Monday, December 24, 2012

ပန်ကိတ်၊ ပီဇာ ၊ ချာပါတီ ၊ ချီလီသို့ ရက်သုံးဆယ် နှင့်သဘောင်္ပေါ်မှ အငတ်ဘေး

ပန်ကိတ်၊ ပီဇာ ၊ ချာပါတီ ၊ ချီလီသို့ ရက်သုံးဆယ် နှင့်သဘောင်္ပေါ်မှ အငတ်ဘေး

ကျွန်တော့ ကို သဘောင်္သား အတွေ့ အကြုံတွေ ရေးပါ ဆိုတော့ …. ကျွန်တော့ မှာ အတော်ရေး စရာ ရှာယူရပါတယ်…. ကိုယ်တိုင်သဘောင်္သားဖြစ်နေတဲ့ အခါသဘောင်္ပေါ် မှာ ကြုံတွေ့ နေရတာ အတော်များများ က နေ့စဉ်လိုလို ကြုံနေကြရတော့ …. ဘာမှ မထူး ခြားသလိုဖြစ်နေတာမို့ …… ရေးစရာကို အတော်ရှာ ရတာ ဖြစ်ပါတယ်….. ဒီတစ်ခါတော့ ရေးစရာ … ပြောစရာ ကြီးကြီးမားမား ကိုရပါပြီ…… အကြောင်းက တော့ ကျွန်တော်တို့ သဘောင်္ကြီးပေါ် မှာ အငတ်ဘေးဆိုက်တဲ့အကြောင်းပါပဲ …


သဘောင်္ပေါ်က အငတ်ဘေး လို့ ဆိုတော့ ….. သာမာန်သဘောင်္သားအချင်းချင်းတောင် ယုံချင်မှ ယုံပါလိမ့်မယ်…. ချိဖ်ကွတ်( Chief Cook ) မကောင်းလို့ လား …… ဘာလား ညာလား တွေးစရာရှိပါတယ်… မဟုတ်ပါဘူး ….. ချက်ကြီးလည်းကောင်းပါတယ်…… ချက်တာ မှ စပါယ်ရှယ်ပါပဲ ….. ကဲ … ဒါဆို ဘာလို့ အငတ်ဘေးဆိုက် သလဲ …… ကျွန်တော်တို့ သဘောင်္ပေါ်မှာ တကယ်ကို စားစရာ ရိက္ခာ တစ်စက်မှ မရှိတော့ တဲ့ အဖြစ်နဲ့ ရင်ဆိုင်နေကြရလို့ ပါပဲ

ကိုရီးယားကနေ နောက်ဆုံး ကုန်တင်ပြီး သဘောင်္ က ပစိဖိတ်သမုဒ္ဒရာ ကို ဖြတ်လို့ ချီလီ နိုင်ငံကို သွားဖို့ စထွက်ကတည်းကိုက …. ကျွန်တော်တို့ ငတ်မယ်ဆိုတာ သေချာသွားခဲ့တာပါ…. ဖြစ်ပုံက ဒီလိုပါလေ….. ကျွန်တော်တို့ သဘောင်္ပေါ် စရောက်ပြီး ဘာမှ မကြာခင်ပဲ … သဘောင်္ပေါ်မှာ ဆန်ကုန်နေပြီ ဆယ့်ငါးရက်စာလောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်….. ဒါပေမယ့် အားလုံးက စိတ်အေးလက်အေးပါပဲ ….. တရုတ် နဲ့ ကိုရီးယား မှာ မို့ …. တစ်ပို့ မဟုတ် တစ်ပို့ တော့ ဆန်နဲ့ အခြား ရိက္ခာ များ တင်မှာပဲလို့ ထင်ထားပါတယ်…. ကျွန်တော်တို့ သဘောင်္လိုင်းက ကုမ္ပဏီ ဆပ်ပလိုင်းပါ……. ဒါကြောင့် ဆန်တင်ပေးမလား မတင်ပေးမလား ကို မသိကြပါဘူး ….. ဒီလိုနဲ့ ကိုရီးယား နောက်ဆုံးပို့ ရောက်တဲ့ အခါအထိကို ဆန်မလာတော့မှ…. ကျွန်တော်တို့ တတွေ အားလုံး ဆယ့်ငါးရက်စာလောက်ရိက္ခာနဲ့ …… ချီိလီနိုင်ငံကို ရက်ပေါင်းသုံးဆယ် သွားကြရတော့မယ်ဆိုတာ ၀မ်းနည်းဖွယ်သိလိုက်ရတော့တာပါပဲ……

စစချင်း သုံးလေးငါးရက်မှာမသိသာပေမယ့် …… တစ်ပတ်ကျော်လာတဲ့ အခါ…. ထမင်း တစ်နပ်ကို လွှတ်ပြီး … ခေါက်ဆွဲကျွေးတဲ့ အဆင့်ကို ရောက်လာပါတယ်…. ညနေစာပေါ့လေ…….. ဒါပေမယ့် အပြောင်းအလဲ ပဲဆိုပြီး သဘောင်္သားများလည်း ခေါက်ဆွဲကြော်ကို ပျော်ပျော်ရွှင်ရွှင်ပဲစားကြပါတယ်….မြန်မာသဘောင်္သားဆိုတဲ့ အမျိုးကလည်း ဒူပေဒဏ်ပေကိုး….. သို့ပေမယ့် စဉ်းစားကြည့်လေဗျာ ….သုံးလေး
ရက်ဆက်တိုက် ခေါက်ဆွဲကြော်ဖြစ်လာတော့လည်း မစားနိုင်တော့ဘူးပေါ့…. ဒါနဲ့ ပဲ ညနေပိုင်းကို ချာပါတီ ဇာတ်လမ်းစတော့တာပါပဲ …. ထမင်းချက်ကြီးက စေတနာထားရှာပါတယ်…. သူတတ်သမျှ မှတ်သမျှ အကုန်ချက်ပေးတာပါပဲ …. အပင်ပန်းလည်း ခံရှာပါတယ်…. ဒါပေမယ့် ခက်တာ က …. ဘာ ရိက္ခာ မှလုံလုံလောက်လောက်မရှိတဲ့ အခါ…. ဟိုဟာလည်း လုပ်မရ… ဒီဟာလည်း မပြည့်စုံမို့ ….. အတော်ဒုက္ခရောက်ရှာပါတယ်….. စပါဂတီ လည်းကျွေးပါသေးတယ်….
ပီဇာ လည်း အပင်ပန်းခံလုပ်ကျွေးပါတယ်…. ….. ဒါပေမယ့် ကိုယ်ရွှေမြန်မာများအားလုံးကတော့ ထမင်းကိုပဲတောင့်တပါတယ်……သဘောင်္တစ်စင်းလုံးက မြန်မာ များချည်းပဲမို့ ….. ထမင်းမစားပဲနေရတဲ့ နေ့များဆို အားလုံး အီလည်လည်ကြီးပါပဲ …..ပီဇာ တို့ စပါဂတီတို့ ဆိုတာလည်း….. ဘာပစ္စည်းမှစုံစုံလင်လင် မရှိတာမို့ … ခရမ်းချဉ်သီး နှစ် ထဲ အသားရောပြီး ခေါက်ဆွဲနယ်ထားတဲ့ အရသာမို့ …. နှစ်ရက်လောက်များ စားမိရင် အန်တောင်ထွက်ချင်ပါတယ်….. ပီဇာ ဆိုလည်း ချိစ် က အငန်များလို့ ….. အတော်လေး သည်းခံစားယူရပါတယ်….. ထမင်းချက်ကြီးကိုလည်း အပြစ်မတင်ပါဘူး … သူလည်း မရှိတဲ့ ကြားက လုပ်ပေးရတာကိုး ……. နေ့လည်ခင်းတော့ ထမင်း ကို တစ်ပါတ် လေးရက်လောက်ကျွေးပါတယ်….ကျန်တဲ့သုံးရက်ကတော့ ဂျုံပေါ့လေ…. …. မနက်မိုးလင်း မနက်စာကို ပေါင်မုန့် ကြက်ဥကြော်…. ၀က်ဥချောင်းကြော်…. ပန်ကိတ်….. ဆီထမင်း စ တာတွေ ကျွေးပါတယ်…. ကြားထဲမှာနှစ်ခါသုံးခါလောက် မုန့်ဟင်းခါး ချက်ကျွေးပါတယ်… ဒါပေမယ့် နှစ်ပါတ် လောက်ကြာတော့ မုန့်ဟင်းခါးလည်း ကုန်သွားပါတယ်……. ဟင်းသီးဟင်းရွက်မမြင်ရတာတော့ လတောင်ချီနေပြီထင်ပါတယ်….

ဟုတ်ပါတယ် အခြေအနေအားလုံးက နှစ်ပါတ်တာ ကာလမှာ စသိသာတော့တာပါပဲ ……. ခေါက်ဆွဲလုံးဝမရှိတော့တာမို့ …. သဘောင်္သားတွေ အခန်းထဲက EXPIRE ဖြစ်နေတဲ့ ခေါက်ဆွဲခြောက်ထုတ်တွေကို ပြန်တောင်းပြီး ကျွေးရပါတော့တယ်….. ညနေစာက တော့ ချာပါတီကို ရက်ဆက်စားရတော့တာပါပဲ ….” ကြက်ပဲ နဲ့ ချာပါတီ ……အတော်လည်း စိတ်နာပါသည် “ ဖြစ်ကုန်ကြပါတော့တယ်……. ကြက်ဆိုတာလည်း … ဘယ်တုန်းကတည်းက မကုန်တဲ့ ကြက်မှန်းမသိပါဘူး …. ထမင်းချက်ကြီး ခုတ်ထစ်နေတဲ့ ကြက်ကို ပုံမပျက်ခင် သွားမကြည့်ရဲဘူး …..သနားပြီး ညနေမစားနိုင်မှာစိုးလို့ ပါ….. ကြက်က ပိန်လိုက်တာ မှဗျာ …… အဆိုတော် ချမ်းချမ်းတို့ နဲ့ အမျိုးတော်သလား အောက်မေ့ရပါတယ်….. ဒါကြောင့် သွားမကြည့်တာပါ…..တခါတလေ .. နေ့လည် ထမင်းစားဖို့ တက်သွားရင်… ချိဖ်ကွတ်ကြီးက

“ ဟေ့ညီလေး…. ညနေပါတီရှိတယ်… “

“ ဘာပါတီလဲ “

“ ချာပါတီလေ….”

လို့ တောင် ဟာသပြောရတဲ့ အထိပါပဲ ……

ဒီလိုနဲ့ သုံးပါတ်ပြည့်သွားတဲ့ အခါ…. ဂျုံလည်းကုန်လာပါပြီ…….. ထမင်းလည်း ကုန်ခါနီးပြီပေါ့ … မနက်စာအတော်များများကို …. ပန်ကိတ်ချိုချိုကြီးများနဲ့ ကျော်ဖြတ်နေရပါပြီ….. …..ညနေစာအတော်များများကတော့ ကိုယ့် အခန်းထဲက အရင်က မစားပဲပြစ်ထားခဲ့တဲ့ …. ဒိတ်လွန် ခေါက်ဆွဲခြောက်တွေကို ပဲ တခုတ် တရ စားကြရပါတော့တယ်…… ကျွန်တော်တို့ လို ညဘက်ဂျူတီသမားများ အတွက်ကတော့ …. ဂျူတီပြီးလို့ ဘိုက်ဆာဆာ နဲ့ ထမင်းစားခန်းကို တက်လာပြီးတိုင် ရေခဲသေတ္တာကို သွားမဖွင့် ကြည့်ရဲတော့ ပါဘူး …..အထဲမှာ ဘာမှ မရှိတာ ကြာပြီလေ…. တော်ကြာ ဘွားကနည်း သရဲထွက်ခြောက်ရင်ဘယ်နှယ့်လုပ်မလဲ …… အဲ ကံကလေးကောင်းနေတာက .. သဘောင်္ပေါ်မှာ ကြက်ဥတော့ အတော်ပေါတာပါပဲ…….. ညဘက်ဂျူတီတက်လာရင်.. ကြက်ဥကို ကြော်လိုက်… ပြုတ်လိုက်….. သုတ်လိုက်နဲ့ ကို နှစ်ပါးသွားနေရတော့ တာပါ…….. ကဲ ပါလေ….. အခု နောက် သုံးရက်ဆို ကျွန်တော်တို့ ရက်သုံးဆယ် အတိ ပေါ့ …. ချီလီနိုင်ငံ မဂျလိုးနီစ် (Mejillones)ကို ရောက်ပါပြီ….. ဒီကနေ့ တော့ ထူးထူးခြားခြား ညနေကို ထမင်းစားလိုက်ရပါတယ်…… နေ့လည်က အာလူးပူရီနဲ့ ကြက်သားပေါ့ …. ကြက်ကတော့ ထုံးစံအတိုင်း ချမ်းချမ်း စတိုင်ကြက်ပါပဲ …. တစ်ခါတစ်လေ… ( နေ့ အတော်များများပါပဲ )ထမင်းစားချိန်ရောက်လာ မှာကိုတောင် ကြောက်နေမိတဲ့အဖြစ်ပါ…… နေ့လည်နေ့ခင်းများ ထမင်းစားချိန်ဆို ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး… ထမင်းစားခန်းထဲ ၀င်လိုက်တာနဲ့ ….. စိတ်ပျက်လက်ပျက်ဖြစ်ရတဲ့ရက်ပေါင်းလည်း မနည်းပါဘူး …… အလုပ်ပင်ပန်းတာက တစ်မျိုး … အစားအသောက်မကောင်းတာက တစ်မျိုး မို့ … အတော်ကို စိတ်ပျက်ယူရပါတယ်….

ပြီးခဲ့တဲ့ သုံးရက်လောက်က စတီးဝပ်လေးက …. Dry Store ထဲမှာ မီးလုံးပျက်နေတာမို့ လာလဲပေးဖို့ ပြောတာနဲ့ ကျွန်တော်နဲ့ တတိယအင်ဂျင်နီယာ တို့ သွားလဲပေးကြပါတယ်… အပြင်လူတွေ မသိမှာစိုးလို့ Dry Store ဆိုတာက … အစားအသောက်အခြောက်အချမ်းတွေ ထားတဲ့ စတိုခန်းပါ….. ဒါနဲ့ Dry Stroe တံခါးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ….. ကျွန်တော်နဲ့ တတိယအင်ဂျင်နီယာလေး တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ရလောက်အောင်ကို အံ့သြယူကြရတဲ့ အထိပါပဲ ….. Dry Store ကြီး တစ်ခုလုံးထဲမှာ ပစ္စည်းတင်တဲ့ စင်မြင့်တွေ အကုန်လုံးက … အရိုးပြိုင်းပြိုင်းနဲ့ ရပ်နေသလား အောက်မေ့ရအောင်ကို ….. ဘာဆို ဘာမှကို မရှိတော့ပါဘူး …. တခါမှလည်း အဲဒီလို ခါလီဖြစ်နေတဲပ Dry Store ကြီးကို မမြင်ဖူးဘူးလေ….. နောက် တစ်ပတ်လောက်ကို ဘယ်လို သွားကြမလဲ ဆိုတဲ့ ရင်မောစိတ်က … အတော်လေး မောယူလိုက်ရပါတယ်…….

ရက်ပေါင်း သုံးဆယ်နီးပါး …. ထမင်းနဲ့ အစားအသောက်၀၀လင်လင် မစားရတော့ ….. အလုပ်တွေများ နားလေမလား မထင်ပါနဲ့ ….. လာမယ့် Port မှာ Flag State Inspection ရှိတာမို့ ပြဲကားနေအောင်လုပ်ကြရပါ့တယ်…… အလုပ်ကတော့ …. အီးမေးလ်ပေါင်းများစွာ နဲ့ …. နေ့စဉ်နေ့တိုင်း Pressure ပေးခိုင်းတာများ တာဝန်ကို ကျေနေတာပါပဲ ….. မင်းတို့ စားရသောက်ရ အဆင်များပြေရဲ့လားလို့ …. ရုံးက တစ်ခွန်းတစ်လေများ မေးလေမလားလို့ တော့ မျှော်လင့်မိသားဗျာ …. ခက်တာက သူတို့ မေ့များမေ့နေသလားမသိပါဘူးလေ… ကဲ ထားပါ………..

အပေါ်က စာတွေဖတ်ပြီး … ဟင် အာလူးပူရီနဲ့ ကြက်သားတွေကော ….. ချာပါတီနဲ့ ကြက်သားတွေကော…… ပီဇာတွေကော ပန်ကိတ်တွေကော …. စပါဂတီတွေကော …. ဘာ ငတ်တာလဲ … ဘာလဲ အငတ်ဘေးလို့ မေးစရာရှိပါတယ်…….

မေးတော့လည်း ဖြေရတာပ ဗျာ …. ဖော့တုန်းလို ဘာအရသာမှ မရှိတဲ့ ကြက်သားတစ်မျိုးတည်းနဲ့ ပူရီကို မိတ်ဆွေ ဘယ်နှစ်ရက်စားနိုင်မလဲ …. ဒီလိုပဲ ချာပါတီကို ဘယ်နှစ်ရက်ဆက်ပြီးမိတ်ဆွေ စားနိုင်မလဲ …… အသားလည်း မပါ.. သံလွင်သီးမပါ…. ချိစ် ငန်ငန် နဲ့ ပီဇာ တွေကို မိတ်ဆွေ ဘယ်နှစ်ရက် ဆက်စားနိုင်မလဲ ….. ချိုရဲနေတဲ့ ပန်ကိတ်တွေကို မနက်စာ အဖြစ် မိတ်ဆွေ ဘယ်နှစ်ရက် ဆက်စားနိုင်မလဲ …… ခေါက်ဆွဲကို …. ခရမ်းချဉ်သီးအနှစ်ထဲ အရသာ မပါတဲ့ရေခဲရိုက်အသားကို ရောချက်ထားတဲ့ ဟင်းနဲ့ နယ်ကျွေး တဲ့ စပါဂတီဆိုတာကိုရော မိတ်ဆွေ ဘယ်နှရက်ဆက်လို့ စားနိုင်မလဲ ……….

ကျွန်တော်ပြောချင်တာက နာမည်တွေကို မဖတ်ပဲ … ပါဝင်တဲ့ ပစ္စည်းတွေကို ဖတ်လိုက်ရင်တော့ .. အငတ်ဘေးဆိုက်တယ်ဆိုတာ သိသာနိုင်ပါလိမ့်မယ်……….

အဲဒီလို ငတ်ကြတဲ့ အခါ ကျွန်တော်တို့ မှာ အပြစ်တင်စရာလူ အတော်ရှာယူကြရပါတယ်…… ဒီလို မလောက်မငဖြစ်မယ်မှန်းသိသိကြီးနဲ့ ….. တစ်လတာ ရက်ရှည်ခရီးကြီးကို ကမ်းမမြင်လမ်းမမြင် ပင်လယ်ကြီးထဲ မောင်းထွက်လာတဲံ ကိုရွှေ သူကြီး (Captain ) ကို ပဲ မေတ္တာပို့ ရမလား ….. စာရင်းမရှိ အင်းမရှိ…. အရှုံးပြနေပါတယ်လို့ ပါးစပ်က တဖွဖွပြောပြီး မြန်မာ တစ်ယောက်ရဲ့ ရပိုင်ခွင့် …. 6 US$ ကျော်ကျော်(တစ်ရက်စာ) ကို ၀အောင်မကျွေးချင်ပဲ …. ကျွန်တော်တို့ စားရမယ့် ပိုက်ဆံတွေကို ….အိတ်ထဲ ချည်း ခုတ်ထစ် ထည့်ဖို့ စဉ်းစားနေတဲ့ ….. စင်ကာပူရုံးက ဆူပါတွေကို ပဲ မေတ္တာပို့ ရမလား …….

( ရှုံးတယ်ဆိုလည်း စားရင်းလေး ဘာလေးပြလေ.. သဘောင်္သားအားလုံးကို … ခုတော့ အရှုံးပြတယ်ချည်းပြောတယ်… ဘာမှ မလာဘူး …. ငတုံးတွေများ မှတ်နေသလား မသိပါဘူး…… တစ်နေ့ သုံးကျပ်ဖိုးစားရတဲ့ ဘင်္ဂလားဒေ့ရှ်က ကုလားတွေတောင်….. ကျွန်တော်တို့ စားတာထက် သာတယ်…. ဟင်းများ ထည့်စားတာ မြင်မကောင်း ဘူး … မြင်ဘူးလို့ ပြောတာပါ…… ) ….

သိသိကြီးနဲ့ ငြိမ်ခံနေရတဲ့ ကျွန်ေတာ်တို့ ကိုရွှေသဘောင်္သားများရဲ့ ဘ၀ကို ပဲ အပြစ်တင်ရမလား ဆိုတာတွေးစရာဖြစ်လာပါတယ်…..

တကယ်ဆို ဒါဟာ ကျွန်တော်တို့ သဘောင်္သားများ ရပိုင်ခွင့် ထဲက အဓိက ဖြစ်တဲ့ အစားအသောက်ကို လျှော့ ချလိုက်တာပါပဲ ……. အခုဆို လိုင်းမှာ …. အစားအသောက်လျော့ … အိုဗာတိုင်ကြေးတွေ လျော့ ….. Special Money တွေလျှော့ လွန်းပြီး တိုးလာတာဆိုလို့ Pressure တွေပဲရှိပါတယ်… ဟိုဟာ မပြီးသေးဘူးလား .. ဟိုပစ္စည်းပျက်တာ ဘာလို့ ထုချေလွှာမတင်သေးတာလဲ …. အင်စပက်ရှင်အတွက် ရယ်ဒီဖြစ်ပြီလား …. အဲဒီပစ္စည်းက ပျက်ရအောင် အရင်က ပြင်ဆင်မှုတွေ ထိန်းသိမ်းမှုတွေမှန်မှန်မလုပ်လို့ လား …… စတဲ့ မေးခွန်း Pressure ပေါင်းများစွာနဲ့ …. ငတ်ငတ်ကြီးဖြတ်နေရတဲ့ ဘ၀ တွေကို တစ်ခါတစ်ခါ ပြန်သနားမိပါတယ်…..

ဒီလို လူအခွင့်အရေး .. အလုပ်သမားတစ်ယောက်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ တခြားနိုင်ငံခြားသား သဘောင်္သားတွေလို ကျွန်တော်တို့ မှာ တိုင်စရာ တောစရာ နေရာမရှိဘူးလား ….. တိုင်စာရေးပါလား ဆိုတော့ …. ရှိပါတယ်…. ကျွန်တော်တို့ မြန်မာပြည်မှာလည်း… ရေကြောင်းလောက က နာမည်ကြီးပုဂ္ဂိုလ်ကြီးများက ဖွဲ့စည်းထားတဲ့ ….သဘောင်္သားအဖွဲ့ချုပ်ကြီး ပေါ်နေပါပြီ တိုင်ချင်တာပေါ့ … ဒါပေမယ့် တိုင်လိုက်ပြီးရင်…. အလုပ်မပြုတ်ပါဘူး … ဒါမှ မဟုတ် …သဘောင်္သား အဖွဲ့ချုပ်ကနေ … အလုပ်ပြန်ရှာပေးပါမယ် ဆိုတဲ့ အာမခံချက်… ကျွန်တော်တို့ မြန်မာ သဘောင်္သားများဆီမှာ မရှိပါဘူး….. တိုင်လိုက်လို့ .. အခွင့်အရေးမရတဲ့ အပြင် ကိုယ့် ရှိနေတဲ့ အလုပ်ကလေးပါ ပြုတ်သွားမှာကြောက်ကြတော့ … ဘယ်သူမှ မတိုင်ရဲပဲ ….. ငြိမ်ခံနေကြရတာပါ……

ပြဿနာကတော့ အဲဒါပါပဲ ….. သဘောင်္သားများရဲ့ အကျိုးစီးပွားကို ကာကွယ်တယ်ဆိုတာ … ပြဿနာ ဖြစ်လာမှ ၀င်ရှင်းပေးတာမျိုးမဟုတ်ပဲ ….. ပြဿနာ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပေးတာ ….. ပြဿနာဖြစ်လို့ ရှင်းလင်းပြီးသွားရင်လည်း … ဒီသဘောင်္သား ရဲ့ ဘ၀ရှေ့ရေး အလုပ်မပြုတ်ဖို့ …. နောက်နောင် သဘောင်္လိုက်စားဖို့ အခွင့်အရေး မပိတ်ပင်သွားဖို့ အာမခံချက်တွေ … ပေးရမှာပါ…. ပြဿနာ တက်မှ လာတိုင်လို့ ရှင်းပေးတာလောက်ကတော့ .. သာမာန်ရေကြောင်းနဲ့ အလုပ်သမားဥပဒေလောက်နားလည်တဲ့ ရှေ့နေများနဲ့ တင် လုပ်လို့ ရပါတယ်……ဘာအဖွဲ့အစည်းမှတောင်ကြီးကြီးကျယ်ကျယ်ဖွဲ့နေစရာမလိုပါဘူး ….. ကျွန်တော်တို့ မြန်မာသဘောင်္သားများ ဘ၀ က ဘာအာမခံချက်မှမရှိပါဘူး ……… သဘောင်္သားများနဲ့ ပတ်သက်တဲ့ အဖွဲ့ပေါင်းစုံသာ နာမည်တွေပြောင်းလာကြပါတယ်…. ဘာ မှလုပ်မပေးနိုင်… ရပ်တည်မပေးနိုင်ပါဘူး …… ရေကြောင်းဥိးစီးဌာနကရော … ကျွန်တော်တို့ ဘက်က များရှိနေသလား မေးကြည့်ချင်ပါတယ်…. ရှိနေတဲ့ စီဒီစီ… အလုပ်လက်မှတ်လေးမှာ …. မှင်နီမတားလိုက်ဖို့ အရေး …. သူကြီးကို ခေါင်းငုံခံဆက်ဆံနေရတာပါ…. မှင်နီကလေးများပါသွားလို့ ကတော့ … ရေကြောင်းဦးစီးက စည်းကမ်းဌာနမှာ ….. အဆူအဆဲအဟောက်ခံပြီး …. သဘောင်္လိုက်ဖို့ ဘယ်နှစ်နှစ် ဘယ်နှစ်လပိတ်သည်ဆိုတာ ကို ခံယူဖို့ သာ စဉ်းစားထားပါတော့ ……..
ပြည်ပ အလုပ်သမားအဖွဲ့အစည်းတွေကို တိုင်ကြားတာလည်း ထို့ အတူပါပဲ ….. တိုင်လိုက်ပြီးရင်….. အလုပ်လုပ်ခွင့်ပိတ်သွားမှာကိုကြောက်တာနဲ့ ပဲ ….. ရွှေမြန်မာသဘောင်္သားများက ငြိမ်ခံနေရတာပါပဲ …..

လုပ်ခအချိန်ပို ကြေးတွေလျှော့တုန်းက …. ကျွန်တော်က မကျေနပ်လို့ ….. မကျေနပ်ဘူးလို့ ပြောတဲ့အခါ…. ဘိုဆင်ကြီးက …. မင်း မကျေနပ်ရင် အရာရှိဖြစ်အောင်လုပ်ပေါ့ …. ဒါဟာ ထွက်ပေါက်ပဲလို့ ဆိုလာပါတယ်…. ဒါက ဘိုဆင်ကြီးရဲ့စေတနာပါ….. ဒါပေမယ့် အဲဒီ အရာရှိဖြစ်အောင်လုပ်ခြင်းက ထွက်ပေါက်တစ်ခုမဟုတ်ပါဘူး …. အလုပ်သမား မှန်ရင် အလုပ်သမားတစ်ယောက်ရဲ့ ခံစားခွင့် အပြည့်အ၀ ရရှိခြင်းကသာ တကယ့်ထွက်ပေါက်အစစ်အမှန်ဖြစ်ပါမယ်… ကျွန်တော် စာမေးပွဲဖြေ.. အောင်သွားလို့ အရာရှိဖြစ်သွားတော့ရော … ဒီ အောက်ခြေအလုပ်သမားတွေ အပေါ်ဖိနှိပ်မှုကြီးက ရပ်တန့်သွားမှာတဲ့လား … ကျွန်တော်တစ်ယောက်သာ လစာကောင်းကောင်းရသွားပြီး …. Crewတွေကတော့ … ခံမြဲခံနေကြရမှာပါပဲ …. ကျွန်တော်တို့ ကြိုးစားရမှာက …. အရာရှိလည်း အရာရှိအခွင့်အရေးအပြည့်အ၀ရဖို့ ….. Crew လည်း Crew အခွင့်အရေး အပြည့် အ၀ ရဖို့ ဖြစ်ပါတယ်……… ဒါဟာ တကယ့် လမ်းကြောင်းအမှန်ပါပဲ …..

သဘောင်္သားတွေ ပါးစပ်ဖျားမှာ …. သဘောင်္သားဘ၀ကို စိတ်ကုန်တယ်…. မြန်မာပြည်မှာ သဘောင်္သား လောကကြီးပပျောက်သင့်ပြီ…… သဘောင်္သားဆိုတာအောက်တန်းစားအလုပ်ပဲ …. စတဲ့အတွေးတွေ စကားတွေလည်းကြားလာရပါတယ်…… တကယ်တော့ သဘောင်္သား လောကကြီးပပျောက်သွားဖို့ မလိုပါဘူး …. မြန်မာ သဘောင်္သားများ အခွင့်အရေး အပြည့်အ၀ရရှိဖို့နဲ့ …. မြန်မာ့ ရေကြောင်းလောကတိုးတက်ဖို့ သာ သာ ကြိုးစားရမှာပါ…… ကမ္ဘာကုန်သွယ်ရေးမှာ ရေကြောင်းရဲ့ အရေးပါမှုဟာ …. ၇၀ % လောက်ရှိပါတယ်…. ဒီတောာ့ ဒီလောက်ကြီးမားတဲ့ လုပ်ငန်းခွင်ကြီးတစ်ခု ကို ကျွန်တော်တို့ ပပျောက်သွားအောင်လုပ်စရာ ဘာမှ မလိုပါဘူး …

သဘောကတော့ဗျာ ….မြန်မာ အလုပ်သမားတစ်ယောက်ဟာ ကိုးလ Contract နဲ့ စာချုပ်ချုပ်တယ်…. ဖိလစ်ပိုင်များနဲ့ … အင်ဒီးယားတွေတော့ .. ခြောက်လပဲ Contract ရှိတယ်…. ကိုးလလောက်ရေထောင်ကျတာနဲ့ … ခြောက်လကျတာ ဘယ်ဟာ သက်သာမလဲ …တွေးကြည့်နိုင်ပါတယ်….. ကုမ္ပဏီများဘက်က ကြည့်ရင်တော့ ….. လေယာဉ်ခ…. ဘာခ ညာခနဲ့ ပိုကုန်တာပေါ့လေ…. ဒါကြောင့်လည်း ကိုးလ လောက် ရေထဲမှာကြာကြာနေနိုင်မယ့် မြန်မာတွေကို ဈေးပေါပေါနဲ့ ခေါ်နေတာပါပဲ …..
လုပ်ခလစာဆိုလည်း …. ကျွန်တော်တို့ မြန်မာ တစ်ယောက် ၉၀၀ US$ နဲ့ လုပ်တဲ့အလုပ်ကို …. ဖိလစ်ပိုင်နဲ့ ကုလားများက ….. ၁၆၀၀ ၁၈၀၀ လောက်နဲ့ လုပ်ကြတယ်… အလုပ်က ဒီအလုပ်ပဲ …… လစာတော့ကွာသွားပါတယ်…. တစ်လ …ကိုးရာနဲ့ …. ကိုးလ စာ ပိုက်ဆံ ကို …. တစ်လ… ၁၈၀၀ နဲ့ ခြောက်လစာပိုက်ဆံနဲ့ ယှဉ်ကြည့်ရင်… ကျွန်တော်တို့ မြန်မာတွေကို ဘယ်လောက် အခွင့်အရေး ချိုးနှိမ်ထားသလဲဆိုတာ သိသာနေပါပြီ…… ၁၈၀၀ လောက်ရမှတော့ ဗျာ .. ဘယ်သူက ကိုးလနေမလဲ … ခြောက်လဆို အိမ်ပြန်ပြိပေါ့ … ဒီသဘောပါပဲ …..
အစားအသောက်လည်း ဒီလိုပဲ …..

ဒါ့အပြင်….. ကျွန်တော်တို့ မြန်မာ တွေမှာ သူကြီး(Captain)… စက်ချုပ် (Chief Engineer ) ပြီးရင် မက်စရာ အိပ်မက်က သိပ်မကျန်တော့ပါဘူး ….. ဒါပေမယ့် .. နိုင်ငံခြားသားတွေမှာတော့ … Inspector လုပ်မလား … ဆာဗီယာလုပ်မလား …. ရုံးထိုင်မလား …. စတဲ့ … ကုန်းပေါ်က အလုပ်ကောင်းကောင်းများကို ….. မျှော်မှန်းနိုင်ကြပါတယ်…….
ကျွန်တော်တို့ အဓိက လုပ်ဆောင်ကြရမှာက ….. မြန်မာ သဘောင်္သား လောက ကြီးပပျောက်သွားဖို့ ထက်….. မြန်မာတွေ ရေကြောင်းလောကကို ချယ်လှယ်နိုင်ဖို့ သာဖြစ်ပါတယ်…….. အရာရှိ ပိုင်းတွေမှာ မြန်မာတွေများလာရမယ်….. ရုံးထိုင်ဖို့ …. အင်စပက်တာလုပ်ဖို့ .. စတာတွေ အခွင့်အလမ်းရှိလာရမယ်…… ဒီလို ကြိုးစားရမှာပါ…….

မေးစရာက ဒါတွေ ဘယ်တော့ဖြစ်လာမလဲ …. ဘယ်လိုဖြစ်လာအောင်လုပ်မလဲ …..

ဒါတွေကို ဘယ်တော့ဖြစ်လာမလဲ ဆိုတာတော့ ကျွန်တော်တို့ သဘောင်္သားများပေါ်မှာပဲမှုတည်ပါတယ်….. ဘာလို့ ဆို …… ကိုယ်တိုင်မလုပ်မချင်းဘယ်တော့မှဖြစ်မလာပါဘူး …..

ဘယ်လိုဖြစ်အောင်လုပ်ကြမလဲ …. သဘောင်္သားများ အခွင့်အရေးကို သဘောင်္သားများကမှ စည်းလုံး စုရုံးမတောင်းဆိုရင်… ဘယ်သူက တောင်းဆိုပေးလိမ့်မယ်လို့ ထင်ပါသလဲ …… အေးဂျင့်တွေလား .. ဌာနေကိုယ်စားလှယ်တွေလား….. လိုင်းပိုင်ရှင်တွေကလား ….. မဟုတ်ပါဘူး … ကျွန်တော်တို့ သေဘာၤသားမ်ား အခြင့္အေရးကို သေဘာၤသားမ်ားကိုယ္တိုင္က မွ မဖန္တီးရင္ဘယ္သူက မွ မဖန်တီးပေးပါဘူး …… တစ်ယောက်တစ်ပေါက်တောင်းနေတော့ ရောဘာဖြစ်လာမှာလဲ ….. အလုပ်ပြုတ်သွားတာ အပြင်ဘာမှပိုထုးမလာပါဘူး ….. ဒါဆို … ပါးစပ်တစ်ပေါက်နဲ့ မတောင်းဘူး ပါးစပ်ပေါက်တစ်ထောင်… တစ်သောင်းနဲ့ တောင်းမယ်ဆိုရင်ကော…. နာမည်တွေ မပါဘူးဗျာ…… အဖွဲ့အစည်း… တကယ့် သဘောင်္သားကိုယ်စားပြုအဖွဲ့အစည်းတစ်ခုအနေနဲ့ တောင်းမယ်ဆိုရင်ကော …. ဖြစ်မလာနိုင်ဘူးလား … ဖြစ်လာနိုင်ပါတယ်…..

ရေကြောင်းလောက မြှင့်တင်ခြင်းလည်း ဒီလိုပါပဲ ….. သဘောင်္ကုမ္ပဏီများက လုပ်ခနည်းနည်းနဲ့ …. သဘောင်္ပေါ်ကြာကြာထားလို့ ရတဲ့ ….. အလုပ်သမားကိုပဲ ခေါ်ချင်ပါတယ်….. ဖြစ်နိုင်ရင်… နှစ်နဲ့တောင်ချီပြီးနေစေချင်တာပါ….. ဒီအလုပ်သမားတွေဘ၀ကို မြှင့်တင်ပေးလိုက်ရင်… သူတို့ ပဲပိုက်ဆံပိုပေး .. အချိန်လျှော့ခိုင်းရမှာမို့ …. ဘယ်သူမှစိတ်မ၀င်စားပါဘူး .. အေးဂျင့်များလည်း စိတ်မ၀င်စားပါဘူး .. ဌာနေကိုယ်စားလှယ်များကလည်း စိတ်မ၀င်စားပါဘူး ….. ကိုယ့် လုပ်ငန်းခွင်အဆင့်အတန်းမြှင့်ဖို့ … ကိုယ့်အရည်အချင်း အခွင့်အလမ်းမြှင့်ဖို့ ကိုယ်ပဲလုပ်ယူရမှာပါပဲ ……

ဒါကြောင့် သဘောင်္သားစစ်စစ်…. (တကယ့် သဘောင်္သားစစ်စစ်) အလုပ်သမားများသာ ပါဝင်တဲ့ သဘောင်္သား သမဂ္ဂ သို့ မဟုတ် အဖွဲ့ချုပ်တစ်ရပ် ပေါ်ပေါက်ဖို့ … မြန်မာသဘောင်္သားလောက မှာ အမှန်တကယ်လိုအပ်နေပါပြီ…… တစ်ချို့ များကလည်း သမဂ္ဂဆိုတာနဲ့ကို ကြောက်ချင်နေကြပါတယ်….. အလုပ်သမား များ အလုပ်သမားအဖွဲ့ အစည်း .. သမဂ္ဂ… အဖွဲ့ချုပ်.. စတာတွေဖွဲ့စည်း တာဟာ ….. ဒါအလုပ်သမားထုတိုင်းလုပ်နေတဲ့အလုပ်ပါ…. ဒီမိုကရေစီနိုင်ငံတိုင်းမှာရှိပါတယ်….. သဘောတူထားတဲ့ အခွင့်အရေးတွေ အပြည့်အ၀မရလို့ ….. လုပ်ခမလောက်ငလို့ .. အလုပ်သမားဆန္ဒပြတာဟာလည်း ဒီမိုကရေစီ….နိုင်ငံတိုင်းလိုလို မှာရှိပါတယ်…… ဒါဟာ ဘာမှထူးဆန်းလှတဲ့ကိစ္စမဟုတ်ပါဘူး .. ဒါကို ပဲ … ၀ါရင်သဘောင်္သားတစ်ယောက်ဆိုသူက ….. အလုပ်သမားတွေ ဆန္ဒပြနေလို့ .. နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ထိခိုက်နိုင်တယ်….. ဆိုပြီး ဟိုတစ်လောက ဂျာနယ်တစ်စောင်မှာ … သိသလိုတတ်သလိုနဲ့ ပြောသွားပါသေးတယ်…… အဲဒီလို ဆန္ဒပြတိုင်း အလုပ်သမား သမဂ္ဂတွေဖွဲ့စည်းတိုင်းသာ ….. စီးပွားရေးထိခိုက်ရမယ်ဆို …. အမေရိကား ဆိုခေါင်းတောင်ထောင်နိုင်မှာမဟုတ်ပါဘူး … မတိုးတက်ခင်ကတည်းက…. ဒီလိုပဲ အဖွဲ့တွေဖွဲ့ … ဆန္ဒပြတောင်းဆို … အစိုးရလိုအပ်နေတာတွေကို ပြည်သူကပြော … ဒါနဲ့ ပဲ ….. ပွင့်လင်း လွတ်လတ်နဲ့ လူအဖွဲ့အစည်းတစ်ရပ်ကို တည်ထောင်ကြရတာပါပဲ ….

ဒီတော့ … ကျွန်တော်တို့ သဘောင်္သားတွေ အနေနဲ့ …. မြန်မာသဘောင်္သား များအကျိုးကို အမှန်တကယ်လုပ်ဆောင်ရပ်တည်ပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကို သဘောင်္သားများကိုယ်တိုင် တည်ထောင်မှကို ဖြစ်မယ်လို့ပဲမြင်ပါတယ်…… ဘာမှ မတောင်းရင် ဘာမှ မရပါဘူး …. ဒါပါပဲ …… ကျွန်တော်တို့ အခွင့်အရေးအတွက် ကျွန်တော်တို့ ကြိုးစားရလိမ့်ဦးမယ်……. ဒါကိုမှ… ထားလိုက်ပါညီလေးရာ… အပိုတွေလုပ်မနေပါနဲ့ … အေးအေးနေစမ်းပါ… မင်းထမင်းအိုးကွဲသွားချင်လို့ လား ….အလုပ်ပါပြုတ်သွားမယ်….ဆိုတဲ့ ခပ်တုန်းတုန်းစကားတွေဆင်ခြေတွေ.. တက်လာရင်တော့ …. ကျွန်တော်တို့ ခင်ဗျားတို့ ဟာ ….. သဘောင်္သား ယောက်ကျားရင့်မာ .. ကမ္ဘာတောင်ပတ်နေတဲ့ လူတွေဖြစ်နေပြီး ….. အထည်ချုပ်စက်ရုံ … ဖိနပ်စက်ရုံက အလုပ်သမတွေနဲ့ …. ကောက်စိုက်သမတွေလောက်တောင်… အသိဥာဏ်မရှိ… သတ္တိမရှိတဲ့ ……. လူတန်းစားကြီးတစ်ရပ်ဖြစ်သွားလိမ့်မယ်လို့ ပဲ ပြောချင်ပါတယ်….………

ကြိုးစားကြည့်ဖို့ တော့ လိုပါလိမ့်မယ်…… ဖြစ်ကို ဖြစ်လာမယ်ဆိုတာ ကျွန်တော့ ယုံကြည်ချက်ပါပဲ …..

အခုလောလောဆယ်တော့ …. ငတ်တလှည့်ပြတ်တလှည့်နဲ့ …. ချီလီနိုင်ငံကို ကျွန်တော် တို့ သဘောင်္ကြီးက ခုတ်မောင်းနေပါတယ်….. ဘယ်သူကို မှ ပြန်မပြောနိုင်.. တောင်းဆိုခွင့်မရနိုင်သေးတဲ့ အတူတူတော့ ….. ထမင်းစားချိန်တိုင်း …… မ၀ရေစာ စားရတိုင်း ….. ကျွန်တော့ အမှန်တကယ် စားသင့်တဲ့ ကျွန်တော့ ချွေးနဲ့ ရင်းပြီး ရှာစားထားရတဲ့ … ဖြူစင်တဲ့ ထမင်းလုပ်ကို မသဒ္ဒါရေစာဖဲ့ယူပြီး ကိုယ်ကျိုးအတွင် အသုံးချတဲ့ … မည်သူ့ကို မဆို …. မေတ္တာ လှလှကြီးပို့ နေပါတော့တယ်ခင်ဗျား ….. အဲဒီထဲမှာ အကုန်ပါသပေါ့ဗျာ …. မျက်နှာရချင်လို့ သဘောင်္သားများကို အငတ်ထားသူတွေ…. သဘောင်္သားများ စားသောက်ဖို့ ပိုက်ဆံကို အိတ်ထဲထည့်သူတွေ. .အကုန်အကုန်ပေါ့ ….. ပို့ တဲ့မေတ္တာလား … မမေးနေပါနဲ့ …… ပုဂံခေတ်က ကျိန်စာကျောက်စာတွေတောင် သနားတယ်ဖြစ်သွားပါ့မယ်….

ဘာပဲပြောပြော ပင်လယ်ထဲက ကျွန်တော်တို့ လို ပင်လယ်ပျော်တိုင်းအခွင့်အရေး အပြည့်အ၀ရစေချင်ပါတယ်.....

ကျွန်တော်တို့ ငတ်သလို … မြန်မာ သဘောင်္သားများ မငတ်ကြပါစေနဲ့ ဗျာ …. တကယ်လှိုက်လှိုက်လှဲလှဲဆုတောင်းပါတယ်….

မေတ္တာသက်သက်ဖြင့်
လင်းလွန်းညို ….

No comments:

Post a Comment