေပါရစေဦး….. ငါပြောမှာပါ… ဘယ်ကနေစပြောရမှန်းမသိဘူး .. ဖြစ်နေတာ ..)
(အေးအေး .. ကဲ ရော့ ရေသောက်ပြီး မှပြော ဟုတ်ပြီလား ..)
မိချိုတစ်ယောက် ရေကို
၀၀သောက်လိုက်ပြီးမှ….
(ပြောရမှာလည်းရှက်ပါတယ်ဟာ …. ငါ့မှာလည်း နင်တို့ သူငယ်ချင်းတွေပဲရှိတာဆိုတော့ … ပြောမှပဲဖြစ်မှာပဲ .. အဓိက ကတော့ … အော်ကြီးကို ပြောချင်တာ …. အော်ကြီး ငါအခု ဖြစ်နေတဲ့ ပြဿနာကို နင်နည်းနည်း အကြံပေးဦးဟာ…)
ကျွန်တော်ကပင်မျက်ခုံးပင့်သွားရသည်…
(ဖြစ်ရလေချင်းဟာ…. ကဲကဲ …. ပြော….. သမီးရည်းစားပြဿနာဆိုရင်တော့ ငါမပါဘူးနော်… နင်ငါ့အကြောင်းသိတယ်…)
(အာ အခုပြောမှာက အဲဒီကိစ္စပဲဟ….. ဒီလိုဟ …. ငါရှက်ရှက်နဲ့ပဲဝန်ခံပါတယ်ဟာ … ငါ…. ပြီးခဲ့တဲ့လေးလလောက်က … ငါတို့ရုံးမှာ အိန္ဒိယက သုံးယောက်လာပြီး Audit ၀င်သွားတာ နင်တို့ မှတ်မိတယ်မဟုတ်လား … )
မြတ်မွန်က
(အေး မှတ်မိတယ်လေ.. )
(အေးဟာ .. အဲဒီထဲက တစ်ယောက်နဲ့ …. ငါနဲ့ …. သူတို့ ပြန်သွားပြီးတော့ …. သိပ်မကြာဘူး အွန်လိုင်းပေါ်မှာစကားပြောဖြစ်တယ်….. သူက ငါ့ကိုကျူတယ်ဟာ … ငါလည်း ဘာရယ်မဟုတ်ဘူး ပြန်ကျူမိတယ်….. အဲဒီထဲမှာ Hug and kiss တို့ …. အသဲပုံတို့ ..Kiss on lips တို့ … love u တို့ … စသဖြင့်.. ငါတို့ ပြောမိကြတယ်…… အဲဒါကို ပြီးခဲ့တဲ့ … လေးရက်လောက်က …. ငါ့ရည်းစား သူရက …. ငါ့ အကောင့်ကို … ဖွင့်စစ်ချင်တယ်… ဆိုပြီး ငါ့ Password ကိုတောင်းတာ နဲ့ ငါလည်းပေးလိုက်တယ်…. ငါလည်း အဲဒီတစ်ယောက်နဲ့ ချက်ထားတဲ့ Chat log တွေကို ဖြတ်တာပဲဟာ .. ဒါပေမယ့် Trash ကို Empty မလုပ်မိတော့ …. အဲဒီထဲမှာ … အတော်ဆိုးဆိုးရွားရွား ပြောထားတာတွေကို …. သူတွေ့သွားပြီး ငါ့ကို ပြဿနာရှာတော့တာပဲဟာ ….. ငါလည်းအတော်စိတ်ညစ်တယ်…. တကယ်ဆိုငါက ဘာစိတ်မှရှိတာ မဟုတ်ဘူး .. အလကား လက်အားနေလို့ လျှောက်ပြောမိတာပါဟာ …. ငါတကယ်ချစ်တာ သူရပါဟာ … စိတ်က လုံးဝမပါပါဘူး ….. နောက်တစ်ခုက အလုပ်မှာ ပင်ပန်းတာရော… ပြီးတော့ ငါ့ရည်းစားနဲ့ကလည်း တစ်ခါတစ်လေ.. ရန်ဖြစ်နေတတ်တော့ စိတ်ထွက်ပေါက် ရှာတဲ့သဘောပါဟာ…သူက အတင်းလိုက်ပြောနေတာနဲ့ ငါလည်းပြန်ပြောမိတာ ပါပဲ ….. ဒီလောက်လည်း အကြီးကြီးဖြစ်လိမ့်မယ်မထင်ဘူးလေ….. အဆိုးဆုံးကတော့ …. သူ့အကြောင်းကို အဲဒီလူနဲ့ရင်ဖွင့်ပြီး ပြောထားတာတွေကိုမြင်သွားတာပဲ ….. အခု ငါ့ရုံးကိုလာ ပြီး အရှက်ခွဲမယ်.. ဘာမယ်ချည်းလုပ်နေတယ်ဟာ ….. ငါလည်း ဘာလုပ်ရမှန်းမသိဘူး … တကယ်ဆိုငါ လူပါသွားတာမှမဟုတ်ပဲ … ဘာဖြစ်မှာမို့လို့ လဲ….. ငါပြစ်မှုကြီးတစ်ခုကျူးလွန်မတာမှမဟုတ်ပဲဟာနော်…)
မြတ်မွန်က
(နင်ကိုက တုံးတာ …. နင်က ဘာကိစ္စ Password သွားပေးလိုက်တာလဲ ….. ဒါကိုယ့် Privacy ပဲဟ …. သူဘာမှ စွက်ဖက်စရာမလိုဘူးလေ….. မပေးနဲပေါ့ ….နောက်ပြီး အွန်လိုင်းမှာကျူတယ်ဆိုတာ … ဒီဘက်ခေတ်မှာ လူတိုင်းနီးပါးလုပ်နေကြတာပဲဟာ ….. ဘာမှအရေးကြီးတာမှ မဟုတ်ပဲ ….. ထားလိုက်ဟာ ဂရုစိုက်မနေနဲ့ ….. ပြီးတော့ နင့်ဘဲကလည်း ဒီရက်ပိုင်းအတွင်း … သဘောင်္ပြန်ထွက်တော့မှာပဲကို…. ထားလိုက်စမ်းပါဟာ ….)
မြတ်မွန်စကားကြားတော့ ကျွန်တော်အတော်လေး .. ရင်လေးရပါသည်….. သူ့ခေါင်းထဲမှာဘယ့်နှယ်သော .. အတွေးအခေါ်တွေဝင်နေပါလိမ့်……. ကျွန်တော်က သူငယ်ချင်းများနှင့်ပတ်သက်လျှင်… ပြဿနာအတော်များများ အတွက်…. တတ်သလောက်မှတ်သလောက် … အကြံပေးတတ်သော်လည်း …. သမီးရည်းစားကြား …. ဖြစ်သည့် ပြဿနာများအတွက်တော့ … ၀င်ပါလေ့မရှိ….. အဓိကကတော့ ကြားသုံးကြားမ၀င်ချင်၍ ဖြစ်သည်… အခု ကြားသုံးကြားမ၀င်ချင်သော်လည်း မ၀င်၍ မရတော့ …. ဒီကိစ္စကတော့ ပြောမှဖြစ်လိမ့်မည်ဟု ထင်မိသည်……
(မဟုတ်သေးဘူး မြတ်မွန်….. ငါလည်းဝင်မပြောဘူး နေတာ .. အခုတော့ .. မရတော့ဘူး .. ပြောမှပဲဖြစ်တော့မှာပဲ ….. ကဲ မိချို … ငါနင့်ကိုပြောမယ်နော်…. ပြောမယ့် စကားက ရိုင်းကောင်းရိုင်းနေမယ်.. ဒါပေမယ့် …. သူငယ်ချင်းချင်း …. စေတနာနဲ့ ပြောတယ်ဆိုတာ နင်နားလည်ဖို့ လိုမယ်….. ငါနင်တို့ နဲ့ ပေါင်းတဲ့ တစ်လျှောက်မှာ …. တတ်နိုင်သမျှ အမုန်းခံပြီး ပြုပြင်ပေးဖို့ ပဲငါ စဉ်းစားတယ်…. ပြီးပြီးရော မပြောတတ်ဘူး နော်….. ဒီလိုပြောလို့ ငါ့ကို သူငယ်ချင်းမတော်ချင်လည်းရတယ်လို့ ငါပြောခဲ့ဖူးပါတယ်….. အေး ငါက သူငယ်ချင်းဆို တကယ့် သူငယ်ချင်းကောင်းတစ်ယောက်ပဲဖြစ်ချင်တယ်….. မှန်ရာမှန်ကြောင်းပဲ ရှင်းချင်တယ်…. အလိုလိုက်အကြိုက်ဆောင်ပြီး သူငယ်ချင်းကို နှစ်မယ့် လူတော့ ဘယ်တော့မှလုပ်မှာမဟုတ်ဘူး … အခုလည်း ငါပြောတာတွေက လွန်တာတွေပါကောင်းပါလိမ့်မယ်….. ဒါကြောင့် အစကတည်းက ကြိုပြောထားတာပဲ … )
(အေးပါ အော်ကြီးရယ် ငါနားလည်ပါတယ်… ကဲပြောကြည့်ပါ…. ငါ နားထောင်ပါ့မယ်… )
မိချိုက
…. မျက်နှာငယ်လေးနှင့်ပြောရှာသည်…..
(အေး ….ကဲ အစကပဲစပြောကြတာပေါ့ ….. အခုလို အင်တာနက် ထွန်းကား လာတဲ့ ခေတ်ထဲမှာ …… အွန်လိုင်းပရောပရီ
လုပ်တဲံ ဇတ်လမ်းပေါင်းများစွာ တွေ့ကြရတယ်..…..
တစ်ချို့လည်း အပျိုလူပျို လူလွတ်များ ရည်းစားမရှိသူတွေမို့ …. ဒီလိုလုပ်တတ်ကြတယ်… ဒါကတော့ ပြဿနာ မဟုတ်ဘူးပေါ့လေ…… တစ်ချို့
ကျတော့လည်း ရည်းစားငုတ်တုတ်ရှိပါလျက်နဲ့ ဒီလို ဇာတ်လမ်းလေးတွေကို
လူမသိသူမသိခင်းတတ်ကြတယ်….နင့်လိုပေါ့ဟာ …. တစ်ချို့ များဆို
အိမ်ထောင်သည်တွေဖြစ်နေတာတောင်…..
ဒီလိုဇာတ်လမ်းမျိုးတွေ ရှိတတ်ကြတယ်……
အေး…. ပြဿနာကတော့ …. ဒီလို
အွန်လိုင်းမှာ ပရောပရီလုပ်တာကို..
…. လူချင်းတွေ့တာမဟုတ်လို့ ……ဖောက်ပြန်ရာမရောက်ဘူးလို့ … ထင်နေကြတဲ့ကိစ္စပဲ .. နင်စောစော က တွေးသလိုပေါ့ .... တကယ်လို့ ဖြစ်လာရင်… အများဆုံးပေးတဲ့ ဆင်ခြေတွေက အပျင်းပြေပါ….. စိတ်က
မပါပါဘူး … ဒီလိုပဲ
လက်အားနေလို့ ရိုက်နေမိတာ
…. ဒါဟာ စိတ်ထွက်ပေါက်ပါပဲ …. ……. စသဖြင့်ပေါ့လေ…… နင်ခုနကပေးတဲ့ ဆင်ခြေတွေမျိုးပေါ့….
ဒါလူတိုင်းနီးပါးပေးနေကျ
ဆင်ခြေပဲ …. . ဒါပေမယ့်
အဲဒီလူနဲ့ နင်အီစီကလီရိုက်နေတာဟာ
…. လေးလကျော်နေပြီမဟုတ်လား …. နေ့တိုင်း ပြောဖြစ်တယ်မဟုတ်လား
..)
(အေး ဟုတ်တယ်…. နေတိုင်းပဲ….ရုံးတက်တဲ့နေ့တိုင်းပေါ့ ….)
(ကဲ ဒီတော့ …. နင်က …ဒီလေးလလုံးမှာနေ့တိုင်းနီးပါး… လက်အားနေတဲ့သဘောပေါ့ …… စိတ်ထွက်ပေါက်ကို
လေးလလုံးမှာ တစ်ရက်မှ မပျက်မကွက်
…. ရှာနေတဲ့ သဘောပေါ့
…… အော် ရှာပဲရှာနိုင်လွန်းတဲ့ စိတ်ထွက်ပေါက်ပဲမိချိုရယ်…. ဒါဟာ စိတ်ထွက်ပေါက်မဟုတ်တော့ဘူး ဟ …. ဖောက်ပြန်တာဖြစ်သွားပြီ….
)
(ပထမတော့ …. စိတ်ညစ်ပြေဆိုပြောတာပဲဟ….
နောက်တော့လည်း …. နေ့တိုင်းလိုလိုကိုပြောဖြစ်သွားတာပဲ)
(အေး အဲဒါဟာ ပြဿနာပဲပေါ့ …… တကယ်တော့ …ဖောက်ပြန်ခြင်းဆိုတာ …. လူက ပါသွားမှ မဟုတ်ဘူး ဟ..…… ကိုယ့်စိတ်က ကိုယ့်ချစ်သူ မဟုတ်တဲ့ အခြား တစ်ယောက်ကို သာယာပြီး ….. အွန်လိုင်းပေါ်မှာ…. အနမ်းတွေပေး …. စကားတွေပြော ….. အချစ် သင်္ကေတလေးတွေ ပြပြီး အီစီကလီရိုက်နေတာဟာလည်း ဖောက်ပြန်နေတာပဲ ….. စိတ်ထွက်ပေါက်ဆိုလည်း ….. သုံးလေးလမှာမှ တစ်ခါပေါ့... တစ်ခါလည်း တစ်ရက်လောက်ပြောမိပြီးတာနဲ့ ရပ်တန့်လိုက်ပေါ့ …..အခုတော့ … နင့်ဟာက နေ့စဉ်ရက်ဆက်ဆိုတော့ … ထားပါလေ……..
ဒီတော့ အဲဒီလို အွန်လိုင်းမှာ အီစီကလီ ရိုက်ပြီး အွန်လိုင်းလူမှုရေးဖောက်ပြန်မှု ကျူးလွန်တာ ကို ….. အပြစ်ကြီးမဟုတ်ဘူးလို့ ထင်နေသေးတယ်ဆိုရင်… ငါနင့်ကိုပြောချင်တာကတော့ … ကိုယ်ချင်းစာကြည့်လိုက်ပေါ့ဟာ
… )
(ဟင်… ဘယ်လို…ငါကဘယ်လို ကိုယ်ချင်းစာကြည့်ရမှာလဲ )
(ဒီလိုလေ….. နင့်ရည်းစားသူရက
… တခြား မိန်းကလေး တစ်ယောက်ကို .…. နင့်လိုပဲ
နေ့စဉ်ရက်ဆက် .. အခြားတစ်ယောက်နဲ့
တိတ်တိတ် ပုန်း….. ဒီလို
ချစ်စကားကြိုက်စကားတွေ သာသာယာယာ ပြောနေခဲ့မယ်ဆို …နင်ကြည်ဖြူနိုင်မလား…. သေချာစဉ်းစားနော်…. နင်ရေးခဲ့ရိုက်ခဲ့ဖူး
…. အဲဒီလူနဲ့ ပျော်ခဲ့ဖူးသလို … နင့်ရည်းစားက ပျော်မယ်ဆိုရင်….
အစားထိုးစဉ်းစားကြည့်လိုက်စမ်း… နင့်ချစ်သူက…
တစ်ခြာတစ်ယောက်ကို အချစ်ရေ…
Darling….. Baby… ..
လုပ်နေတာကို နင်လက်ခံနိုင်မလား
….. အနမ်းတွေ ပေးနေကြတာ..
XO XO စတာတွေရေးနေတာ….. Hug and Kiss တို့ …. Kiss on
Lips တို့ …စတာတွေပြောနေမယ်… ဆိုတာကိုရောနင်လက်ခံနိုင်မလား …… နင့်အကြောင်းကိုတောင်တစ်ခါတစ်လေ… ပြဿနာ
တစ်ခုလိုလို ဟာသတစ်ခုလိုလို နင့် အဲဒီကုလားကိုပြောသလိုပဲ ….သူက တစ်ခြားမိန်းမတစ်ယောကို ပြောနေမယ်ဆိုရင်…ု
ရောကြည်ဖြူနိုင်မလား ဆိုတာပဲ
…. ဒါကို ကိုယ်ချင်းစာစိတ်လို့ ခေါ်တယ်…… ကဲငါမေးတာ ပဲ နင်အရင်ဖြေကြည့်ပါဦး …. )
မိချိုတစ်ယောက် မျက်နှာလေးငယ်နေရာကနေ….
ငိုမလို ပါ … မျက်နှာ မဲ့ကလေးဖြစ်လာသည်…
(အေးဟာ … ငါအဲဒီလိုမစဉ်းစားမိဘူး … ငါသာဆို …. ၀ုန်းဒိုင်းကျဲမိမှာပဲ ….. မကြည်ဖြူနိုင်ပါဘူး ဟာ …..ငါ မှားသွားတယ်ဟာ ..)
မြတ်မွန်က
ကြားက ၀င်ပြီး …
(တော်စမ်းပါဟာ …. အော်ကြီးနင်ကလည်း လူတတ်အင်မတန်လုပ်တယ်… ဘာမှ မဟုတ်တဲ့ ဟာကို နင် ပြောမှ ပြဿနာက အကြီးကြီးဖြစ်လာပြီ….. ဟိုမှာ မိချိုငိုတော့မယ်ဟ…. ကိုယ့်သူငယ်ချင်းကို စိတ်ညစ်အောင်မလုပ်နဲ့လေဟာ …)
(မဟုတ်သေးဘူး မြတ်မွန်…. ငါပြောပြီးပြီပဲ … ငါပြောတာတွေ အတွက် မိချို …. မကျေနပ်လို့ …. ငါ့ကို သူငယ်ချင်းမတော်ချင်လည်းရတယ်လို့ ….. ငါပြောထားသားပဲ ……. သူငယ်ချင်းကမှားနေရင်ပြင်ပေးရမှာ ကိုယ့်တာဝန်ပဲ …. အမုန်းခံသင့်ခံရမှာပဲ … )
(တကယ်တော့ ငါက သူ့ကို အချစ်ဆုံးသူငယ်ချင်းတွေပါလို့ ပဲပြောထားတာဟ….. တကယ်ဆိုငါတို့ သူငယ်ချင်းပဲလေ… )
မိချိုက၀င်ပြောခြင်းဖြစ်သည်…
(နင်လိမ်လို့ မရဘူး မိချို …. သူငယ်ချင်းတွေမှာ .. နင်တို့ နှစ်ယောက်ခုနက ချက်သလိုမချက်ဘူး … နင်နဲ့ငါလည်း အွန်လိုင်းပေါ်တွေ့နေကြတာပဲ အဲဒီလိုချက်သလား …. ပြီးတော့ …. ဒီဘက်က … မောင်မင်းတို့ …. အောင်မြတ်တို့နဲ့ကော နင်အဲဒီလိုချက်ဖူးသလား …. မချက်ပါဘူး ဟာ ….. နင့်လိုပဲ …တစ်ချို့
ကျပြန်တော့လည်း …. အခင်ဆုံးသူငယ်ချင်းတွေပါဆိုပြီး …… အီစီကလီရိုက်တာကို
ဖုန်းချင်ကြတယ်….. ဒါကလည်း
လွယ်ပါတယ်… ကိုယ့်
စိတ်က …. မဖောက်ပြန်လား …ဖောက်ပြန်လားဆိုတာ
ကိုယ်သာအသိဆုံးဖြစ်မှာပဲ…..
ဒါမျိုးကို…. အပြင်ပန်း
ခပ်အေးအေး နေတတ်သူယောင်ဆောင်သူတွေ…..
မခုတ်တတ်တဲ့ ကြောင်ကလေးလိုနေသူတွေ….
ကုပ်ကမြင်းချင်သူတွေ အများဆုံး လုပ်တတ်တယ်… ရှင်းရှင်းပြောရင်..
နင့်လိုပေါ့ဟာ …..……
ဒီတော့ … စိတ်ကလည်း
သာယာ….. လူကလည်း
စာတွေရိုက်ပြီး ပျော်နေတဲ့အချိန်တွေ… အဲဒီလူနဲ့ သာယာဖူးတဲ့အချိန်… ဟီလာတိုက်ဖူးတဲ့ အချိန်တွေ…ကို
ပြန်တွေးကြည့်လိုက်ရင်……
ကိုယ်ရော စိတ်ပါ ပါဝင်ပတ်သက်နေလို့ … ဒါကိုလူမှုရေး ဖောက်ပြန်မှု မဟုတ်ပါဘူးလို့ …. ဘယ်သူငြင်းနိုင်မှာပါတဲ့လဲ …… နင်ပြန်တွေးကြည့်စမ်း….. )
(နင်အဲဒီလောက်တော့ မိချိုကို ပြောဖို့ မကောင်ဘူး … အော်ကြီး)
မြတ်မွန်က
…. လှမ်းတားခြင်းဖြစ်သည်….
ဒါကို
တစ်ချိန်လုံး
ငြိမ်ပြီးထိုင်နားထောင်နေသော
….. မောင်မင်းက
….
(မြတ်မွန်… နင်ငြိမ်ငြိမ်နေ… အော်ကြီးပြောပလေ့စေ ….. အော်ကြီးပြောတာ မမှားဘူး …. နင်ကိုယ်တိုင်ကော အဲဒီထဲက လွတ်လို့လား … အတင်းဖင်ပိတ်ငြင်းမနေနဲ့ဟာ …. အော်ကြီးဆက်ပြော…. မိချို .. ဒါ နင်ကောင်းဖို့ အတွက်ပြောတာပဲ ….. နင်နားထောင်သင့်တယ်.. )
(အေးပါဟာ … ငါနားလည်ပါတယ်…. ငါကလည်း နင်ပြောတဲ့အတိုင်းဖြစ်နေတာကိုးဟ…… မြတ်မွန် နင့်စေတနာလည်းငါနားလည်ပါတယ်….. ရပါတယ်… ကဲအော်ကြီးဆက်ပြောပါဟာ)
မိချိုက
.. မျက်ဝန်းတွင်စိုနေသော
… မျက်ရည်စများကို
လက်ဖမိုးနှင့်သုတ်လိုက်ပြီး
…. ပြောရှာသည်….
ကျွန်တော်လည်း
…. အတော်ပြောလိုက်မိသဖြင့် အားနာမိသလိုဖြစ်မိသော်လည်း ….. ဒီလို ချက်တင်ပေါ်မှာ ဖောက်ပြန်ကြခြင်းကို …. အပြစ်တစ်ခုပါဆိုတာ နားလည်သွားဖို့ အရေးကြီးသည်မို့ ….. ဆက်ပြောဖို့ ပြင်လိုက်စဉ်… မြတ်မွန်က ၀င်ပြီး….
(အေး တို့ကတော့ ခေတ်မှီမှီပဲဟေ့ … နိုင်ငံခြားမှာလည်း ….. ဒီလို အချစ်မပါပဲ … စိတ်ဖြေရာ အဖြစ်ပြောတဲ့ လူတွေရှိနေတာပဲ …. အတူအိပ်သူတွေတောင်ရှိတယ်…. Friends with Benefits ပေါ့ဟာ ….. ဒီတော့ ဒီလို ကျူတာလောက်ဟာ အဲဒီလောက်…. အရေးကြီးနေတာမဟုတ်တော့ဘူး …. ဟင်း)
ကျွန်တော့
မှာ မောပြီးရင်းမောရင်းသာဖြစ်ရပါသည်…..
(ကဲ မိချိုနင့်ကို မရှင်းခင်… မြတ်မွန်ကို အရင်ဆုံးရှင်းပေးမှပဲဖြစ်တော့မယ်….. မဟုတ်ရင်ဒင်းလုပ်တာနဲ့ ငါ့စကားက ရှေ့ရောက်မှာ မဟုတ်တော့ဘူး … Friends with Benefits ဆိုတာ ကို နင်နားလည်မှု လွဲနေပြီ… မြတ်မွန်…… နင့်ခေါင်းထဲမှာ .. အဲဒီလိုအတွေးမျိုးရှိနေတာကို တော့ ငါအတော်အံ့သြတာပဲ …… ငါမေးပါဥိးမယ်… အဲဒီ အတူအိပ်တဲ့သူငယ်ချင်းတွေမှာ …. ရည်းစားတွေရှိသလား ..)
(အဲဒါနဲ့ မဆိုင်ဘူးလေ… အတူအိပ်တဲ့သူငယ်ချင်းပဲ….. )
(မဟုတ်ဘူးမြတ်မွန်.. ငါမေးတာကိုဖြေ….. )
(အေး မရှိကြဘူးလေ… )
(အေး အဲဒါပဲ …. သူတို့ အတွေးအခေါ်က ရည်းစားဆိုတဲ့ …. အနှောင်အဖွဲ့ကို မလိုချင်လို့ … သူငယ်ချင်းအဖြစ်…နဲ့ အတူအိပ်ကြတာပဲ ….. နင်ထင်သလိုဖောက်ပြန်တာမဟုတ်ဘူး …. ဒါကို ရှင်းရမယ်… သူတို့ နှစ်ယောက်လုံးမှာရည်းစားရှိကြတာမဟုတ်ဘူး …. နောက်တစ်ချက်က … ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုတဲ့ စကားကို နင်ကြားဖူးတယ်မဟုတ်လား .. အခုငါတို့ နေတာဟာ မြန်မာနိုင်ငံ …. ဒါကြောင့် မြန်မာ ရဲ့ ယဉ်ကျေးမှု … မြန်မာ အမျိုးသား .. အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ကျင့်သိက္ခာ စတာတွေကို ထိမ်းသိမ်း ရမယ်…… နင့်ဟာနင် နိုင်ငံခြားရောက်သွားမှ… လုပ်တာ တစ်မျိုးပေါ့ဟာ … ဒါတောင်နိုင်ငံခြားက မြန်မာတွေထဲမှာတောင်… မြန်မာ ပီပီသသ…. အိနြေ္ဒနဲ့ နေတဲ့ မိန်းကလေးတွေ… ဒုနဲ့ဒေးပါပဲ … ဒီလိုလူမျိုးတွေကို လူတိုင်းကလည်း လေးစားတယ်ဟ ….. ခေတ်မှီတယ် ဆိုတိုင်း အနောက်တိုင်းက လုပ်သလို လိုက်လုပ်နေစရာမလိုပါဘူး ဟာ ….. ခေတ်မှီတဲ့ အတွေးအခေါ်ပေါင်းများစွာထဲက …. ကိုယ့် အတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းမယ့် အတွေးအခေါ်မျိုးကိုသာ … ရွေးယူတတ်ရမယ်…… )
(ဒါပေမယ့် … လောက မှာ တိုးတက်လာရင်.. အကောင်းနဲ့ အဆိုး)
ဟုမြတ်မွန်ကဖြတ်ပြောတော့ …
ကျွန်တော်ကပင်ပြန်ဖြတ်၍
(ငါ့ကို အကောင်းနဲ့ အဆိုး ဒွန့်တွဲနေတာပဲ .. ဘာညာ ဆိုပြီး ဆင်ခြေပေးမလို့မဟုတ်လား မြတ်မွန်… အေး ဟုတ်တယ် ဖြစ်တည်မှုတိုင်းမှာ အကောင်းနဲ့ အဆိုးဟာ ဒွန့်တွဲနေတယ်ဆိုတာ ငါလက်ခံပါတယ်…. ဒါပေမယ့် ငါတို့ ဟာ လူတွေလေ…. ဒါကြောင့် ဦးနှောက်ရှိတယ်…. အကောင်းအဆိုးကို ခွဲခြားနိုင်တဲ့ ပညာသိလည်းရှိကြတယ်…… ဒိတော့ ….အကောင်းအဆိုးတိုင်းမှာ … အကောင်းကို တတ်နိုင်သမျှ ရွေးယူတတ်ဖို့ ကြိုးစားရမယ်….. ရွေးလည်းရွေးတတ်ရမယ်… မရွေးတတ်တဲ့လူကတော့ .. ဦးနှောက်ရော…ပညာပါမရှိလို့ပဲ မြတ်မွန်….ဒါကြောင့် ခေတ်မှီတယ်ဆိုရင်…… ကောင်းသော ခေတ်မှီခြင်းတွေကိုသာ ရွေးယူတတ်ရမယ်… )
မြတ်မွန်ဘာမှထပ်မပြောတော့ … ထပ်ပြောစရာလည်း စကားမရှိတော့၍ ဖြစ်သည်…..
ထိုအချိန်တွင်ပင်….
မိချို တယ်လီဖုန်းမှ… အီးမေးလ်ဝင်လာသော အသံက မြည်လာသည်…. မိချိုက ဖွင့်ဖတ်လိုက်ပြီး ….. ကျွန်တော့ကို ကြည့်သည်….
(အော်ကြီး.. ဟိုကုလားဆီက ဟ … ငါ့မနက်က … သူ့ဆီစာပို့ထားတာ ….. သူ့နဲ့ငါချက်ထားတာကို ငါ့ ချစ်သူတွေ့သွားပြီ ဆိုပြီး … ပို့ထားတာ….. အခု သူပြန်ပို့ထားတဲ့စာ … နင်ဖတ်မလား… )
ကျွန်တော်လည်း ဘာမှန်းသိချင်တာနဲ့ယူဖတ်မိပါသည်…… စာထဲမှာပါတာကတော့ …. အခုလိုဖြစ်သွားတာစိတ်မကောင်းပါဘူး …... သူကတော့ အချစ်ကိုနားမလည်လို့ … မချစ်တတ်လို့ ဒါတွေမသိပါဘူး ….. အစကတည်းက ဒိုတွေမချစ်ကြေးလို့ ပြောထားပြီးသားပဲ … ဒါပေမယ့် … ဘာပဲဖြစ်ဖြစ်လေ…မင်းနဲ့ အတူ.. ချက်ခဲ့ရတဲ့ အချိန်လေးတွေ အားလုံးအတွက်ကျေးဇူး ပါပဲ …. နောက်ကိုငါ့ဆီလည်းစာမပြန်ပါနဲ့ တော့ …. မင်းနဲ့ ကောင်းသောအချိန်လေးတွေ ပိုင်ဆိုင်ခဲ့တာကို ငါအမြဲသတိရနေမှာပါ… စသဖြင့် အတော်ရှည်ရှည်ကလေးရေးထားသည်……
မိချိုက…
(နင်ဘယ်လိုမြင်လဲ .. အော်ကြီး ….. )
(အေး … ပြောမယ်မိချို … အခုပြောချင်တာ … မိချိုရော မြတ်မွန်ရော .. နင်တို့ နှစ်ယောက်လုံးကိုပြောချင်တာပဲ …. ငါပြောတာ ရိုင်းကောင်းရိုင်းမယ်….. နင်တို့ မကျေနပ်လည်းမတတ်နိုင်ဘူး …. ဒါပေမယ့် ငါ့စေတနာကို ငါယုံတယ်….. နင်တို့ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်မိဖို့ ပြောမယ်…. ဒီလိုဟာ… နင်တို့ အခုလို….အွန်လိုင်းမှာကျူကြတဲ့အခါ….. တို့
တွေအချစ်မပါကြေးနော်… တို့မှာချစ်သူရှိတယ်….. ဒီတော့ ..…..
တို့နှစ်ယောက် ဒီပေါ်မှာပဲ
…. ချစ်ကြတာပေါ့
……. စတဲ့
စကားအသုံးအနှုန်းတွေနဲ့ အပြစ်လွတ်အောင်ပြောတတ်ကြတယ်မဟုတ်လား …. ဟိုကောင့် စာကြည့်ပုံအရဆို နင့်မှာ ရည်းစားရှိတာ သူသိထားပြီးသားပဲလေ….နောက်ပြီးနင်ပြောခဲ့တဲ့ ဆင်ခြေတွေလိုပဲ …. ဘာစိတ်မှ
မရှိဘူး … အလကားသက်သက်…. ပြောလိုက်တာ ….. အပျင်းပြေသက်သက်ပါ…… သူကအတင်းပြောနေလို့
ပြီးပြီးရောပြန်ပြောလိုက်တာ
… စတဲ့ အရာတွေနဲ့ ဖုံးကွယ်တတ်ကြပြန်တယ်….ဟုတ်တယ်မဟုတ်လား ….)
(အင်း ဟုတ်တယ်..)
(အေးး
ဒီတော့ ငါတို့ လွယ်လွယ်လေးပဲစဉ်းစားကြည့်ကြရအောင်…….တစ်ဘက်ကို နင်တို့က
ရည်းစားရှိတာလည်းပြောထားတယ်…..တစ်ဘက်ယောက်ကျားကလည်း မချစ်ဘူး
… အရသာခံရုံသက်သက်ဆိုတာ ပြောထားပြီးသား …. ဒါကိုနင်တို့က
အိုကေပါဆိုပြီးလက်ခံပြောတယ်….. တကယ်တော့ …. မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုမချစ်ပဲ …. အရသာခံရုံသက်သက်
ဆက်ဆံခံရတယ်ဆိုတာ …. တကယ်တော့ … ကိုယ့်တန်ဖိုးကို
အသလွတ်ထိုးချပြစ်လိုက်တာပဲ ….. စဉ်းစားကြည့်လေ…တန်ဖိုးလည်းမထားဘူး ….. အတည်တောင်မဟုတ်ပါဘူး ပြောထားတာကို
… ကိုယ်က လက်ခံပြီး အအီခံနေတယ်ဆိုတော့ …...ကိုယ့် တန်ဖိုးကိုယ်ချလိုက်တာပဲပေါ့ …… ကိုယ်ကိုယ်တိုင်ကို က အပျော်ကြံခံချင်တဲ့ .. ခပ်ပျက်ပျက်မိန်းမတစ်ယောက်ဖြစ်သွားတာကို နင်တို့ စဉ်းစားမိရဲ့လား …. )
(ဟဲ့အော်ကြီးနော်.. နင့်ဟာက နည်းနည်းလွန်လာပြီ…)
(ငါပြောပြီးပြီလေ… ငါက ပြောသင့်တယ်ထင်တာကိုပြောမယ်လို့ … ကဲပါ…. ပြောလက်စနဲ့မထူးပါဘူး …. ဆက်ပြောလိုက်ပါမယ်…. တစ်ဘက်လူက
ကိုယ့်ကို မချစ်ပါဘူး
.. ဆိုတာ… ရှင်းရှင်းပြောရရင်…. အပျော်သဘော….. ကျောရရုံ …. သာယာရရုံ …အရသာခံရုံ…ပဲမဟုတ်လား ….. တန်ဖိုးမထားခြင်းပဲမဟုတ်လား….….. ရိုင်းရီုင်းပြောရရင်….. ပြည့်တန်ဆာတောင်မှ…. သူနဲ့ သာယာမှုရဖို့
အတွက်…. ခဏတာ
စိတ်ဖြေဖျောက်ဖို့ အတွက် ပိုက်ဆံပေးရတယ်….
ပိုက်ဆံရမှလုပ်တယ်……ဒါသူတို့ ၀မ်းရေးအတွက်နော်….. ဒီလိုပဲ
နိုင်ငံခြားမှာ .. တယ်လီဖုန်းနဲ့
လိင်ပိုင်းဆိုင်ရာ စိတ်ဖြေဖျောက်ပေးသူများလည်းရှိတယ်… မိနစ်အလိုက်ကို
ပိုက်ဆံပေးရတယ်…….. ဒီလို
လူတွေတောင် ပိုက်ဆံရမှလုပ်သေးတာ
….နင်တို့က ပိုက်ဆံလည်းမရဘူး..….
ဒီလိုပြောဆို … အသာယာ
ခံနေတယ်ဆိုရင်… ကိုယ့်
အဆင့်အတန်း ဘယ်ဘ၀ရောက်သွားပြီလဲဆိုတာ စဉ်းစားသာကြည့်ကြပေါ့ဟာ …. သူတို့ထက်တောင်နင့်ဘ၀က နိမ့်ကျသွားပြီလေ…..ဟိုက၀မ်းရေးအတွက်…
နင်တို့က ဒီကိစ္စကို ၀ါသနာအရလုပ်တာ … ကဲ)
စကားကိုခဏနားပြီး …. သူတို့ကိုကြည့်လိုက်တော့ …. နှစ်ယောက်လုံးခေါင်းမဖော်ကြ……
(တကယ်တော့ …….. Cyber sex လုပ်မှမဟုတ်ပါဘူး ….. ရည်းစားရှိလျက်နဲ့
တစ်ခြားတစ်ယောက်နဲ့
…. သာယာနေတာဟာလည်း
…. ကိုယ့်ဘ၀..
ကိုယ့်အဆင့်အတန်းကို ကိုယ် နှိမ့်ချလိုက်တာပဲဟ……… တစ်ဘက်က အမျိုးသားကရော..….နင်တို့ကို .. အထင်ကြီးပြီးစကားပြောနေမယ်ထင်သလား …. အလကားရ .. အလကား … အရသာခံနေရုံသက်သက်သာ
ပြောနေတာ ဟ ရည်းစားရှိပါတယ်ပြောထားလျက်နဲ့က …. ကိုယ်က
ဖောက်ပြန်ပြီး ဒီလူနဲ့ စကားပြောနေ…
အီနေတာကို …. အဲဒီလူက … နင်တို့ကို
အထင်များကြီးနေမယ်လို့ ထင်နေသလား
….. ဝေးပါသေးတယ်မိချို…..
ရှင်းရှင်းပြောရရင်တော့
… အာသာပြေလေး ပဲဟ
…. ရိုင်းသွားရင်တော့ ဆောရီးပဲဟာ….)
ထိုအချိန်တွင် တစ်ခွန်းမှဝင်မပြောပဲ အင်မတန်စကားနည်းနေသော အောင်မြတ်က…
(အဲဒါတော့ဟုတ်တယ်မြတ်မွန်….. နောက်ပြီး အဲဒီလိုမိန်းကလေးမျိုးက ငါတို့ယောက်ကျားလေးတွေ စကားဝိုင်းမှာတော့ …. ရစရာမရှိအောင်ပြောခံရတာပဲ ….. ဥပမာပေါ့ဟာ ….. ဟေ့ယောင့် အဲဒီဆော်က ဘဲရှိလျက်နဲ့တောင်ငါနဲ့ကျူနေတာကွ….. အပြင်မှာဆိုရရင်ရမှာဘာညာပေါ့ …… အဲဒီလိုတွေပြောကြမှာပဲ ….ပြီးရင် တစ်ခြားသူ့သူငယ်ချင်းတွေကိုလည်း ကျူချင်တဲ့လူရှိရင် နင်တို့အကောင့်တွေပေးလိုက်မှာပဲ …. အဲဒီလိုကိုယ့်အကောင့်ကို သူများတွေ ကို အပေးခံရရင် သိပ်မာန်မတက်ကြနဲ့ဟေ့ … တကယ်တော့ …. အဲဒါကောင်းတဲ့လက္ခာဏာတော့မဟုတ်ဘူး … ကိုယ့်ကို လွယ်လွယ်ရတဲ့မိန်းမလို့ သတ်မှတ်လိုက်ခြင်းပဲ )
မြတ်မွန်
တစ်ယောက်
ခေါင်းကို
မဖော်တော့ …… ကျွန်တောကပင်ဆက်၍
(နောက်တစ်ချက်က …. မိချို နင်နိုင်ငံခြားသားတစ်ယောက်နဲ့ အဲဒီလိုတွေပြောတာဟာ သိပ်မှားတယ်….. ဘာလို့ဆို…. ဒါဟာ မြန်မာ အမျိုးသမီးတိုင်းအတွက်.. သိက္ခာကျသွားစေလို့ပဲ …မြန်မာပြည်ဟာ ဆင်းရဲတဲ့နိုင်ငံလို့ သတ်မှတ်ထားပြီးသား … ချမ်းသာတဲ့နိုင်ငံတိုင်းက လူတွေက ဆင်းရဲတဲ့နိုင်ငံကလူတွေကို အစကတည်းကိုက အထင်သေးတတ်ကြတယ်… ဒါကို ငြင်းလို့တော့မရဘူး …. ဒီတော့
ကိုယ်တွေလို
ဆင်းရဲတဲ့နိုင်ငံက
လူတွေက ကိုယ့် သိက္ခာ .. ကိုယ်စာရိတ္တကို ပိုပြီးထိန်းနိုင်ပါမှ…. တော်ကာကျမယ်….. ငါတို့ကဆင်းရဲပေမယ့်. .. ကိုယ့်သိက္ခာတော့ အထိမခံဘူးဆိုတဲ့ ဂုဏ်ကလေးတော့ ရှိသင့်တယ်…..နင်စဉ်းစားကြည့်စမ်း စောစောက အောင်မြတ်ပြောသလိုသာ အဲဒီကုလားက သူ့ကုလားသူငယ်ချင်းတွေကို အိန္ဒိယမှာ …. ဟေ့ယောင် မြန်မာမတွေက ဒီလိုကျူလို့ ရတယ်ကွ ဆိုပြီးပြောနေ ရင်…. နင်ဘယ်လိုလုပ်မလဲ ….စဉ်းစားနော်….. နင့်အကောင့်ကို တစ်ခြား ကုလားတွေဝင်လာတာရောရှိဖူးလား .. )
(အေး ဟ .. နှစ်ယောက်လောက်လာအက်ဖူးတယ်.. ငါလည်းလက်ခံလိုက်မိတယ်.. )
(အေး အဲဒါဟာ … နင့်ကိုကျူစရာမိန်းမတစ်ယောက်.... ဘဲရှိလျက်နဲ့တောင်ဖောက်ပြန်ပြီး လွယ်လွယ်ကျူလို့ ရတဲ့ အလကားမြန်မာမတစ်ယောက်အဖြစ် သတ်မှတ်လိုက်တာပဲ ……. ဒါဟိုကုလားက နင်နဲ့ ကျူနေတာကို … သူ ဆော်ကြည်တယ်… ကျူလို့ ရတယ်ဆိုပြီး လျှောက်ပြောနေလို့ လာအက်တာပေါ့ဟ…. ရှင်းပြီလား..)
မိချိုငိုပါလေပြီ….
အသံကို ခပ်နိုမ့်နိုမ်ပြောနေခဲ့၍ ဘေးဝိုင်းများမှ.. မကြားသော်လည်း …. မိချိုငိုတော့ လှည့်ကြည့်ကြသည်…
(သွားပါပြီဟာ…. ငါတော့သွားပါပြီ…. ငါဘာလို့ အစက အဲဒီလိုမတွေးခဲ့မိတာလဲဟာ … အော်ကြီးရယ်… ငါသေချင်တယ်.. )
(အေး သေတောင်သေသင့်တယ်မိချို…… )
မောင်မင်းက
… စိတ်ပေါက်ပေါက်နှင့်ဝင်ပြောသည်…..
အောင်မြတ်ကတော့ ဘာမှဝင်မပြော
… အဝေးကိုသာငေးကြည့်နေသည်…..
ကျွန်တော့ရှေ့မှ ရေသန့်ဘူးကို
… တစ်ချက်မော့သောက်လိုက်ပြီး
…..
(ဒါနဲ့ နင်အဲဒီကောင်ဆီ ဓာတ်ပုံတွေဘာတွေရော ပို့ဖူးသေးတယ်မဟုတ်လား .. )
(အေး …. ပို့ဖူးတယ်ဟာ…. နင်တို့ကလည်း အကုန်သိနေတာပဲ….. အဲဒါကိုလည်း သူရက မိသွားတယ်…ဖြစ်ချင်တော့… ငါပို့ထားမိတဲ့ပုံက….. ဟိုတစ်ပတ် တနင်္ဂနွေက … သူနဲ့ ငါနဲ့ … လျှောက်လည်ကြရင်း…. သူနေအပူခံပြီး ငါ့အတွက်လိုက်ရိုက်ပေးထားတဲ့ ပုံတွေဖြစ်နေတယ်….. နှစ်ပုံပို့ထားမိတယ်… ငါလည်းပြဿနာတက်မှာဆိုးလို့ .. အရင်က ပို့ထားမိတဲ့ပုံတွေအကြောင်းတော့မပြောတော့ဘူး ….. အရင်လည်း ဘယ်နှစ်ပုံပို့မိလည်း မမှတ်မိတော့ပါဘူးဟာ)
(အင်း ခက်တာပဲ မိချိုရယ်….. နင်ကတော့ သူရဆီက ယုံကြည်မှုပြန်ရအောင်လုပ်ဖို့ ကတော့ ဝေးပြီးရင်းဝေးရင်းပဲ …… ဒီတော့ ဓာတ်ပုံ ပို့ တဲ့ အကျိုးဆက်လေး ဆက်ပြောလိုက်ဦးမယ်…. နံပါတ်တစ်ကတော့ …. နင်က ပုံနဲ့ တကွ နာမည်ပျက်သွားတာပေါ့ … အခုလောက်ဆို နင့်ပုံက သူတို့ ကုလားသူငယ်ချင်းအတော်များများ ကို ပြပြီး ဟားနေလောက်ပြီလေ….. ဒီဆော်ပေါ့ … သူ့ဘဲရှိလျက်ကြီးနဲ့ ငါနဲ့လာကျူနေတာကွာ ဆိုတာမျိုးပေါ့ ….. အေး .. နင်က ခပ်ချောချောဆိုတော့ .. တခြားကုလားတွေက ပါ နင့်ပုံကိုကြည့်ပြီးလာအက်တာပေါ့ … ပုံလေးကြည့်ပြီးအာသာပြေ အလကားကျူရလည်း မနည်းဘူးလေ… ရိုင်းတယ်ထင်လည်းမတတ်နိုင်ဘူးဟာ ….. ထားပ.ါ….. ကောင်းပါတယ်….. နင်ပိုထင်ပေါ်တာပေါ့ဟာ …. နောက်တစ်ချက်က … ကိစ္စက ဒီလောက်နဲ့ ပြီးသွားရင်တော်သေးတယ်… မတော်လို့ … သူရက ဒေါသထွက်လို့ အဲဒီအကောင်ကို သွားဆဲလိုက်ရင်… အဲဒီအကောင်က နင့်ပုံတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး တခြားအကောင့်တစ်ခုနဲ့ နင့် Facebook wall မှာ ဒါမှ မဟုတ် သူရရဲ့ ဝေါမှာ .. လာရှဲသွားလို့ ကတော့ …. နင်သေဖို့သာပြင်ထားတော့ပဲ …. ခက်တယ်မိချို …. နင်အဲဒီလောက်လေးတောင်ဦးနှောက်မရှိဘူးလား …… မစဉ်းစားဘူးလား … ကိုယ်ကမိန်းကလေး…. ပြီးတော့ …. ကုမ္ပဏီကြီးကြီးတစ်ခုမှာ …. ရာထူးကြီးကြီးရထားတဲ့ … သူ … အေး နင်သာ အရှက်ကွဲလို့ ကတော့ … ကုမ္ပဏီလောက ထဲနင်ပြန်လှည့်ဝင်ဖို့ မစဉ်းစားနဲ့တော့ မိချို….. ဒါတွေက နင့်ဘက်က တွက်ကြည့်တာပေါ့ လေ…. သူရဘက်က တွက်ကြည့်ရင်တော့ …. ပြောမကုန်တော့ဘူး ….. နင်ကိုအတော်စိတ်ကုန်တယ် မိချို … တကယ်ပဲဟာ ….)
မိချိုတစ်ယောက် ငိုပြီးရင်းငိုရင်းသာဖြစ်နေသည်….. ကျွန်တော်လည်း ပြောနေရသော်လည်း စိတ်မကောင်းပါ… သို့သော်… သိမှဖြစ်လိမ့်မည်… ဒီလောက်တော့ တွက်တတ်ရမည်ပဲမဟုတ်လား …… စိတ်လည်း တစ်ဖြည်းဖြည်းမောလာရသည်….. ကန်ဘောင်ဘက်ကြည့်မိတော့ … နေလုံးက လိမ္မော်ရောင်ဖျော့ဖျော့တောင်သန်းနေရှာပေပြီ……..
မြတ်မွန်ကတော့ မုန့်တီပန်းကန်အား မသောက်တောင်မသောက်မိပဲ မွှေနေရှာသည်… သူမလည်း ဘယ်လောက်များ မှားထားမိပြီလဲမသိ…..သူမရည်းစားက မသိသေးလို့သာဖြစ်မည်…..ကျွန်တော်သူမအားကြည့်နေသည်ကို သိမှ… မုန့်တီပန်းကန်မွှေနေတာကိုရပ်လိုက်ရင်း
(ကဲ ကိုဖိုးအော်…. နင်ဒီနေ့ … ချိုနွယ့်ကို တင်နေတဲ့ စွဲချက်တွေ .. ပြီးဦးမှာလား ….နင့်ဟာက သိပ်ချဲ့ကားတွေးလွန်းတယ်ထင်တယ်… ဒါတွေက ဖြစ်မဖြစ်နင်မှ မသိနိုင်ပဲ )
(ကဲဒါဆိုလုံးဝမဖြစ်ပါဘူးလို့ ရော နင်အာမခံနိုင်သလား ….)
မောင်မင်းက၀င်ပြောခြင်း်ဖြစ်သည်….
(အော်ကြီးပြောတာတွေက .. ဖြစ်လာနိုင်တာချည်းပဲ ..ကိစ္စတစ်ခုဆိုတာ ဘက်ပေါင်းစုံကတွေးရမှာပဲလေ…. အခုလည်း အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေတင်ပြီးနာမည်ဖျက်တဲ့ အလုပ်က လုပ်နေကြတာပဲမဟုတ်လား …. )
(အေးပါဟာ… နင်တို့ သုံးယောက်ကိုလည်း ငါမနိုင်ပါဘူး …. ပြောပြော …. ဟိုမှာ ငိုစရာမျက်ရည်မကျန်ပဲနေဦးမယ်..)
ထိုစဉ်
အောင်မြတ်က
ဝင်၍
(အေး … ငါကတော့ .. ဘာသာရေး အမြင်နဲ့ပဲပြောရမှာပဲ ….. …… ငါတို့ ဗုဒ္ဓဘာသာမှာ ….. စိတ် မနောကံမြောက်ကျူးလွန်တဲ့ အပြစ်ဆိုတာ ရှိတယ်ဟ…….. လူတစ်ယောက်ဟာ ငါးခေါင်း ထုနေတာကို မြင်ပြီး …. စိတ်ထဲ ၀မ်းသာမိတာကြောင့် နောင်ဘ၀ပေါင်းများစွာ ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်လို့
ဘုရားဟောမှာကို ပါဖူးတယ်…ဘယ်ဇာတ်တော်ထဲကလည်းတော့ မမှတ်မိတော့ဘူးဟာ…. သဘောကတော့ …. ကိုယ်တိုင်ငါးခေါင်းထုတာမဟုတ်တာတောင်မှ…… စိတ်က ဒီငါးကို ခေါင်း အထုခံရတာကို အရသာခံ သေစေချင်တဲ့ စိတ်ကလေးဖြစ်မိတာနဲ့ တင်…… ဒီလိုဝေဒနာကို ခံစားကြရတယ်……. ဒီလိုပဲ….. အခုကိစ္စမှာလည်း …. ကိုယ့် နဲ့ လူချင်းမတွေ့ပေမယ့် စိတ်ကဖောက်ပြန်ပြီး ဒီလူ့ အပြောတွေ မှာ သာယာနေတာ … ကိုယ်ကလည်း …. ပြန်ညုတုတု လေးတွေပြန်လုပ်နေတာတွေက…. မနောကံမှာတော့ ….. ပါနေလို့ပဲ …… စိတ်က လုပ်ချင်စိတ်မရှိပဲ ဘယ်အရာမှ လုပ်မလို့ မရဘူးဟ …. ဒါကို ၀ိပဿနာ တရားအားထုတ်ဖူးသူတိုင်းသိတယ်…… ဒါကြောင့် … စိတ်ကမပါပါဘူး ဆိုတာ အလကားပဲ….…. ဒီလိုကိစ္စ အတွက်….. မနောကံ ကတော့ ထိုက်မှာပဲ … ပြီးတော့ … ငါတို့ ယောက်ကျားတွေ ဆိုတာက … ခန္ဒာကိုယ် ပါသွားပြီး စိတ်မပါရင်တောင်.. နည်းနည်း ခံသာကြသေးတယ်….. ခွင့်လွှတ်နိုင်ကြတယ်… တစ်ချို့… မုဒိမ်းကျင့်ခံလိုက်ရလို့ ဘ၀ပျက်သွားပေမယ့် …. လက်ထပ်ယူနိုင်သူတွေတောင်ရှိတယ်….. ဒါပေမယ့် … စိတ်ပါလက်ပါလုပ်တဲ့အလုပ်တစ်ခုကိုတော့ … ခွင့်မလွှတ်တတ်ကြဘူး ဟ…. မိချို အခု သူရ ဒေါသထွက်နေတယ်ဆိုတာလည်း အဲဒါပဲ … နင်က စိတ်မပါပါဘူးလို့ ဘယ်လောက်ညာညာ .. နင့်ကို ဒီကုလားနဲ့ ချက်ဖို့ … ဘယ်သူက မှ ဓားမိုးပြီးခိုင်းတာ မဟုတ်ဘူး လေ…. ဟုတ်တယ်မလား…
အေး နောက်ပြီး …..
မနောကံအပြင်ကို
…. ကာယကံမြောက်….
ကိုယ်က စာလေးတွေရိုက်ပြီးပြောရတာကိုး …. ဒီကော့ ကာယကံလည်း ထိုက်ပြန်တယ်……ကာယကံမြောက်တယ်ဆိုတာ …. ၀ါယမစိုက်ထုတ်လိုက်တဲ့ပေါ်မှာမူတည်ပြီး အကုသိုလ်အနည်းအများကွာသွားတာပဲ …. နင်က ၀ါယမနည်းနည်းစိုက်ထုတ်ရင်…. နည်းနည်းပေါ့….. များများ ဆိုတော့ လည်း အကုသိုလ်က များများ ပေါ့ … နင့်ဟာက လေးလတောင်ဆိုတော့ … အတော်များမယ့် သဘောပေါ့ဟာ….ဒါကြောင့် ခြင်တစ်ကောင်ကို သတ်တဲ့ အပြစ်နဲ့ …. နွားတစ်ကောင်ကို သတ်တဲ့အပြစ်… အကုသိုလ် အတိမ်အနက်ချင်းကွားခြားတယ်လေ….. ခြင်သတ်ဖို့ က ၀ါယမ များများ စိုက်ထုတ်စရာမလိုပေမယ့် … နွားတစ်ကောင်ကို သတ်ဖို့ တော့ အတော်ဝါယမ စိုက်ထုတ်ရတာကိုး …… ဒီကြားထဲ တယ်လီဖုန်းလေးများ ခေါ်မိလို့ ကတော့ ၀စီကံပါပါပြီပေါ့ ……. ဒါက ဘာသာရေးအမြင်ဘက်ကပေါ့လေ……
ကိုယ့်ချစ်သူအပေါ် သစ္စာမဲ့တာဟာ ဘယ်လိုအပြစ်တွေကျရောက်သလဲ ဆိုတာကိုတော့ …. ဒုသနသော နဲ့ပဲ ချိန်ထိုးစဉ်းစားကြည့်ဖို့ ပြောရမှာပဲ …… လူတွေက….. ချစ်သူရည်းစား ဖြစ်နေရင် ကာမေသုမိစ္ဆာစာရ ကံမထိုက်ဘူးလို့ ထင်နေကြတယ်…. ကာမေသုမိစ္ဆာစာရကံ ကို … သူတစ်ပါး မယားကိုကျူးလွန်မှ….ထိုက်တယ်လို့ ထင်တယ်….. တကယ်က… ကိုယ့် ချစ်သူ လို့ သတ်မှတ်ထားသူအပေါ် သစ္စာဖောက်ပြီး .. တခြားတစ်ယောက်နဲ့ … ဖောက်ပြန်တာဟာလည်း … ကာမေသု မိစ္ဆာစာရကံထိုက်တာပဲဟ….တွေးကြည့်ရင်.. ဘုရားလက်ထက်က လက်ထပ်စာချုပ်မရှိသေးဘူး
…… ဒီတော့ အဓိက ကတော့ ….. ကိုယ်က ချစ်သူထားလိုက်ပြီဆိုတာ ဟာ …. တစ်ဦးအပေါ်တစ်ဦး သစ္စာထားလိုက်တာပဲ ….. ခေတ်ကာလအရသာ လက်ထပ်စာချုပ်ရှိမှ ဆိုတာ ပေါ်လာပေမယ့် …… တကယ်က ကိုယ်က ချစ်သူအဖြစ်တွဲလိုက်ပြီဆိုကတည်းကိုက … သစ္စာက ထားရတော့မှာပဲဟ …….. ဖောက်ပြန်ကျူးလွန်သူတွေရဲ့ အပြစ်ကတော့ … . ငရဲကျတာ ..ကံအကျိုးပေးကောင်းလို့ .. လူဖြစ်လာရင်တောင် ယောက်ကျားမဟုတ်မိန်းမ မဟုတ်ဖြစ်တတ်တာ … ပြည့်တန်ဆာဖြစ်တတ်တာ….. လူ့အကျဉ်အပယ်ခံဘ၀နဲ့နေရတာ စသဖြင့်ပေါ့ဟာ … ဒါလည်းငါ သိသလောက်ပဲရှိသေးတာဟ …. သေချာသိချင်ရင်တော့ အိမ်လာခဲ့ ငါစာအုပ်နဲ့ရှင်းပြမယ်….
ဒီတော့
ချက်တင်ပေါ်မှာရည်းစားရှိနေပါလျက်… ဖောက်ပြန်ပြီး..ကျူနေတာ တွေဟာ ….. အပြစ်ကြီးမဟုတ်ပါဘူး ဆိုသူတွေ အတွက်…. အကုသိုလ်ကံမဖြစ်နိုင်ပါဘူးလို့ ငြင်းချင်သူတွေ အတွက်ကတော့ …ငါစောစောက ပြောသလိုလေးသာ တွေးကြည့်ကြပေါ့ဟာ……. အတင်းဖင်ပိတ်ငြင်းနေမယ်ဆိုလည်း ကိုယ့် သဘောနဲ့ ကိုယ်.. ကိုယ့် အကုသိုလ်နဲ့ ကိုယ်ပဲပေါ့ ….. ).
ဟုရှည်လျားစွာပြောပြီး … သူ့အအေးခွက်ထဲမှ လက်ကျန်အအေးကို ကုန်အောင်မော့သောက်ပြစ်လိုက်သည်…. အောင်မြတ် အပြောကို ဘယ်သူကမှလည်းစော်ဒကမတက်ကြ….. တက်စရာမရှိလောက်အောင်လည်းပြည့်စုံနေတာမို့ဖြစ်သည်…..
(ကဲ နင်ဒီလောက်ဆို … ဘာမှ မဟုတ်ဘူး ထင်ပြီး နင်လုပ်ခဲ့ပါတယ်ဆိုတဲ့အရာ တစ်ခုရဲ့ အကျိုးဆက်ဟာ ဘယ်အထိတာသွားသလဲ နင်သိလောက်ပါပြီ….. ဒါကို နင်အစကတည်းက သိပါလိမ့်မယ်… သိလို့ လည်း … ဒီကုလားနဲ့ ချက်ထားတာတွေကို နင့်ရည်းစားသူရတွေ့မှာကြောက်လို့
နင်အသည်းအသန်
လိုက်ဖျက်တာပေါ့
…နင်သာ ဘာမှ ပြဿနာမရှိဘူး ရိုးသားပါတယ်ဆို .. ဘယ်ဖျက်မလဲ .. မဟုတ်ဘူးလား …. အခုနင်ငါတို့ကိုပြောပြတာထက်ဆိုးရွားတာတွေတောင်ပါချင်ပါဦးမယ်….. သိသိကြီးနဲ့ နင့်ကိုနင်လိမ်နေခဲ့တာပဲ ချိုနွယ်…… နင်ဟာ အရမ်းမာနကြီးတယ်လို့ တို့ ကိုပြောဖူးတယ်နော်……သူရကိုယ်တိုင်ကလည်း နင့်မာနတွေကို သဘောကျလေးစားလို့ … နင့်ကို ချစ်ခွင့်ပန်ခဲ့တာပါလို့ ပြောခဲ့ဖူးတယ်…… အဲဒီကုလားနဲ့ ဖောက်ပြန်ဟီလာတိုက်နေချိန်မှာ … နင်မာနတရားတွေဘယ်နားသွားချိတ်ထားသလဲ ….. အမှန်တော့ နင်က မာနကြိးချင်ယောင်ဆောင်…. ထားတာပါပဲ ….. ကဲပါ…ထားလိုက်ပါ….. ငါတို့က သူငယ်ချင်းဆိုတော့ ဒီလောက်ပဲပြောတာကောင်းပါတယ်…… ဒီလောက်ဆို အွန်လိုင်းပေါ်မှာ ဖောက်ပြန်တာဟာလည်း ဖောက်ပြန်တာပဲဆိုတာ နင်လက်ခံလောက်ပါပြီ… အကျိုးဆက်တွေကိုလည်းသိလောက်ရောပေါ့….)
(အေးပါ.. အော်ကြီးရယ်…. ငါလည်း အတော်ပညာရပါတယ်…. နောက်ကို ဘာလုပ်လုပ် တွေးတွေးဆဆလုပ်ပါတော့မယ်…. ဟာ ငါကတိပေးပါတယ်… )
(ငါတို့ကို ကတိမပေးနဲ့ဟ … နင်သူရကိုသာ ကတိပေးရမှာ)
(အေးပါဟာ…. ငါသိပါတယ်)
(အေး .. မပြီးသေးဘူး … အစက မြတ်မွန်ပြောသွားတဲ့ Privacy ဆိုတာကို ရှင်းဖို့ ကျန်နေသေးတယ်….)
(ဟော … မြားဦးကတော့ ငါ့ဘက်လှည့်လာပြီဟေ့…. ကဲရှင်းပါဟာ…. ဒီနေ့တော့ ငါ့အတွက်လည်း အကျိုးအတော်များပါတယ်…… ငါအတည်ပြောတာပါ…. ငါမှားခဲ့တာတွေကို ပြင်ဖို့ အချိန်မှီလောက်မှာပါ…)
(မှီပါတယ်…. မြတ်မွန်…. အမှားပြင်တယ်ဆိုတာ နောက်ကျတယ်ရယ်လို့ မရှိပါဘူး ….. ဒါပေမယ့် ပြင်ပြီးသားအမှားမျိုးကိုတော့ ထပ်မမှားမိဖို့ လိုလိမ့်မယ်….. ကဲ Privacy ဆိုတာလေး သွားရအောင်….. နင်တို့ ဘယ်လိုနားလည်ထားသလဲတော့မသိဘူးဟ…..ငါကတော့ … Privacy ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ကိုယ့် အပိုင်… ကိုယ်ပိုင်သီးသန့်ရေးရာများလို့ အလွယ်တကူဘာသာပြန်ချင်တယ်…. လွယ်လွယ်ပြောရရင်… ကိုယ်ရဲ့ သီးသန့်ရှင်သန်ခွင့်ပေါ့ဟာ
…. ဒီသဘောပေါ့ ….….
လူတစ်ယောက်
မှာ … ကိုယ်ပိုင် နေရာ … အခန်း…… ကိုယ့်တစ်သီးပုဂ္ဂလ ဆန်တဲ့ သီးသန့် နေရာတစ်ခုရှိသင့်တာအမှန်ပဲဟ…….. အနောက်နိုင်ငံမှာဆို … ကလေးတစ်ယောက်အတွက်… မူလတန်းလောက်က စပြီး သူ့ အခန်းလေးကို ပြင်ဆင်ပေးထားတယ်… ဒါဟာ သူ့ကို ကိုယ်ပိုင်သီးသန့် နေရာတစ်ခုပေးလိုက်တာပဲ. …. ဒီအခန်းလေးထဲမှာ …. သူ့ ခံစားမှု … ဖြစ်တည်မှု….စတာလေးတွေ….. ရှိလိမ့်မယ်…. ဒါကို အခြားလူ မပြောနဲ့…သူ့.. မိဘ … ဆွေမျိုးတွေကတောင်… မဆွက်ဖက်တတ်ကြဘူး ……. သူ့အတွက် သီးသန့်ရှင်သန်ရာနေရာလေးပေးထားတဲ့သဘောပေါ့ဟာ… မြီးကောင်ပေါက်အရွယ်ရောက်လာလည်း ဒီအတိုင်းပဲ …. သူအခန်းကို
သူချယ်လှယ်ခွင့်ရှိတယ်…. သူ့ဒိုင်ယာရီ… ဂျာနယ်… စတာတွေကို မိဘတွေက မဖတ်ကြရဘူး … သဘောကတော့ … ဒီဒိုင်ယာရီလေး… ဂျာနယ်လေးဟာ
… သူမရဲ့ … ခံစားမှုအားလုံးပေါက်ကွဲရာ… ဖြစ်တည်ရာ…. သွန်ချရာနေရာလေးပေါ့ …... ဒါပေမယ့် မိဘလုပ်သူတွေကတော့ …. အမြဲ …. စောင့်ကြည့်တာတော့လုပ်ကြတယ်….. …. အခန်းထဲပိတ်ပြီးမဟုတ်တာတွေလုပ်နေတာမျိုးကိုတော့ လက်မခံကြဘူး ……. ပြောချင်တာက အဲဒါပဲ
Privacy ဆိုတာဟာ …. ကိုယ့် သီးသန့်ရှင်သန်ရာနေရာသာဖြစ်တယ်…. အခန်းတံခါးပိတ်ပြီး မဟုတ်တာလုပ်ဖို့ ပေးထားတဲ့ .. အခွင့်အရေးမဟုတ်ဘူး …… လူတစ်ဦးနဲ့ တစ်ဦး …. သူ့ အပိုင်သီးသန့်ဖြစ်တည်မှုများကို အလေးထားသင့်တာ မှန်ပေမယ့် …… မဟုတ်တာလုပ်နေတာ …. ဖောက်ပြန်နေတာကိုတော့ …. Privacy နဲ့ မရောထွေးပြစ်လိုက်ဖို့ လိုတယ် … မြတ်မွန်……
လူမှုရေးတိတ်တိတ်ပုန်းဖောက်ပြန်ခြင်းကိုလည်း.. …. ဘယ်တရားဥပဒေမှာမှ … Privacy ဆိုပြီး ခွင့်မလွှတ်ထားဘူးဟ …. ဒါဟာ …. မှန်ကန်သော …. ဖြစ်တည်မှုတစ်ခုလို့ လည်း လက်မခံထားကြဘူး … ဒီတော့ အွန်လိုင်းပေါ်မှာ … ချက်တင်မှာ …. ဖောက်ပြန်မှုများကိုလည်း … ဒါင့ါ Privacy ပဲ … မင်းနှောက်ယှက်စရာမလိုဘူးလို့ … ဘူးခံဖင်ပိတ်ငြင်းပိုင်ခွင့်မရှိဘူး …. ဒါဟာ …. ကိုယ့်ကို သီးသန့်နေရာလေးပေးထားတဲ့ အခွင့်အရေးကို …. အလွဲသုံးစားလုပ်ခြင်းပဲ…..
ငါတို့
ဆီမှာတော့ ….
Privacy ဆိုတဲ့
စကားလုံးကို
အလွယ်တကူအသုံးချပြီး
…. အလွယ်တကူပဲ
အလွဲသုံးစားလုပ်ဖောက်ပြန်နေသူပေါင်းများစွာရှိပါလိမ့်မယ်…….. မသိလို့ ကျူးလွန်သူတွေရော…. သိသိကြီးနဲ့ လုပ်နေသူများကိုပါ….. ပြောချင်တာက ….. ကိုယ်ဟာ တကယ်သီးသန့်ရှင်သန်ချင်တယ်ဆို ….. ကိုယ့် ရှင်သန်ခွင့်ကို အလွဲသုံးစားမလုပ်မိဖို့တော့လိုလိမ့်မယ်….. ချစ်သူနှစ်ဦးကြားဆိုလည်း….ချစ်သူချင်းကြားက ဥပဒေတွေကိုတော့ အွန်လိုင်းမှာရော အပြင်မှာပါ မဖောက်ပြန်ဖို့ လိုလိမ့်မယ်….. ကိုယ့် Privacy ကို အလွဲသုံးစားလုပ်ပြီး ဒီဥပဒေကိုချိုးဖောက်တယ်ဆိုရင်တော့ …. အခန်းတံခါးပိတ်ပြီး …. ဒုစရိုက်မှုကျူးလွန်နေသူကို .. မသင်္ကာမှုနဲ့ ရဲက ရှာခွင့်ရှိသလိုပဲ …… ကိုယ့်ချစ်သူက ကိုယ့်ကို ရှာခွင့်တောင်းမှာပဲ …… ဒါဟာ Privacyကို ချိုးဖောက်တာ မဟုတ်တော့ဘူး …… မသကာင်္မှုနဲ့ အရှာခံရတာသာဖြစ်တယ်….. နင်အရှာခံရမှာပဲ….. ဒီတော့ အခု သူရက .. ချိုနွယ့် အကောင့်ကိုဝင်ရှာတာဟာလည်း … ဒီသဘောပဲမို့
….. သူရမှာ ဘာအပြစ်မှ မရှိဘူး ….. ချိုနွယ်ကသာ
.. သူ့ ကိုယ်ပိုင်ရှင်သန်ခွင့် ကို …. အလွဲသုံးစားလုပ်ပြီး
… ဖောက်ပြန်တာပဲ … ကဲဒီလောက်ဆို
Privacy နဲ့ လူမှုရေးဖောက်ပြန်ခြင်းဆိုတဲ့ အသုံးအနှုန်းတွေကို ရှင်းလောက်မယ်ထင်တယ်…..
ဘယ်လိုလဲ မြတ်မွန်)
မြတ်မွန်ငြိမ်နားထောင်နေရာမှ….. ခေါင်းလေး တစ်ငြိမ့်ငြိမ့်လုပ်ရင်း…
(အေးဟာ… ဟုတ်တယ်…
ငါလွဲသွားတယ်…… ဆောရီးပဲ မိချို ….. ငါနင့်ကို အကြံကောင်းထင်ပြီးပေးခဲ့မိတာပါဟာ ….. ငါတောင်းပန်ပါတယ်..)
(ရပါတယ်ဟာ …. နင်က စေတနာနဲ့ပေးတာပဲ
လေ…. ငါနားလည်ပါတယ်… ကဲအော်ကြီးရေ….
ငါ့ကို စွပ်စွဲတာတွေပြီးသွားရင်…… ငါဘာဆက်လုပ်သင့်သလဲ
အကြံပေးဦးဟာ … )
(အင်း….. ဘယ်က စအကြံပေးရမလဲတောင်မသိဘူး
……အဓိက ကတော့ ဟာ… ကိုယ်ဟာ မှားနေမှန်းသိပြီဆိုတာနဲ့ ရပ်တန့်ပြစ်လိုက်ဖို့ ပဲ…. နင်ဒီကုလားနဲ့ ဘာအဆက်အသွယမှ မလုပ်နဲ့တော့ ပေါ့ … ဒီကုလားနဲ့
မှ မဟုတ်ဘူး …. ငါတို့ မသိသေးတဲ့ နင့်ကျူဖော်ကျူဖက်အားလုံးနဲ့ပေါ့
….. ဟုတ်ပြီလား ..
….. ကိုယ့်ချစ်သူက မိသွားတော့မှ…
ကိုယ်မှားမှန်းသိပါပြီဆိုတာကတော့
…. ခိုးထုပ်ခိုးထည်နဲ့ မိမှ….
မထူးဇာတ်ခင်းပြီး
ဝန်ခံလိုက်တဲ့
သူခိုးနဲ့
ဘာမှ မခြားဘူးဟ.. ……ဒီလို ၀န်ခံမှုမျိုးကို ဘယ်သူကမှလည်း အရေးတယူမလုပ်သလို အထင်လည်းမကြီးဘူး …. ဒါဟာဝန်ခံခြင်းမဟုတ်ဘူး .. မထူးဇာတ်ခင်းလိုက်တာလို့ပဲအားလုံးက
သတ်မှတ်မှာပဲ ….…..
ဒီတော့ ကိုယ်မှားနေတယ်ဆိုတာ သိတာနဲ့ ရပ်တန့်ပြစ်လိုက်တော့ …….. ပြီးရင် … ပြင်ဆင်ရမယ်..….. ၀န်မခံချင်နေဦး …. ကိုယ်က ရပ်တန့်ထားလိုက်ရင်….. ချစ်သူက …. တွေ့ခဲ့မယ်ဆိုရင်တောင်….. အော်.. ငါပြောစရာတောင်မလိုဘူး …. သူ့ တစ်ခါမှားဖူးတာကို သူ့ အသိတရားနဲ့ သူပြင်ဆင်သွားပါလားဆိုပြီး …. အတိုင်းအတာတစ်ခုအထိတော့ အဆင်ပြေသွားလိမ့်မယ်….. အဲ …. စောစောကလို ခိုးထုပ်ခိုးထည်နဲ့ မိတော့ မှ…. ကိုယ်မှားတာကိုတောင်းပန်ပါတယ်ဆိုရင်တော့ ….. ကိုယ့်ချစ်သူက တွေးမှာပဲ ….. အင်း ငါသာ ဒီလိုမမိခဲ့ဖူးဆို .. သူတို့ ဘယ်အထိ စခန်းသွားကြမလဲ ….. ငါ့ကို ဘယ်အထိညာထားဦးမလဲ …..အပြင်မှာတွေ့ကြဦးမှာလား… တွေ့ရင်… ဘယ်အထိဖြစ်ကြဦးမလဲ ….. စာထဲမှာတောင်ဒီလောက်ပြောထားတာ .. အပြင်မှာတွေ့ရင်ကော … စသဖြင့်ပေါ့လေ….. ကိုယ့်ကို အထင်ကြီးလေးစားနေမှု… ယုံကြည်မှုတွေကတော့ …. တစ်စက်မှ မရှိတော့ အောင်…. ဆုံးရှုံးသွားမှာပဲ…. အခု သူရဖြစ်နေတာ လည်း အဲဒီလိုမျိုးဖြစ်နေတာပဲဟ…..)
(ဟုတ်တယ်အော်ကြီး … သူလည်း
အဲလိုပဲပြောတယ်….ခက်တာက … သူက …
ပြဿနာကို မီးခိုးကြွက်လျှောက်ရှာနေတာဟ ….. ငါက
တစ်ရက်တည်းနဲ့ အကုန်လုံး အပြစ်တွေဝန်ခံပြီးပြီးလိုက်ချင်တယ်…. ဒီကိစ္စကိုနောက်ကို ပြန်မပြောကြေးပေါ့ဟာ….)
(အေး ..အဲဒီအတွက်ငါပြောမယ်…..
လူတွေဟာ
ကိုယ်မှားပြီဆိုတာနဲ့
အင်မတန်နှစ်သိမ့်တတ်ပါတယ်…..
ကာလည်းကာကွယ်တတ်ကြတယ်…..လူပဲကွာ တစ်ခါတော့မှားမှာပေါ့ …… လူဆိုတာ အမှားနဲ့ မကင်းဘူး …… စိတ်ကစားမိခဲ့တာပဲ …… စသဖြင့်သော ခပ်ချာချာ ဆင်ခြေတွေ နဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တတ်ကြတယ်…… နင်လည်းအခု ကိုယ့်ကိုယ်ကိုကာကွယ်နေတယ်မဟုတ်လား …. )
,cအင်း… ဒါပေမယ့် ဒါလူတိုင်းလုပ်တတ်တာပဲလေ..)
(လူတိုင်းလုပ်တိုင်း .. ကိုယ်ကလိုက်လုပ်ရရောလားဟာ ….တကယ်တော့ ဒီလိုကာကွယ်နေတာဟာ
တကယ်လည်း မထိရောက်လှဘူးဆိုတာ ကိုယ့်ဟာကိုယ်ပြန်စဉ်းစားရင်တောင်သိနိုင်လိမ့်မယ်…. နင့်ကိုတစ်ခုသိထားစေချင်တာကတော့ … ဒီလိုစကားမျိုး .. ခပ်ချာချာ ဆင်ခြေမျိုးတွေဟာ ….. ချစ်သူနှစ်ယောက်ကြားယုံကြည်မှုကို …. ပြန်တည်ဆောက်တဲ့နေရာမှာ ဘာမှ အသုံးမ၀င်လှဘူး ဟ….နင် သူရကို အဲသလိုဆင်ခြေတွေပေးတိုင်း သူရက ပိုပြီး ၀ုန်ဒိုင်းကြဲတယ်မဟုတ်လား …. )
(အေး ဟုတ်တယ်)
(ဖြစ်မှာပဲလေ… သူက ခံထားရတဲ့သူကိုး .. .နင်က လည်းအပြစ်လုပ်ထားသေး …. အပြစ်နဲ့ ထိုက်တန်တဲ့ ပြဿနာ တက်လာမှာကိုလည်းကြောက်လို့ ကာကွယ်သေးဆိုတော့ … နင်တရားသလား စဉ်းစားကြည့်လေ…. အခြေအနေက ပိုဆိုးလာမှာပဲ ….. အဲဒီနည်းကို… မသုံးပါနဲ့ဟာ… …. ကိုယ့်အပြစ်ကို ကိုယ် ၀န်ခံပြီး…… ပေးလာတဲ့အပြစ်ကို ခံမယ်…… လုပ်ရဲရင်ခံရဲတယ်ဆိုတဲ့စိတ်သာမွေးထားရမယ်….. ဒါမှ နင်ကျပြီးသား သိက္ခာက နှစ်ခါပြန်မကျမှာပဲ ….. နင့်ရည်းစားစိတ်ထဲမှာလည်း
…. အော်.. သူဟာ သူ့အပြစ်အတွက်တော့ …. ပေးလာတဲ့ အကျိုးအပြစ်ကို ခံဖို့ သတ္တိရှိသားပဲဆိုပြီး … ပိုလေးစားလာလိမ့်မယ်…..ပြီးတော့ ..အဲဒါ
အသက်သာဆုံးနည်းပဲဟ…..…
နောက်ပြီးတော့ …နင်ပြောသလို …တစ်ရက်တည်းတော့ ဘယ်သူမှ မပြီးနိုင်ဘူး …. နင်သော်တာထွန်းကိုမှတ်မိလား )
(အေးမှတ်မိတယ်လေ… နင့်ဆီက ပိုက်ဆံတွေချေးသွားပြီးပြန်မဆပ်တဲ့တစ်ယောက်မဟုတ်လား )
(အေး ဟုတ်တယ်…. )
(သူနဲ့ ဘာဆိုင်လို့လဲ)
(လာမယ်လေ… နင်ကလည်း …. ဒီကောင် ပြီးခဲ့တဲ့ … သုံးလေးနှစ်ကပဲ ထောင်ကျသွားတယ်ဟ …. လိမ်လည်မှုနဲ့ပဲ … အခု ပြန်လွတ်လာတယ်ကြားတယ်….. ငါနဲ့လည်းတွေ့ပြီးပြီ… ကောင်းရောင်းကောင်းဝယ်ပဲလုပ်စားတော့မယ်တဲ့ … အဲဒါအရင်းအနှီးငွေလိုလို့ …. အကူအညီရှာပေးဖို့ပြောတယ်…. ဒါမှ မဟုတ်အလုပ်တစ်ခုခုပေါ့ …. နင်သာ ငါ့နေရာဆို နင်ဘာလုပ်မလဲ)
(အာ .. ဘယ်ချေးမလဲဟ …. နင်ကလည်း သူက နာမည်ပျက်နဲ့ကို …. အလုပ်ရှာပေးလို့ .. အဲဒီအလုပ်မှာ ပြဿနာတက်ရင်.. ကိုယ်ပါရောနာမည်ပျက်နေမှာ …. )
(အေး … အဲဒါပဲပေါ့ဟ ….. ဒါတောင်သူက သူအပြစ်အတွက်…. သုံးလေးနှစ်လောက်တောင် ထောင်ထဲမှာ ပေးဆပ်ထားပြီးသားနော်….. ဒါပေမယ့် နင်သူ့ကို ခုထိမယုံသေးဘူးမဟုတ်လား … ဒါက နင်နဲ့မသိတဲ့ သူစိမ်း…… နင်နဲ့ အရင်းနှီးဆုံးလူ… ပုံအောပြီးယုံကြည်ထားရတဲ့လူက … နင့်ကို နောက်ကျောဓားနဲ့ထိုးသွားတာမျိုးဆို .. ပိုဆိုးပြီပေါ့ ….. မဟုတ်ဘူးလား …… ဒီတော့ ….ကိုယ်က လေးလတာလောက်… သူ့ကို ဒုက္ခပေးခဲ့တာ …. လိမ်နေခဲ့တာ … ညာနေခဲ့တာ .. ဖောက်ပြန်နေခဲ့တာကို တော့ … တစ်ရက်တည်းနဲ့ အပြီး သတ်ဖို့ သိပ်ခက်လိမ့်မယ်……… ကိုယ်တောင်လုပ်တုန်းက လုပ်… ပျော်တုန်းက ပျော်… ဟီလာတိုက်တုန်းကတိုက်……. ဖောက်ပြန်တုန်းက ဖောက်ပြန်ပြီးမှ……. ဒါတွေထပ်လာမပြောပါနဲ့ …. ချီးခြောက်ရေမနှုးနဲ့ … တစ်ရက်တည်း အကုန်အဆုံးသတ်လိုက်ဆိုတာကတော့ … သိပ်ကိုရယ်စရာကောင်းတဲ့ ဖြေရှင်းနည်းပဲဖြစ်လိမ့်မယ်… ချိုနွယ်… start over အားလုံးပြန်အသစ်က စကြစို့ ဆိုတာဟာ
ကျူးလွန်ထားတဲ့နင့်အတွက် လွယ်ကူကောင်းလွယ်ကူမယ်… ဘာလို့ ဆို ပြဿနာက
ထပ်မတက်တော့ဘူးကိုး .. ဒါပေမယ့် ခံထားရတဲ့ သူရအတွက်တော့
….. အတော်ခက်မှာပဲ ပြဿနာတွေအားလုံးကို မျိုသိပ်ရေငုံနှုတ်ပိတ်ပြီးသူက
ပြီးလိုက်… နေလိုက်ရတော့မှာလေ…. နင်စဉ်းစားကြည့်ပါဦးမိချို
… လွယ်မယ်ထင်သလား… )
(အေးဟာ … ငါအဲဒါကိုလည်း
မစဉ်းစားမိပြန်ဘူး)
(အေးနင်မစဉ်းစားမိတာ အတော်များနေပြီ..
ဒေါ်ရွှေချို … နင့်ဦးနှောက်က ဘာတွေများ စဉ်းစားဖို့
ထားထား သလဲ .. ဘာလဲ ချက်တင်လန်းဂွစ်ရှ် အသစ်တွေလား …)
မောင်မင်းက …. နှာခေါင်းရှုံ့ကာဝင်ပြောသည်…..
မြတ်မွန်က မောင်မင်းကို မျက်စောင်းလှမ်းထိုးသည်….
(ကဲတော်ပါတော့ ဟာ ….. ဟဲ့အော်ကြီးဆက်ပြော
…. ဒင်းက … ၀င်ဝင် ပြီး ဟောက်နေတာ များပြီ…
အော်ကြီးပြောရင်တော်ပြီပေါ့ … )
ကျွန်တော်ကပဲဆက်၍
(နင်တို့ကို ငါက ဆရာကြီးလုပ်ပြီးသာ ဆုံးမနေတာဟ
….. တကယ်တော့ ငါလည်း နင့်လိုအမှားမျိုးကျူးလွန်ခဲ့ဖူးတာပဲ ….
ငါလည်း သိပ်ကောင်းလှတဲ့လူတော့မဟုတ်ပါဘူးဟာ …. နင်တို့
မှတ်မိသေးတယ်မဟုတ်လား လွန်ခဲ့တဲ့ နှစ်နှစ်လောက်က …. ငါ သဘောင်္ပေါ်ရောက်တုန်း
အွန်လိုင်းပေါ်မှာ ငါ့အရင် ချက်တင် ကျူဖက်ဟောင်းနဲ့ တွေ့ပြီး ပြန်ကျူမိတဲ့ကိစ္စလေ…..
ငါ့ကောင်မလေးက မိသွားတော့ အတော်ပြဿနာတက်လိုက်သေးတယ်လေ.. )
(အေးအေး .. မှတ်မိပြီဟ
… ဟဲဟဲ …. ငါတော့ အဖော်ရပြီပေါ့ဟာ …..
)
မြတ်မွန်ကပါ
( အေးဟုတ်သားပဲ … ဒင်းက
တို့ကို သာ လာ ပြီးလူတတ်လုပ်နေတာ …. နင်ရောဘာထူးလဲ ….
)
(အေး ထူးတာကိုပြောပါမယ်….. ငါက ကြုံဖူးလို့ လည်း ဒီလောက်ပြောနိုင်တာဟ …. ဒါပေမယ့်
နင်တို့နဲ့မတူတာလေးက… …
ငါက ကျူမိပြီးပြီးချင်း….အချိန်မှီပဲရပ်တန့်နိုင်ခဲ့တယ်….အဲဒီကောင်မလေးနဲ့
တစ်ရက်နှစ်ရက်ပဲပြောခဲ့ကြ အီစီကလီရိုက်ခဲ့ကြတယ်..….. အဲဒီအချိန်တုန်းက ငါ့စိတ်မှာဖြစ်နေတာက….. သာယာတာတော့ အမှန်ပဲဟ … ဒါပေမယ့် ….ငါ့ကောင်မလေးကို ဖြတ်ကနည်းသတိရလိုက်တဲ့အချိန်မှာ ..ငါအမှားအကြီးကြီးကိုကျူးလွန်နေမိပြီဆိုတာ သိလိုက်တယ်…. ငါ့ချစ်သူသာ ဒီလိုလုပ်ရင်…. ငါဘယ်လိုနေမလဲဆိုတာလေးတွေးမိတယ်…..တွေးတောင်မတွေးဝံ့ပါဘူး ဟာ ….. ချက်ချင်းကို ဒေါသဖြစ်လာတာပဲ ဒီတော့မှ…. ငါလည်း…. ချက်ချင်းကိုချက်နေတာ တွေအကုန်ရပ်ပြစ်လိုက်တယ်….. ဒါပေမယ့် မဖျက်တော့ မဖျက်လိုက်ဘူး …. ငါမှားထားတာကို ငါမဖုံးကွယ်ချင်ဘူးလေ….ငါထင်တဲ့အတိုင်းပါပဲ … ငါ့ကောင်မလေးက … ငါ့အကောင့်ကို ၀င်စစ်တာနဲ့တွေ့တော့တာပဲ …… အတော်ရှင်းယူရတယ်……..နင်တို့လိုတော့ ခိုးထုပ်ခိုးထည်နဲ့မိမှ.. .ဆောရီးလုပ်တာမဟုတ်ဘူးနော်….ဒါတောင်ငါ့ကောင်မလေးရဲ့…. ယုံကြည်မှုအတော်များများ ကို ငါဆုံးရှုံးခဲ့ရတယ်……..အခုချိန်အထိကို မနည်းပြန်တည်ဆောက်နေရတုန်းပဲ……
နှစ်နှစ်ကျော်လောက်ကြာခဲ့ပေမယ့် ….. အကောင်းအတိုင်းပြန်မရနိုင်သေးဘူး ဟာ…..သူငါ့ကို အဲဒီကိစ္စနဲ့ပြောတိုင်းငါခေါင်းငုံခံရတယ်…. ကိုယ်က မှားခဲ့တဲ့သူကိုး …. အဲဒီကိစ္စကို အစဆွဲထုတ်တိုင်းလည်း ငါ့မှာ မတားနိုင်ဘူး …… သူ့မှာလုပ်ပိုင်ခွင့်ကရှိနေပြီကိုး … ဒါကြောင့်လည်း ငါတော်ရုံ တန်ရုံကိစ္စ အတော်များများ အားလုံးလောက်နီးနီး မှာ သူကိုအလျှော့ပေးတာပေါ့ဟာ … သည်းခံတာပေါ့ ….. ငါ့အပြစ်က သူခွင့်လွှတ်မှကျေမှာလေ….. ဒါတောင်…. ကိုယ့်ချစ်သူက ကိုယ့်ကို ခွင့်လွှတ်ကောင်းတော့ ခွင့်လွှတ်မယ်…. ဒါပေမယ့် ဒီကိစ္စကို မေ့သွားတာတော့မဟုတ်ပါဘူး ဟ…..အခုသူက ငါ့ကိုခွင့်လွှတ်တယ်လို့ပြောပြီးပါပြီ… ဒါကြောင့်လည်းခုထိငါတို့ ရှေ့ဆက်လို့ရတာပေါ့ … ဒါပေမယ့် မေ့တော့မေ့မသွားဘူးဟ ….. လမ်းကြုံတိုင်းပြောနေတော့မှာပဲ ….. ငါလည်းမတားပါဘူး ပြောတိုင်းလည်း .. ငါမကာကွယ်ဘူး …. ငါကိုယုံပါ… နောက်ဒီလို ထပ်မမှားပါဘူးလို့ ပဲ … ငါကတိပေးတယ်…. သူလုပ်သမျှလည်းငါခံပါတယ်….. ဒါကြောင့် forgive နဲ့ forgetကို ကွဲပြားဖို့လိုမယ်……ခွင့်လွှတ်ပြီဆိုတိုင်း မေ့ခိုင်းလို့တော့မရဘူးပေါ့ဟာ…..ငါ့လို… ကိုယ်အသိစိတ်ဓာတ်နဲ့ ကိုယ် ရပ်တန့်လိုက်တာတောင်… ဒီလောက်ဆုံးရှုံးရရင်….. အသိစိတ်ဓာတ်နဲ့ မဟုတ်ပဲ ….. မိတော့မှ….. ဆောရီးကွာဆိုရင်တော့ …. အားလုံး ကြေမွသွားတော့မှာပဲပေါ့ … ဒါကြောင့်မိချိုကိုပြောနေတာပါ…… ကိုယ်က မှားခဲ့ဖူးပြီးပြီပဲ
….. ပေးတဲ့အပြစ်ကို ခံဖို့ သာပြင်ဆင်ထားလိုက်ပါတော့ဟာ …… နောက်မမှားမိအောင်သာ ထိမ်းပေတော့ပဲ ……)
(အေးပါဟာ …. နင်ပြောတာမှန်ပါတယ်…
ငါ နေနိုင်ရမှာပေါ့ ….. ငါက လုပ်ခဲ့ဖူးတဲ့သူကို
….. သူ့ဘက်ကို အတော်များများ တွေးပေးရတော့မှာပေါ့ …. ကဲ.. အော်ကြီးငါဘာတွေလုပ်သင့်ပြီလဲ .. တိတိကျကျသာပြောတော့ဟာ…)
(အခု ဒီရက်ပိုင်းအတွင်း နင့်သူရက … သဘောင်္တက်မှာဆိုတော့ ကိစ္စတိုင်းကို တော့ရှင်းသွားနိုင်မှာမဟုတ်ဘူး …
သူလည်း မတင်မကျကြီးနဲ့ သဘောင်္ပေါ်တက်သွားရမှာ …… ပြီးတော့ နင့်ကိစ္စပိုကြီးသွားတယ်ဆိုတာလည်း သူက သဘောင်္သားဖြစ်နေတော့ ဒီကိစ္စမျိုးကိုလုံးဝခွင့်မလွှတ်ဘူးဟ
… သေဘာၤသားဆိုတာ ကိုယ့္ဇနီးမယားကို စိတ္ခ်လက္ခ် ထားခဲ့ၿပီး ပင္လယ္ထဲ
လပေါင်းများစွာအလုပ်သွားလုပ်ရတာမဟုတ်လား … ပင်လည်းပင်ပန်းတဲ့အလုပ်ပဲလေ….
နောက်ကြောင်းအေးချင်ရှာမှာပေါ့ …… ပြီးတော့ ငွေကြေးက
အစ ..လည်း နင့်ဆီကို စိတ်ချလက်ချ လစာလွဲပေးရမှာလေ…. နင်က .. အဲသလိုတွေလုပ်နေတော့ ….. သူဘယ်စိတ်ချမလဲ … ဒီတော့ …. နင်လုပ်ရမှာက
… ဒီရက်ပိုင်း သူ့အလိုကို အတတ်နိုင်ဆုံးလိုက်ပါ……. နောက်ပြီး သူအပြစ်ပြောလာတဲ့အခါလည်း …. ခံပါ….
အပြစ်ပေးလာလည်းခံပါ…… အဓိကက ကိုယ်ကိုယ်ကို မကာကွယ်မိဖို့ပဲ
…… နောက်ပြီးသူ့ကို အရင်ကထက်ပိုချစ်ပြရမယ်… ယောက်ကျားဆိုတာ
မျိုးက .. အပြုအစု ကြိုက်တဲ့အမျိုးပါဟာ ….. ဒီလောက်တော့ နင်တို့မိန်းမတွေသိပါတယ်…. သူ့ကို ယုယုယယ
အရင်ကထက်ပိုထားပေါ့ … ပြီးတော့ .. ဒီလိုထားနေတာဟာလည်း
ဒီအပြစ်ကို ခံယူနေတာဖြစ်တဲ့အပြင်… သူ့ကို သိပ်ချစ်လို့ ဆိုတာကိုပါသူသိပါစေ
… နောက်ပြီး ချက်ချင်းလက်ငင်းသူကနင့်ကိုယုံဦးမှာ မဟုတ်ဘူးဟ
… သူမယုံလို့ဆိုပြီး သူ့ကို ချစ်ကြောင်းကြင်နာကြောင်းတွေမပြောတော့ဘူး
.. ပြောလည်း နင်မှ မယုံတာမျိုးဆိုတာမျိုးမလုပ်ပါနဲ့ ….. များများပြောပေးပါ….. ဆီပွတ်ကျည့်ပွေ့ပဲလေ…..
နင်ပြောနိုင်လေ.. နင့်အတွက်အားသာလေပဲ …
.နင်ဟိုအကောင့်ကို ဓာတ်ပုံတွေပို့ထားဖူးတာကို သူမိထားတယ်ဆိုတော့
.. နင့်ပြောသလိုရုံးမှာ မအားဘူး .. ဘာညာ နင်ညာပိုင်ခွင့်မရှိတော့ဘူး
.. ဒီတော့ နင့်ဓာတ်ပုံ အသစ်ရီုက်တိုင်းသူ့ဆီကို များများသာပို့
…… နောက်ပြီး အွန်လိုင်းပေါ်မှာရော …. အပြင်မှာပါ
လူသိရှင်ကြားချစ်ပြ….. သူနဲ့ပတ်သက်တာတွေကို မမေ့စေနဲ့
.. ဥပမာ Anniversary … မွေးနေ့ …. စတာတွေပေါ့ … လူကြုံပစ္စည်းပေးတဲ့အခါလည်း …. သဘောင်္ပေါ်မှာ သူများကိုကြွားလို့ရလောက်တဲ့ လက်ဆောင်ပစ္စည်းလှလှပပလေးတွေ..
နင့်လက်ရေးနဲ့ရေးထားတဲ့စာလေးတွေ.. ဓာတ်ပုံကျောမှာ
ချစ်ကြောင်းကြိုက်ကြောင်းစာရေးပြီးပို့တာမျိုးလေးတွေလုပ်ပေးပေါ့ဟာ …. နင့်အကောင့်ကိုလည်း .. ကြိုက်တဲ့အချိန်ဝင်စစ်ခွင့်ပေးထား
…. နောက်ပြီး အကောင့်အသစ်လည်းနင်ထပ်မဖွင့်မိစေနဲ့ ….. အခုနင်လုပ်တာ တောင်လေးလလောက်နဲ့ပေါ်သွားတယ်မဟုတ်လား … ဒီလေးလလုံးမှာ သူကနင့်ကိုယုံနေလို့ မစစ်တာလေ….. တကယ်လို့
…. အခုလို မယုံသင်္ကာဖြစ်တဲ့ အချိန်ဆိုပိုစစ်မှာပဲ … အေး နင်အကောင့် အသစ်လုပ်ထားလည်း သိပ်မကြာဘူး သိမှာပဲဟ ….. သူကလည်း နင့်ကိုဒီအတိုင်းလွှတ်ထားခဲ့မှာမဟုတ်ဘူး …. ဘယ်ကိစ္စမဆိုကြာကြာဖုံးထားလို့
မရပါဘူးဟာ ….. အဓိကကတော့ … သူ့ယုံကြည်မှုကို
ပြန်ရအောင်ယူဖို့ပဲ … ဒါတွေအားလုံးက ဘေးနားက အထောက်အပံ့တွေပေါ့ဟာ
… ကျန်တာကတော့ သူနဲပဲဆိုင်တော့မယ်….. ပြန်ရဖို့
ဆိုတာကတော့ …. တစ်လလည်းဖြစ်ချင်ဖြစ်မယ်… တစ်နှစ်လည်းဖြစ်ချင်ဖြစ်မယ်…… လေးငါးနှစ်လည်းဖြစ်သွားနိုင်တယ်…..
မပြောနိုင်ဘူး … သူက နောက်ဆုံး ဘယ်လိုမှ လက်တွဲလို့
မရတော့လို့ပါဆိုပြီးလမ်းခွဲတာမျိုးလည်းဖြစ်နိုင်တယ်…. ကိုယ်က
တကယ်ချစ်တယ်ဆို .. တတ်နိုင်သမျှလမ်းခွဲခွင့်မပေးပါနဲ့
…… ပြန်ကြိုးစာပါ…. နင့်ဘ၀မှာ သူ့ကို အချစ်ဆုံး
… သူတစ်ယောက်ပဲရှိတယ်ဆိုတာ ယုံကြည်လာတဲ့အထိ.. သစ္စာဆိုပြတာမျိုးတွေလုပ်ပါ……
ဒါတွေအားလုံးက ငါပေးနိုင်တဲ့အကြံအကုန်ပဲ … အဓိကကတော့
… သစ္စာရှိရှိနေဟာ …. ကိုယ့် က မှန်အောင်ပြန်နေလိုက်ရင်….
တစ်ချိန်မဟုတ်တစ်ချိန်တော့ သူယုံကြည်လာမှာပါပဲ ……. နင့်ဘက်က…. သစ္စာရှိဖို့ ပဲလိုမယ်…)
(အကောင့်အသစ်လည်းမဖွင့်ပါဘူးဟာ ….. ငါလည်းအတော်မှတ်နေပါပြီ… ပြီးတော့ သူက သိပ်လည်တာဟ
…. စကားလေး တစ်ခွန်းနှစ်ခွန်း ကြားလိုက်တာနဲ့ …. ငါဘာလုပ်နေတယ်ဆိုတာ သူသိတယ်….. အခု ဒီကိစ္စပေါ်သွားတာလည်း
… အဲသလိုချက်ထားတာလေး နှစ်ကြောင်းလောက်… နဲ့တင်စလိုက်တာ
… မပြီးတော့ဘူးဖြစ်သွားတာ …. ငါတော့သူ့ကို ထပ်မလိမ်ရဲတော့ပါဘူး
… နောက်ပြီး ဒီလိုအဖြစ်ကြီးကိုငါအတော်ကြောက်နေပြီ…. စောစောက နင်ပြောသလို … နာမည်ပျက်နဲ့ မိန်းမလည်းငါမဖြစ်ချင်တော့ဘူးဟာ
… ငါကောင်းကောင်းမွန်မွန်ပဲနေမှာပါ….. သစ္စာရှိရှိပဲနေမှာပါဟာ
)
(အေး… ငါတို့ ဘက်ကလည်း
… နင့်ကိုလုပ်ပေးနိုင်တာက .. အကြံပေးတာနဲ့
… နောက်ပြီးသူရကို …. သိပ်လွန်လွန်ကျူးကျူးတွေ
မလုပ်အောင်လောက်ပဲတားလို့ ရမယ်ဒီလောက်ပဲဟ… ဒီတော့ …….
ငါဖုန်းဆက်ပြောထားပေးပါ့မယ်…. သူရနဲ့လည်းငါစကားပြောဖူးပါတယ်…..
သူလည်း အတွေးအခေါ်ရှိပြီး စိတ်ဓာတ်မြင့်မားတဲ့ယောက်ကျားတစ်ယောက်ပါပဲ
…. နင့်ကို ခြေပါလက်ပါတွေတော့မလုပ်လောက်ပါဘူး …. စိတ်ချပါဟာ …. နင့်ဒဏ်ရာတွေ ဆေးထည့်ဖို့လောက်တော့ ငါတို့
သူငယ်ချင်းလေးယောက်က တာဝန်ယူပါတယ်… )
(အင်း … ငါလည်းအပြစ်တွေကို
ပေးဆပ်ဖို့ သတ္တိတွေရှိနေပါပြီ အော်ကြီးရယ်….. အောင်မြတ်တို့ကိုလည်းကျေးဇူးတင်ပါတယ်ဟာ
….)
အောင်မြတ်က ချိုနွယ့်ကိုမော့ကြည့်ရင်း
(မလိုပါဘူးဟာ…. ရပါတယ်…
ဒါဟာ သူငယ်ချင်းကောင်းတစ်ယောက်လုပ်ပေးရမှာပဲလေ….. နင်ငါတို့ကိုမုန်းသွားဦး .. ငါတို့ ဘက်က တော့ဘာမှ မပြောင်းလဲပါဘူး
…. ပြောသင့်တာတွေကိုပြောမှာပဲ .. ငါတို့လိုအပ်တာရှိရင်လည်းပြောပါ….အားမနာနဲ့ ….. ဒါမှပြင်နိုင်မှာ … )
မြတ်မွန်က
(မောင်မင်းတစ်ကောင်ပဲပြောစရာရှိတယ်…. ဒီကောင်ဂျိုင်းချွေးနံ့သိပ်နံ့တယ်… ဟားဟား )
အားလုံး ၀ိုင်းရယ်ဖြစ်ကြပါသည်… မောင်မင်းကတော့ … မြတ်မွန်ကိုသာလှမ်းမာန်နေသည်……
အင်းလျားကန်ပြင်ကြီးကိုကြည့်မိသည်….ညနေက မှောင်လာပြီမို့ …. ကန်ရေပြင်တွင်.. လရိပ်ကလေးပင်စထင်နေပေပြီ…… ကျွန်တော်တို့လိုပဲ
… ဒီကန်ဘောင်ပေါ်မှာ .ခေတ်အဆက်ဆက်…. စကားတွေပြော တိုင်ပင်နှီးနှော ပြဿနာတွေ အဖြေရှာကြသည့် သူငယ်ချင်းအုပ်စုပေါင်းများစွာရှိပါလိမ့်မည်…
တစ်ချို့လည်း သူငယ်ချင်းကို … ကောင်းစေချင်သည့်စိတ်တွေနဲ့
.. အမုန်းခံပြော…. တစ်ချို့ကလည်း .. သူငယ်ချင်းစိတ်ညစ်မှာဆိုးလို့ …. အလိုလိုက်……
မျိုးစုံရှိပါလိမ့်မည်…..အားလုံးကတော့
.. ကိုယ့်သူငယ်ချင်းကို ချစ်သည့်စိတ်ကပဲ ဖြစ်လာတာဖြစ်သည်….. ချစ်တတ်တာနှင့် မချစ်တတ်တာသာကွာပါလိမ့်မည်…… တကယ်တော့
သူငယ်ချင်းအချင်းချင်းချစ်တတ်ဖို့သာလိုပါသည်…..ကန်ရေပြင်ကြီးကတော့
…. ပြဒါးပြင်လို… ရောင်ပြန်ဟပ်ပြီး .. ငြိမ်သက်နေတုန်းပင်…… တခဏမျှ ကျွန်တော်တို့ဝိုင်းလည်း
တိတ်ဆိတ်သွားသည်……. ထိုတိတ်ဆိတ်မှုကို ဖြိုခွဲသူက .. အောင်မြတ်ဖြစ်သည်…
(လူတစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတဲ့အခါ…. နားလည်မှုရှိဖို့ လိုတယ်လို့ ပြောကြတယ်……. ဒါပေမယ့် ငါ့အတွက်တော့ နားလည်မှုထက်… ယုံကြည်မှုရှိဖို့ .. သစ္စာရှိဖို့ က ပိုအရေးကြီးမယ်လို့ … ထင်တယ်….…. ယုံကြည်မှုမှ မရှိတော့ဘူး ဆိုရင်… နားလည်မှုဆိုတာလည်း ဖြစ်လာစရာမရှိဘူး လေ……. နောက်တစ်ချက်က ယုံကြည်မှုဆိုတာ ….. ဖုတ်ဖတ်ခါပြီး ပြန်သုံးလို့ ရတဲ့ ပလတ်စတစ်လောင်းထားတဲ့စာချုပ်တစ်စောင် မဟုတ်ဘူးဟ …. သစ္စာတရားလည်းတူတူပဲပေါ့ ….. ငါ့အမြင်ပြောရရင်… သစ္စာတရားဆိုတာ …. အင်မတန်ဖြူစင်သန့်ရှင်းပြီ… လှပ တဲ့ လူတိုင်းလိုချင်နေတဲ့ ကြွေဖြူရုပ်ကလေးပဲ …..သူ့မှာဖောက်ပြန်ခြင်း …ညစ်ထေးခြင်းအလျှင်းမရှိဘူးပေါ့ဟာ
…….ဒါကြောင့်မတော်တဆလွတ်ကျကွဲသွားခဲ့ရင်
ဒါမှ မဟုတ် ညစ်ပေသွားခဲ့ရင်တောင်…..
ပြန်ဆက်ပြီး… သန့်စင်ပြီး သုံးဖို့ အတော်ခဲယဉ်းတဲ့ ကြွေဖြူရုပ်ကလေးပေါ့ …. ….. ဒါကြောင့် ဒီကြွေဖြူရုပ်ကလေးကို …. တန်ဖိုးတထားနဲ့ … ရှိသင့်တယ်…… အခုတော့ မိချိုရဲ့ ကြွေဖြူရုပ်ကလေးက … အွန်လိုင်းဆိုတဲ့
လေလိုင်းအဝှေ့ထဲမှာ …. ကျကွဲသွားခဲ့ပြီးပြီ… နင်တော့ … ဒီယုံကြည်မှုနဲ့ သစ္စာတရားကြွေဖြူရုပ်ကလေးကို
ပြန်ဆက်ဖို့ အတော်ခဲယဉ်းဦးမယ်….. အကယ်၍ အကောင်းအတိုင်းဖြစ်ခဲ့ရင်တောင်…
ဆက်ရာကလေးတွေတော့ ကျန်နေဦးမှာပဲဟ…. ဒီဆက်ရာတွေကို
သင်ခန်းစာယူရမယ်…. ဆက်ရာတွေနဲ့ မထူးပါဘူး မလှတော့ပါဘူးဆိုပြီး
အမှိုက်ထဲလွင့်ပြစ်…. နေချင်သလိုနေပြစ်လိုက်တော့မယ်ဆိုတာမျိုး
ဖြစ်သွားတာထက်…. ဒီဆက်ရာပါတဲ့ကြွေဖြူရုပ်ကလေးကို .. ကြည့်ပြီး … နောက်ထပ်ကျမကွဲအောင်ထိန်းသိမ်းတဲ့နည်းကို
ရှာရတော့မယ်….. တန်ဖိုးထားတတ်ရတော့မယ်….အော်ကြီးဆို … သူမှားခဲ့ဖူးတော့ .. အခုဒီကြွေဖြူရုပ်ကလေးရဲ့ တန်ဖိုးကိုသိနေပြီလေ……. အွန်လိုင်းပေါ်မှာလည်း
… လေအဝှေ့တိုင်းမှာ .. လွတ်ကျသွားတဲ့ ကြွေဖြူရုပ်ကလေးတွေ
.. ဘယ်လောက်များရှိနေလိမ့်မလဲမသိဘူးနော်…… ငါတော့
တွေးရင်းတောင်အတော်မောမိတယ်…. အကောင်းအတိုင်းပြန်ဆက်ပြီး တန်ဖိုးထားနိုင်ကြပါစေဟာ..)
ဟု တစ်ယောက်တည်းရေရွတ်နေသည်…..
(ကျ မကွဲခဲ့ရင်အကောင်းဆုံးပေါ့ကွာ…)
မောင်မင်းက လည်း ကန်ရေပြင်ကြီးကိုသာကြည့်နေရင်းပြောသည်…..
(အေးဟာ … ငါတို့လည်း အကောင်းအတိုင်းပြန်ဆက်နိုင်အောင်ကြိုးစားတော့မယ်…..
သစ္စာကြွေဖြူရုပ်ကလေးရဲ့ တန်ဖိုးကို နားလည်ပါပြီဟာ)
မြတ်မွန်က သက်ပြင်းကလေးချရှာသည်….
(ကလင်း ကလင်း … ကလင်း…)
(ဟော … သူရဆီကထင်တယ်….
)
ချိုနွယ်က … သူမ လက်ကိုင်အိတ်ထဲမှဖုန်းကိုထုတ်လိုက်ရင်းပြောသည်….
(ဟုတ်တယ်ဟ …. ခဏနော..်)
ဟုဆိုက ထထွက်သွားသည်….. သိပ်မကြာပြန်ဝင်လာသည်…
(ငါ့ကို သူရလှမ်းခေါ်တာ ဟ …. သူအရမ်းဒေါသထွက်နေတယ်တဲ့ …. ဒီကိစ္စအပြတ်ရှင်းမယ်တဲ့ဟာ
…)
ကျွန်တော်ကပြုံးလိုက်ရင်း
(နင်သွားလိုက်ပါဟာ ….. သူအပြတ်မရှင်းပါဘူး
… ငါအာမခံတယ်… ယောက်ကျားတွေက တကယ်ပြတ်ပြီဆို…
နင့်ဆီတောင်ဖုန်းမဆက်တော့ဘူးဟ ….. ဒါသူနင့်ကို
စိတ်မကုန်သေးလို့ ပါ….. ငါပြောခဲ့သလိုပဲ ….. ကိုယ့်အပြစ်ကို ကိုယ်ခံရဲတဲ့ သတ္တိလေး မွေးထားနော်.. )
(အေးပါဟ… အော်ကြီးရ…
နင်ကလည်း .. ငါနင့်သူငယ်ချင်းပါ….. နင်တို့အားလုံးကိုကျေးဇူး တင်တယ်ဟာ … ကဲငါသွားလိုက်ဦးမယ်….
လေအဝှေ့မှာ လွတ်ကျသွားတဲ့ ငါ့ ကြွေဖြူရုပ်ကလေးကို … အတတ်နိုင်ဆုံးကြိုးစားပြီး အကောင်းအတိုင်းဖြစ်အောင်ပြန်ဆက်ယူလိုက်ဦးမယ်ဟာ……
နင်တို့လည်းငါ့ကို အားပေးကြနော်… ကဲကဲသွားပြီ…)
ဟုဆိုကာ …. ပိုက်ဆံအိတ်ကလေးကောက်လွယ်ကာ … ထွက်သွားတော့သည်…..
ကျွန်တော်တို့လည်း တစ်ယောက်ကိုတစ်ယောက်ပြုံးပြီးကြည့်မိကြသည်…. ဘာအဓိပ္ပါယ်မှန်းမသိပေမယ့် စိတ်ထဲတွင့်တော့ အတော်လေး ပေါ့ပါးသွားတာ အမှန်ဖြစ်သည်…..
ဖြစ်နိုင်တာကတော့ .. သူငယ်ချင်းတစ်ယောက်ကို သူဖြစ်သင့်တာ
ပြင်သင့်တာတွေ.. ပြောခွင့်ရလိုက်လို့ဖြစ်မည်…… အောင်မြတ်က စားပွဲထိုးကိုလှမ်းခေါ်ပြီးပိုက်ဆံရှင်းနေသည်…..
(တွီ… တွီ…. တွီ….)
ကျွန်တော့လက်ကိုင်ဖုန်းမှမြည်ခြင်းဖြစ်သည်…
(အေးပြော… ချစ်လေး
…..မောင်အခု ကန်ဘောင်မှာ အောင်မြတ်တို့ မြတ်မွန်တို့နဲ့လေ…..
အေးပါဘယ်မှ မသွားပါဘူး …. အေးပါကွာ… အခုအိမ်ပြန်မှာ …. စိတ်ချပါ…. အေးပါကွာ…….
ဘယ်သူနဲ့မှ မသွားဘူး …. ဘယ်က ကောင်မလေးပါရမှာလဲ
….. ချစ်လေးရယ်….. မယုံရင် အောင်မြတ်တို့နဲပြောမလား
….. အင်းအင်း .. အခုခဏနေပြန်ပြီ….. အင်း ဒါပဲနော်… အိုကေ…… )
ဖုန်းချပြီးလှည်ကြည့်တော့ ….. ကျန်သုံးယောက်က
ပြုံးစိစိဖြင့်ကျွန်တော့်ကို …. ကဲဘာတတ်နိုင်သေးသလဲ ဆိုတဲ့အကြည့်ဖြင့်ကြည့်နေကြသည်….
(ဟဲဟဲ …. ဒါငါ့ကြွေဖြူရုပ်ကလေးပဲလေ….
အက်ရာလေး နည်းနည်းထင်နေလို့ …. ပြန်သနေတာ…)
ဟုသာမချိသွားဖြဲဖြင့်ပြောနိုင်ပါတော့သည်……….. လေအဝှေ့မှာ ထပ်လွတ်မကျဖို့ … ကျွန်တော် ကောင်းကောင်းကျွမ်းကျင်နေပါပြီ……
By: လင်းလွန်းညို
No comments:
Post a Comment