ညဈေး အပိုင်း ၁
(၁)
 သူမငိုချင်နေသည်…….. 
 (ငါ့ အဖေကို ငါမလုပ်ကျွေးခဲ့ရပါလား….. ငါဟာအတော်မသုံးမကျတာပဲ)
 တွေးနေရင်း ပိုပိုပြီးဝမ်းနည်းလာသည်….. ထိုအချိန်တွင်… နောက်ပြန်ဆွဲနေသော စိတ်ကလည်းရှိနေသေးသည်….
 (ငါငိုလို့မဖြစ်ဘူး .. ဒါတစ်ခုခုတော့မှားနေပြီ… ဟုတ်တယ် မှားနေပြီ….. ဒါငါ့ကို သက်သက် စိတ်အားငယ်အောင်လုပ်နေတာ…… ငါတင်းထားမှ)
 ဟုသည်…. သူမ ဘ၀တွင်တစ်ငြိမ်တစ်ခါမှ သူမ အဖေအတွက် မျက်ရည်မကျခဲ့ဖူးပေ......
 မျက်ရည်ကျရလောက်အောင်လည်း သူမ အဖေက သူမအပေါ်ကောင်းခဲ့သည်မဟုတ်….
 နောက်မိန်းမတွေယူ…. သူမ အမွေဝေစုကို ပြန်သိမ်း…. စသဖြင့် အမျိုးမျိုး 
ရှိခဲ့ဖူးသည်… ဒါကြောင့်လည်း တစ်ခုခုမှားနေပြီဟု တွေးခြင်းဖြစ်သည်…. သူမသည်
 သူမအဖေကို မုန်းမနေသော်လည်း မချစ်တာတော့ သေချာသည်…… ချစ်လျှင်တောင်မှ 
တွယ်တွယ်တာတာ ဘာမှ မရှိ……..ဒါကို သူမလည်း သိနေသည်…. နောက်တစ်ချက်… 
အသဲအသန်ငိုချင်.. ၀မ်းနည်းချင်နေရအောင်လည်း … သူမ အဖေဆုံးသွားသည်မှာ… 
သားအကြီးကောင် တစ်သက်ရှိပြီ….. အခုပဲ သားအကြီးက ဆယ့်လေးနှစ်…. အငယ်က .. 
ခြောက်နှစ်…..သိသိကြီးနှင့် ည ကြီးမင်းကြီး ငုတ်တုတ်ထထိုင်ကာ… ရှိုက်ကြီးတငင်ငိုချင်နေခြင်းဖြစ်သည်….
 သူမ နာရီကို လှမ်းကြည့်မိသည်…… 
 ညသန်းခေါင်ကျော်….. နှစ်နာရီခွဲ……. 
နာရီသံ က တစ်ချက်ချက်သွားနေပြီး ….. အရာအားလုံးတိတ်ဆိတ်နေသည်………တစ်ဘက်အိပ်ယာပေါ်တွင်အိပ်နေသော သားအကြီးကောင်ကို လှမ်းကြည့်မိသည်…… မီးထွန်းထားတာကြောင့် လင်းလင်းချင်းချင်းမြင်နေရသည်….ဒီတစ်အိမ်လုံးတွင်
 သူမ…သားကြီး နှင့် သားငယ် အားလုံး သုံးယောက်ပဲရှိတာဖြစ်သည်.. အမျိုးသားက 
သဘောင်္သားမို့ …. အိမ်တွင်မရှိ…… သားအကြီးကို တစ်ခေါက်ပြန်ကြည့်မိပြန်သည်……. 
 (ဒီကောင်ငါ့သားမှဟုတ်ရဲ့လား………. မဟုတ်ဘူး …. ဒါတစ်ခြားယောက်ကျားတစ်ယောက်.. ကြည့်စမ်း ငါ့အိမ်ထဲဘာလို့ ရောက်နေတာလဲ)
 (ဟာမဟုတ်ပါဘူး.. ဒါသားကြီးပါ… အောင်မိုးပါ…… ငါဘာတွေ တွေးနေတာလဲ)
 (ဒီယောက်ကျားကို အိမ်ပြင်အမြန်မောင်းထုတ်ရမယ်…ဒါမှမဟုတ်….. အိပ်နေတုန်းရိုက်သတ်ပစ်မှ…… ငါ့အိမ်ထဲ ပိုင်းစိုးပိုင်နင်းကွာ… တောက်)
 (ငါဘာဖြစ်နေတာလဲ…..ဒါအောင်မိုးမှန်းလည်း ငါသိတယ်…..ဘာလို့ ဒီလို မဟုတ်တာတွေတွေးနေတာလဲ…… ဘုရား ဘုရား….. ဒါသွေးရိုးသားရိုးမဟုတ်ဘူး…. ငါတစ်ခုခုတော့ဖြစ်နေပြီ…… )
 သူမှစိတ်ထဲမှ လွန်ဆွဲပွဲကို သူမသိနေသည်…… ဘယ်ကမှန်းမသိသော စိတ်ရိုင်းတစ်ခုက သူမကို ၀င်ရောက်စိုးမိုးချင်နေပြီ…..မဖြစ်
 တင်းထားမှ…. စိတ်ကို တင်းထားမှ….. ငါ ယိုင်နဲ့ သွားလို့ မဖြစ်ဘူး… 
ငါငိုချလိုက်လို့ ကို မဖြစ်ဘူး….. ဒိအချိန်တစ်ခုခု ဖြစ်သွားရင်… ငါတို့ 
ပဲဒုတ်ခရောက်မှ…..ဘယ်သူမှလည်း ကယ်နိုင်မှာမဟုတ်ဘူး………..
 ဂရုန်း.. ဂရုန်း…. ဂရုန်း ဂရုန်း……
 ရေခဲသေတ္တာမှလှုပ်သော အသံဖြစ်သည်…..ဒီရေခဲသေတ္တာက ၀ယ်ထားတာမှ 
လပိုင်းပဲရှိသေးသည်…… ဘာလို့ဒီအသံမည်နေလဲ သူမ မစဉ်းစားတတ်ဖြစ်နေသည်….. မနေ့
 က မနက်ကထိဘာသံမှမမည်ပါဘူး…. ထည့်ထားတဲ့ ပစ္စည်းပဲများလို့ လား……. 
မနေ့ည…ကတော့ …ငါးခူတစ်ပိဿာ နဲ့ …. ကြက်သား ငါးဆယ်သား…. ညဈေးက ၀ယ်လာပြီး.. 
ထည့်ထားမိသည်…… ဒါကလည်း သူမ၏ ရေခဲသေတ္တာ (deep freezer) ကြီး၏ 
ပမာဏနှင့်သာယှဉ်လျှင်….. ဘာမှမပြောပလောက်ပေ….. 
 ဒါဆိုဘာလို့ ရေခဲသေတ္တာကမည်နေရသနည်း….စဉ်းစားရင်းက ….. ငိုချင်လာပြန်သည်…..ရုတ်တရက် အတွေးတစ်ခု ချက်ချင်းခေါင်းထဲဝင်လာသည်…..
 (. ညဈေး…….. ဟုတ်တယ်….. ည ၁၀နာရီခွဲဈေး…… အဲဒီကအသားဝယ်လာမိတယ်…..ငါဒီလို မဟုတ်တာတွေ တွေးနေမိတာ ဟာ အဲဒီက စတာပဲ…. ဟုတ်တယ် ညဈေး……………………………………….တောက်…
 ဒါဟို အကောင်လေး နှစ်ကောင်စားသောက်ဖို့ ၀ယ်ရတာ…. အဲဒီနှစ်ကောင်မှာ 
အပြစ်ရှိတယ်……တောက် အပြစ်ရှိရင် ရိုက်ရမှာပဲ…. တောက်… ဘယ်မလဲ 
တံမြက်စည်းတုတ်…. သေတဲ့ အထိရိုက်မယ်…… )
 သူမ 
အခန်းနံရံတွင်ထောင်ထားသော တံမြက်စည်းတုန်ကို လှမ်းယူလိုက်သည်…… 
ထို့နောက်….. သားအကြီးကောင်အိပ်နေရာ ကုတင်ဆီသို့ 
လျှောက်လာသည်….သံပိုက်နှင့်လုပ်ထားသော ပလပ်စတစ် တံမြက်စည်းကို လက်ထဲမှာကျစ်ကျစ်ပါအောင်စုတ်ထားမိသည်……
 မျက်ရည်များက တတွေတွေ ကျနေပြီ…. သူမကို တစ်ယောက် ယောက်က … တွန်းလွှတ်နေသလို
 ဖြစ်သည်….. သူမ၏ ကုတင်ဆီကို လှမ်းနေသော ခြေလှမ်းများ ကို 
ရပ်ပစ်လိုက်ချင်သည်.. .ရပ်တန်ရွေ့ မရ…. နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူ
 ကုတင်ပေါ်မှလူသည်… သူမ သားကြီးလား… သူစိမ်းယောက်ကျားလားဆိုတာ သူမ 
မကွဲပြားတော့….. ငိုနေမိပြီ….. မျက်ရည်တွေ … ကျလိုက်သည့်ဖြစ်ချင်း….မျက်လုံးတွေ နီရဲနေပြီ……. မျက်လုံးများ က သွေးများဖြင့် ပြည့်နေသလို
 ဂရုန်း ဂရုန်း…. ဒုန်းဒုန်း… ဂရုန်း.. ဂရုန်း….
 ရေခဲသေတ္တာထဲမှ အသံကပိုမည်လာသည်…..
 (ဟင်းဟင်း…… င့ါအိမ်ထဲဝင်လာတဲ့အကောင်.. နင်သေမှအေးမှာ….. )
 ဂရုန်းရုန်း ဂရုန်းရုန်း….. ရုန်း……..
 လက်ထဲမှ သံပိုက်လုံး တံမြက်စည်းရိုးတံက လေထဲသို့ မြောက်တက်သွားပေပြီ…… 
 (မဟုတ်ပါဘူး ဒါငါ့သားပါ…. ဒါငါ့သား… မလုပ်နဲ့ မလုပ်နဲ့) 
 သို့ သော် နောက်ကျသွားခဲ့ပြီ…သူမကိုယ် သူမ 
 တားဆီး နိုင်ချိန်က နောက်ကျသွားခဲ့ပြီကော….
 …. သူမ ကိုယ်တိုင်လည်း ညဈေးကို ….နောက်ကျမှ သွားခဲ့သည်မဟုတ်လား…..
 (၂)
 ဒေါ်မေကြည်အောင် အဖို့ ယခုနေသည့် တိုက်ခန်းသို့ ပြောင်းလာသည်မှာ… နှစ်နှစ်ကျော်သုံးနှစ်ခန့်ရှိပြီဖြစ်သည်…
 ကလေးများ ကျောင်းဖြစ်သော ဗိုလ်တထောင် (၂)နှင့် အနည်းငယ်ဝေးသော်လည်း….. 
နေထိုင်ရတာလည်း အဆင်ပြေ…. ဈေးကလည်း သက်သာ… ကျပ်သိန်းသုံးဆယ်ဖြင့် … 
တိုက်ခန်းသုံးခန်းကို ရလိုက်သောကြောင့်…..အတော် သဘောကျနေတာ ဖြစ်သည်…. ၁၅ပေ …
 ၅၅ပေ ရှိသော လေးလွှာ နှစ်ခန်း.. သုံးလွှာ တစ်ခန်းသည်… မိသားစု လေးယောက်သာ 
ရှိသော သူမ တို့ အတွက် အနည်းငယ်ပင်ကြိးနေသေးသည်……ထို့ကြောင့်ပင်ပြီးခဲ့သည်
 တစ်ပတ်ကပဲ အောက်ထပ်သုံးလွှာ တစ်ခန်းတည်ကို ပြန်ရောင်းလိုက်သည်မှာ …. 
ကျပ်သုံးဆယ့် နှစ်သိန်း ပြန်ရလိုက်သည်….. နှစ်နှစ်ကျော်အတွင်း 
ဈေးတက်လာခြင်းဖြစ်သည်…….. 
 ညနေခင်းအချိန်……တိုက်ခန်း၏၀ရန်တာ.
 မှကြည့်လိုက်လျှင် ပွဲဈေးတမျှ စည်ကားလှသော ညဈေးကြီးကို တွေနိုင်သည်….. 
ဒါကတော့ သူမ၏ အဓိက သဘောကျလှသော အချက်ပဲဖြစ်သည်……အစားသမားများ
 ဖြစ်သော သူမတို့ မိသားစု အဖို့ ….. အိမ်အောက် ကို ဆင်းလိုက်သည် နှင့် 
ကြိုက်သည့် အစားအသောက်ကို စားသောက်နိုင်သည်…. ကုလားစာ …. တရုတ်စာ….မြန်မာ 
ထမင်းဟင်း.. မုန်ဟင်းခါး…. အသုပ်စုံ… အပြင်….. ကုန်စိမ်းသည်များ… 
အသားငါးသည်များ…. စသဖြင့်စုံစုံလင်လင်ရှိလှသည်….. မွတ်ဆလင်ဘာသာဝင်များ ပေါလှသော ထိုရပ်ကွက်တွင်…. ၀က်သားဒုတ်ထိုးဆိုင်ပင်ရှိသေးသည်….. 
 ညနေခြောက်နာရီလောက်မှ…. ည ၁၁ နာရိ ၁၂ နာရီအထိ ထိုလမ်းမကြီးတစ်လျှောက်လုံးက စည်ကားနေတတ်သည်……. အသားငါးရောင်းသူများကတော့ …… မန္တလေးလမ်း အတွင်း…ဘုန်းကြီးကျောင်း နှင့်ရေမြောင်းကြီးကြားတွင်…
 ကပ်ဖွင့်ထားကြသည်….. အသားငါးများမှာ……. ပုဇွန်.. ကဏန်းဖားမှ အစ….. အမဲသား 
.. ၀က်သား … စသည့် သားကြီးငါးကြီးများ အထိရနိုင်သည်…..ညနေခြောက်နာရီဝန်းကျင်မှ ဈေးဝယ်များ ဖြင့် စည်ကားနေတတ်သည့် အသားငါးတန်းသည်…. ည ၁၀ နာရီ ၁၁ နာရီ အထိပင် ရှိတတ်သည်…………ဒါတွေကြောင့်ပဲ ဒေါ်မေကြည်အောင် ဒိတိုက်ခန်းကို ၀ယ်ခဲ့ခြင်းဖြစ်သည်…မနက်ဈေးနီးသလို ညနေဈေးကလည်း အဆင်သင့်မဟုတ်လား…….. ဒေါ်မေကြည်အောင်ဝယ်ခဲ့သည့် တိုက်ခန်းမှာ …. ကန်တော်ကလေး .. မြန်မာဂုဏ်ရည်လမ်းမပေါ်တွင်တည်ရှိနေပါသည်…..
 ဒေါ်မေကြည်အောင်တို့ အိမ်က အစားအိမ်ဟုပင်ခေါ်နိုင်သည်…..မိသားစုဝင်လေး ယောက်လုံးက စားလုံးသောက်လုံးကြီးကြသည်….နန်းကြီးသုတ်တစ်ခါဝယ်သုတ်လျှင်….
 ငါးဆယ်သား လောက်ဝယ်သုတ်ကြရသည်… ကြက်သား တစ်ခါချက်ငါးဆယ်သား … 
တစ်နပ်ပဲရှိသည်… ဒီလို စားလုံးသောက်လုံးကြီးကြသော အိမ်အတွက် 
သားငါးဝယ်ရာတွင်…. ဈေးခေါင်းကွဲချိန်မှပဲကိုက်သည်… 
 ဈေးခေါင်းကွဲသည့် အခါ အသားငါး သည်များက လည်း အိမ်ပြန်ချင်လှပြီ…… 
ဗန်းထဲမှာလည်း ငါးက မကုန်သေး….ထို့ကြောင့် ရသည့်ဈေးနှင့် ဖြတ်ရောင်းတော့ 
သည်….. ဒီလို အချိန်ကျမ ဒေါ်မေကြည်အောင်က … ဈေးတွင်းသို့ ခြင်းတစ်လုံးနှင့်
 ဆင်းကာ……တွေ့သည့် အသားငါးကို ဗန်းပြတ်ဝယ်တော့ သည်…… ငါးခူဆိုလည်း 
ရှိသလောက် အကုန်ချိန်.. တစ်ပိဿာဖြစ်ဖြစ် ဘာဖြစ်ဖြစ်.. ချိန် အကုန်ယူသည်… 
ကြက်သားလည်း ဘယ်လောက်သားကျန်ကျန် အကုန်ယူသည်….ဒါမှလည်း သက်သက်သာသာ 
နှင့်ကောင်းကောင်းများများ စားရသည် မဟုတ်လား……. အမျိုးသား 
သဘောင်္မှပြန်လာချိန်ဆို ပိုဆိုးသည်… ၀ယ်လိုက်ရသည်… အသားငါး…… မနက်ရော.. 
နေ့လည်ရော.. ညစာ ပါအပြင် ညလည်စာ ပါတစ်ထပ်ပိုစားလိုက်ကြသေးသည်…….. ဒီတော့ လည်း ဈေးခေါင်းကွဲချိန်မှပဲ ….. သက်သက်သာသာ နှင့်များများ ၀ယ်မှပဲ ကိုက်တော့ မည်ဖြစ်သည်……. 
 သို့ သော်….တစ်ခုပဲဖြစ်သည်… သူမ သွားနေသည်က … ညဈေး…. ဈေးခေါင်းကွဲချိန်က ည ၁၁နာရီ…….. ဖြစ်သည်……
 (၃)
 ဒေါ်မေကြည် အောင် အဖို့ ….. ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သဖြင့် 
အယူသိပ်သည်းသူတော့ မဟုတ်……. အိမ်တွင်လည်း အိမ်တွင်းမှလွဲရွေ့ မည်သည့်နတ်မှ 
မကိုးကွယ်…. ဘုရားမှလွဲရွေ့ ကိုးကွယ်ရာမရှိ…. တရားမှလွဲရွေ့ ကိုးကွယ်ရာမရှိ
 သံဃာမှလွဲရွေ့ ကိုးကွယ်ရာမရှိဟု မှတ်ယူထားသူဖြစ်သည်…. ဒါတောင်အိမ်တွင်းက 
မိမိ အမေဘက်မှ ကိုးကွယ်ခိုင်းသဖြင့် ကိုးနေရခြင်းဖြစ်သည်…..သဘောင်္သား မိန်းမ မို့ အိမ်ထောင်တစ်ခုလုံးကို လည်း သူမကပင်ဦးဆောင်နေရသည်…ဒါကြောင့်လည်း  စိတ်ဓာတ် အင်မတန်မာကြောသလို …ခေါင်းလည်း အင်မတန်မာသည်…… 
 သူမ ဒီလို ဈေးခေါင်းကွဲချိန် ညဘက် ၁၁နာရီလောက်ကြီးဈေးဝယ်နေသည်မှာ
 အတော်ကြာပြီဖြစ်သည်….. ဘာပြဿနာမှ မဖြစ်ဖူး…… ဖြစ်စရာလည်း အကြောင်းမရှိဟု 
သူမ ယုံကြည်သည်…..သရဲ တစ္ဆေ ကို မယုံကြည်တာ မဟုတ်… ဗုဒ္ဓဘာသာဝင်မို့ 
သုံးဆယ့် တစ်ဘုံကို ယုံကြည်သဖြင့် ယုံကြည်ပါသည်…. သို့ သော်….မိမိတို့ က 
ဘုံဘ၀မြင့်သူ ကြောက်ချင်းကြောက် ဒင်းတို့ကတောင် တို့ ကို 
ပြန်ကြောက်ရဦးမည်ဟု မှတ်ယူထားသူဖြစ်သည်…… 
 ဒါကြောင့်များ အိမ်နီးချင်းများ က သတိပေးလေ့ရှိသော … 
 (အိမ်ထဲကို အသားငါးသည်လာလျှင်…. အိမ်ရှေ့ ရောက်တဲ့ အခါ…. တံတွေးကို ထွေး 
ဖနောက်နဲ့ပေါက်ပြီး ဖတ်ဖတ်ဖတ်လို့ သုံးလေးခါလောက်လုပ်ရတယ်တို့ )
 (ညဘက် အသားငါးဝယ်သည့် အခါ ခြင်းထောင်းတွင်း…. မီးသွေးခဲဆောင်သွား) တို့ 
 စသည်ဖြင့် အကာအကွယ်များကို လည်း မလုပ်ခဲ့ပေ……. မလုပ်ဘဲနှင့် ၀ယ်နေသည်ပဲ .. အတော်ကြာပြီမဟုတ်လား … တစ်ပတ်တစ်ခါဈေးသွားနှုန်းနှင့်သာတွက်လျှင်….. တစ်နှစ်ဝန်းကျင်လောက်တောင်ရှိနေပြီပဲ …… ဘာမှ မှ မဖြစ်တာ အပိုတွေ ဟုပဲ တွေးထားမိခဲ့သည်….. 
 နောက်တစ်ချက်က ခေါင်းမာတာကြောင့်လည်း ပါသည်… မိမိလက်ခံထားသည်ကို မပြောင်းလဲလိုရွေ့လည်း ဖြစ်သည်…… 
 ဒေါ်မေကြည်အောင် ဈေးဝယ်လျှင် တစ်ယောက်တည်းပဲ သွားတတ်သည်… အိမ်တွင် 
အိမ်ဖော်မထား မိမိ အိမ်အလုပ်ကို မိမိပဲ အကုန်လုပ်သည်….. လူပိုထားရတာ 
စိတ်ရှုပ်စရာ မဟုတ်လား ….. တစ်ခါတစ်ရံတော့ … သားအကြီးကောင်ကို 
ခေါ်သွားတတ်သည်…… သားအကြီးက ခုနစ်တန်း… သူမ၏သင်ကြားမှုကြောင့် 
မီးဖိုချောင်မှာ အတော်ကူဖော်လောင်ဖက်ရနေပြီ……… ဟင်းတစ်ခွက်လောက်တော့ ကောင်းကောင်းချက်တတ်နေပြီ….
 ဈေးဆိုလည်း သူမ မလိုက်ပဲနှင့်တောင် .. ဟင်းရွက် အသားငါး .. 
အနည်းအကျင်းလောက်က ၀ယ်တတ်နေပြီ…. ဈေးဆိုလည်း ယောက်ကျားလေး တန်မယ့် 
အတော်ဆစ်တတ်နေပြီ…….. သားအကြီးက သူမနှင့် တစ်သက်လုံး 
လက်ပွန်းတတီးနေလာခဲ့ရသည့် အတွက် သူမ .. သူမ သားအကြီးကိုချစ်သည်…… သဘောင်္သား 
မိသားစု မို့ ကလေးများက အဖေကို သိပ်မတွယ်တာ…. အမေကို ပဲတွယ်တာသည်…. 
သားအကြီးကလည်း သူမကို အတော်ချစ်ရှာသည်…… အိမ်ဖော်မရှိသော သူမတို့ အိမ်အတွက်
သားအငယ်လေးက တော့ ယခုမှခြောက်နှစ်သား လေးမို့ …. သူ့ကလေးကို ပဲအားလုံးက 
ဝိုင်းချစ်နေကြသည်… စကားလည်း တတ်သလောက် ..သွက်လည်းသွက်သည်……အမျိုးသား
 ကို ထွန်းဝေ သဘောင်္ထွက်နေချိန် တစ်ချိန်လုံး ဒီသားနှစ်ယောက် .. နှင့် ဒီ 
အိမ်တစ်အိမ်လုံးကို လည်ပတ်အောင်… ရုန်းကန်နေရသော သူမ၏ စိတ်ဓာတ်များ က … 
မာနေပြီ……. ယခုအချိန် အသက်လေးဆယ် အရွယ် အထိ တော်ရုံ ကိတ်စ နှင့် 
ရှိုက်ကြီးတငင်လည်း ငိုခဲလှသည်…… သူမငိုလျှင်.. သူမကို အားကိုးနေသော ချစ်သော
 သားနှစ်ယောက် က ပိုအားငယ်မည်ပေါ့… ဒီတော့ မျက်ရည်များ 
သိပ်တတ်ခဲ့သည်မှာကြာပြီဖြစ်သည်……. မျက်ရည်ကျစရာကလည်း မရှိ……. နွေးထွေးလှသော သူမတို့ မိသားစု လေးယောက်တွင်….. မျက်ရည်ကျသည်ဆိုသည်မှာ ရှိစရာနည်းလှသည်….. 
 သို့သော်….. ထိုတစ်ည….. ထိုညက……တော့ သူမအတွက် ငိုစရာ ကိစ္စတွေက 
ဖန်လာခဲ့သည်…. သူမငိုစရာအကြောင်းကိုလည်း သူမကပင်အိမ်ကို 
သယ်လာခြင်းဖြစ်သည်……အမှန်ကတော့ သည်လာမိခဲ့ခြင်းဖြစ်ပါသည်….
 ထိုညသည်….. ၂၀၀၀ခုနှစ်… ဂျူလိုင်လ…..၂၄ရက်နေ့ည.... စနေနေ့ည  ဖြစ်သည်…….
 အရာအားလုံး ပုံမှန်လည်ပတ်နေခဲ့ပါသည်…….. 
 သို့သော် ညဈေးမှပြန်လာခဲ့သည့် အချိန် အထိသာဖြစ်သည်…….
 ဆက်ရန်……
No comments:
Post a Comment