Tuesday, July 31, 2012

ညဈေး အပိုင်း ၃

(၇)

July 24th ,2000 (SAT)
2:48 (AM)

သူမရုတ်တရက် လန့်နိုးလာချိန်တွင်…..လူတစ

်ကိုယ်လုံးမောဟိုက်နေသည်… ချွေးများ ကလည်း သီးနေပြီ….. အဲကွန်းဖွင့်ထားသည့်ကြားမှ ချွေးသီးနေခြင်းဖြစ်သည်……သူမဘေးဘီကိုလှမ်းကြည့်လိုက်သည်… အခန်းတစ်ခုလုံးက မှောင်မဲနေသည်…. ညဘက်မီးထွန်းပြီး အိပ်တတ်သော သူမတို့ သားအမိသုံးယောက်အဖို့ … ဒါမျိုးအခန်းထဲမှာ မှောင်မဲနေစရာအကြောင်းမရှိ

(ဟင် မီးများ ပျက်သွားသလား)

ဟုတွေးပြီးမှ.. သတိရလိုက်သည်က

(မဟုတ်သေးပါဘူး .. မီးပျက်သွားရင် အဲကွန်းက ပိတ်သွားရမှာပေါ့ .. ဘာလို့ ဒီလောက်အေးစက်နေတာလဲ)

အဲကွန်းကို လှမ်းကြည့်လိုက်သည် .. အဲကွန်းကလည်း ပိတ်နေသည်….

(အင်း ..မီးပျက်သွားတာပဲနေမှာ…… ဒါပေမယ့် အပြင်က လေက အေးလိုက်တာ ရေခဲရိုက်ထားတာကျနေတာပဲ…)


မျက်စိက အမှောင်နှင့် အနည်းငယ်ကျင့်သားရလာသဖြင့်…
.. ကုတင်ဘေးသို့ အနည်းငယ်စမ်းကြည့်ပြီး…. အနွေးထည်ကို ရှာကြည့်လိုက်သည်.. အနွေးထည်ကို မတွေ့……. မျက်စိကို အားယူပြီ…. တဘက်ကုတင်တွင် အိပ်နေသော သားနှစ်ယောက်ကို လှမ်းကြည့်လိုက်မိပြန်သည်…… အမှောင်ထဲမှာမို့ မသဲကွဲ…. မဲမဲ သဏ္ဍန်နှစ်ခုကို တော့ တွေ့နေရသည်….အင်း သားကြီးတို့ အိပ်နေမှာပေါ့…. ဟုတွေးလိုက်မိသည်….. ထိုအချိန်တွင်လေခပ်အေးအေး က သူမ ကို လာတိုက်ပြန်သည်….. ဒီအခန်းထဲ ဒီလောက်အေးတဲ့လေးက ဘယ်က ၀င်လာရတာတုန်း… ဟုတွေးပြန်သည်….. သူမရေဆာလာသည်….. အနွေးထည်လည်းရှာကြည့်ချင်သည်….. ဟုတ်ပြီ…. အားသွင်းထားသည် လက်နှိပ်ဓာတ်မီး……

သူမ ဓာတ်မီးကို ရှာရန်ကုတင်အောက်သို့ ဆင်းလိုက်သည်…..ကြမ်းပြင်တစ်ခုလုံးကလည်း အေးစက်နေသည်…. ခြေဖ၀ါးတစ်ခုလုံးက ရေခဲပြင်ပေါ်နင်းလိုက်ရသလို ကျင်ကနဲပင်ဖြစ်သွားသည်…… သူမကုတင်ပေါ်မှ ထလိုက်ပြီး…..ရှေ့အနည်းငယ်လျှောက်လိုက်သည်…. အခန်းကုတင်ခြေရင်းရှိ စားပွဲပေါ်မှ မီးပလက်ပေါက်တွင်… ဓာတ်မီးအားသွင်းထားသည်…..ဒါကို သူမသိသည်… ဓာတ်မီးအားသွင်းထားသည့် ပလပ်ပေါက်ကို စမ်းကြည့်လိုက်သည်.. ဓာတ်မီးမရှိ…….

(သြော် ဒုက္ခပါပဲ…. ဒီဓာတ်မီးကလည်း … ဟိုကောင်လေး ဘယ်နားသွားထားပြန်ပြီလည်း မသိဘူး….. အောင်မိုးဟာလေ… ယူပြီးရင် ပစ္စည်းကို ယူတဲ့ နေရာပြန်ထားပါဆိုတာ …. တော်ပါပြီ မနက်မှပဲမေးတော့ မယ်.. ဒီတိုင်းပဲ သွားတော့ မယ်… )

ဟုတွေးကာ….. water cooler ရှိရာသို့ ဖြေးဖြေးချင်းလျှောက်လာခဲ့သည်….. အိပ်ခန်းတွင်းမှ ထွက်လိုက်ပြီး ထမင်းစားခန်းထဲမှ ရေအေးစက် ရှိရာကို အလွယ်တကူပဲလျှောက်လာနိုင်လိုက်သည်…. ၀ရန်တာဘက်မှ ၀င်လာသော အလင်းက …. ထမင်းစားခန်းထဲမှာ အနည်းငယ်လင်းနေသည်….အေးတာတော့ အတော်အေးသည်….. သူမလက်မောင်းနှစ်ဘက်ကို လက်ဝါးဖြင့်ပြန်ပွတ်လိုက်သည်…. ရန်ကုန်မှာ တစ်ခါမှဒီလောက်မအေးဖူးပါဘူး……. ရေအေးစက်ဆီရောက်တော့ ရေတစ်ခွက် ၀၀ သောက်ချလိုက်သည်….. မ၀သေး… တစ်ခွက်ထပ်သောက်ပြန်သည်…. ရေခွက်ကို သောက်ပြီးပြန်ချလိုက်ကာ…. ထမင်စားခန်းနှင့် ကပ်လျက်ဖြစ်သော ဧည့်ခန်းထဲသို့လှမ်း အကြည့်တွင် … သူမမြင်ကွင်းကို သူမ မယုံနိုင်ဖြစ်သွားသည်….

ဧည့်ခန်းအလယ်တွင်…ခုံပုလေးတစ်လုံးချထားပြီး ထိုခုံပုလေးပေါ်တွင်… အဖိုးအိုတစ်ယောက်…ဆောင့်ကြောင့်ကြီးထိုင်နေသည်….. ၀ရန်တာမျက်နှာမူရွေ့ သူမကို ကျောပေးကာဆောင့်ကြောင့်ထိုင်နေခြင်းဖြစ်သည်….. အဖိုးအိုဟုသိရခြင်းမှာ….. ခါးအနည်းငယ်ကုန်းကုန်းဖြစ်နေပြီး…. မုတ်ဆိတ်မွှေးများက ရှည်လျားနေကာ…… မီးအလင်းရောင်မှိန်မှိန်အောက်တွင်ပင်…. မုတ်ဆိတ်မွှေးဖြူဖြူများက ပါး နှစ်ဘက်ဘေးမှ ဖောင်းပြီးထွက်နေသည်……လက်ထဲတွင်လည်း တောင်ဝှေးလိုလို ဘာလိုလို တုတ်စုတ်စုတ်တစ်ချောင်းကိုင်ထားသည်…… လက်တစ်ဘက်ကတော့ မျက်နှာရှေ့နားသို့ ရောက်နေသဖြင့် သူမ မမြင်ရ…… ခေါင်းကတော့ တစ်လှုပ်လှုပ်နှင့်………

ပိုရွေ့ အံ့သြစရာကောင်းသည်မှာ….. အဘိုးအို၏တစ်ဘက်တစ်ချက်တွင်…. သူမ၏သားအကြီးကောင်နှင့် အငယ်ကောင်က ….. ဆောင့်ကြောင့်လေးတွေ သူမဘက်သို့ ကျောပေးရွေ့ ထိုင်နေကြခြင်းပင်ဖြစ်သည်…..

(ဟင်….. ငါ့သားနှစ်ယောက်က ဒီမှာဆို…… ဟိုကုတင်ပေါ်မှာ အိပ်နေတဲ့ မဲမဲ နှစ်ခု က ဘာတွေလဲ)

သူမခေါင်းနပန်းကြီးသွားသည်….
အတွေးက သူမကို ခြောက်ပါလေပြီ…….. သူမဘာဆက်လုပ်ရမည်နည်း….. အဖိုးကြီး၏ခေါင်းကတော့ တလှုပ်လှုပ်ရှိနေဆဲဖြစ်သည်…..

သူမ ဧည့်ခန်းတံခါးကို ဖွင့်လိုက်သည်…. အခန်းတွင်းသို့အရမ်းမ၀င်ရဲသေး……ပြင်ပမှလမ်းမီးကြောင့် မီးခပ်မှိန်မှိန်သာလင်းနေသော အခန်းတွင်းသို့ သူမ မ၀င်ရဲသေးပေ….. တံခါးဝမှနေရွေ့

(သားကြီ…. သား… သားကြီး အောင်မိုး … မင်းဒီမှာဘာလုပ်နေတာလဲ လာစမ်း.. သားငယ်လေး… သားငယ်… အမေ့ဆီလာစမ်း….. ဟိုအဘိုးကြီး.. .ဘာလုပ်နေတာလဲ …. ရှင်ဒီ… ဒိအိမ်ထဲဘယ်လိုဝင်လာသလဲပြောစမ်း… )

သူမလှမ်းခေါ်သော်လည်း …. ဘယ်သူမှ သူမကို လှည့်မကြည့်…. သားနှစ်ယောက်က ၀ရန်တာသို့ သာ တွေတွေငေးနေပြီး….. အဘိုးကြီးကတော့ ..ခေါင်းတစ်လှုပ်လှုပ်ဖြစ်နေဆဲ…. ဒီတိုင်းရပ်နေလို့ တော့ မဖြစ်….သူမ သားများ ရှိရာသို့ ဖြေးဖြေးချင်းလှမ်းလာလိုက်သည်..

(ဟေ့မေးနေတယ်လေ.. အဖိုးကြိးရှင်ဘယ်သူလဲ…… ဘယ်က နေ၀င်လာတာလဲဒီကို…. ပြောလေ… မပြောရင်ကျမ ရိုက်တော့ မှာနော်… )ဟုအော်လေတော့သည်….

ပြီးမှ… သူမသားအကြီးအနားရောက်သွားသည်….ထိုနာက်.. ဘေးနားတွင်ဒူးထောက်ကာထိုင်လိုက်ပြီး…. နောက်ကျောမှနေရွေ့သာမြင်နေရသော သားအကြီးကို .. ကိုင်လှုပ်လိုက်သည်…. လှုပ်နှိုးလိုက်သော သူမဘက်သို့ …..အောင်မိုး၏ မျက်နှာပြုံးပြုံးကြီးက မျက်လုံး အကြောင်သားနှင့်လှည့်လာသည်…..

ဝရန်တာသို့ တွေတွေကြီးငေးနေသည်ထင်ခဲ့သော အောင်မိုး မှာ.. ၀ရန်တာသို့ ငေးနေခြင်းမဟုတ်……. ၀ရန်တာကို မျက်နှာမူကာ ပြုံးပြုံးကြီးထိုင်နေခြင်းသာဖြစ်သည်…အငယ်လေးက လည်း ထို့ အတူပင်ဖြစ်သည်… နှစ်ယောက်စလုံး… မျက်လုံးကြီး နှစ်ဘက်လုံးက ပြူးကျယ်နေသည်…… … သူမကို မြင်သည်လည်း မထင်… မျက်လုံးကြီးများက ကြောင်ပြီး သူမနောက်ကျောကို ကျော်ရွေ့ ကြည့်နေသည်…….

သူမလန့်နေပြီ…… အောင်မိုးကို ကိုင်လှုပ်ရွေ့….

(သား…. သားထစမ်း .. အမေ့ကို အဲလိုကြီးမကြည့်နဲ့ ထစမ်း)

ဟု အော်နေရင်…

(ဟိုးအဘိုးကြီး ရှင် ကျမသားတွေကို ဘာလုပ်ထားသလဲ… )ဟုမေးလိုက်စဉ်… စူးကနည်း နှာခေါင်းထဲသို့ ငါးညှီနံ့ကြီးက တိုးဝင်လာသည်…..

(ပလတ် ပလတ်.. ပြတ်.ပြတ်… ပလတ်.)

အဖိုးကြီးထံမှ ထိုအသံခပ်တိုးတိုးထွက်နေခြင်းဖြစ်သည်…. အဘိုးကြီးကတော့ သူမကို လုံးဝမကြည့် ဂရုလည်း မစိုက်…. ဒေါ်မေကြည်အောင်…ကြောက်လည်း ကြောက်ဒေါသလည်း ထွက်လာသည်…… သူမသားကလည်း သူမကို ပြူးကြောင်ကြောင်ကြီးဖြင့် မျက်တောင်မခတ်ပဲကြည့်နေတုန်း……သူမ၀ုန်းကနဲထရပ်ပြီး…. အဖိုးကြီး၏ ရှေ့တည်တည့် တွင် သွားရပ်လိုက်သည်….. သေချာကြည့်မှ အဖိုးကြီးသည် တစ်စုံတစ်ကို ငုံရွေ့ ကိုက်ဖဲ့စားသောက်နေခြင်းဖြစ်သည်…… အ၀တ်အစားများ မှာလည်း အတော်ရှေးကျသော အ၀တ်အစားမျိုးဖြစ်သည်…. ပြဲသည့် အရာက ပြဲ….. စုတ်တီးစုတ်ပြတ်နှင့်ဖြစ်သည်…တစ်ကိုယ်လုံးလည်း ရေတွေစိုရွဲနေသည်….…. ငါးညှီနံ့ကလည်း အဖိုးကြီးနားရောက်မှပို နံလာသည်….ငါးညှီနံ့နှင့် အတူ မြောင်းပုတ်နံကပါလိုက်ပါလာသေးသည်…..

(ဒီမှာ ရှင်ဒီကနေခုထွက်သွားမလားမသွားဘူးလား….. မေးနေတာကိုဖြေလေ….)

သူမအမေးကြောင့် တလှုပ်လှုပ်နှင့်ဖြစ်နေသော အဖိုးကြီးခေါင်းက ငြိမ်သွားသည်…. ခပ်ကုန်းကုန်းကြီးစောင့်ကြောင့်ထိုင်ကာစားသောက်နေသဖြင့်…..သူမ ယခုထိအဖိုးကြီ၏မျက်နှာကို မမြင်ရသေး… အဖိုးကြီးက …. ငုံ့ထားရမှ တစ်ဖြေးဖြေး သူမကို မော့ကြည့်သည်………..
သူမ ကြက်သေသေသွားမိသည်…. ဘာမေးခွန်းမှ ထပ်မမေးနိုင်တော့
အဖိုးကြီး၏ ပါးစပ်ကြီးမှာအဆမတန် ပြဲအာနေပြီး…. ထိုပါးစပ်ကြီတစ်ခုလုံးက …. သွေးများ .. အသားစများ နှင့် .ပေကျံညစ်ပတ်နေသည်…. ပါးစပ်အစွန်း တွင်…လည်း….ငါးအမြှီးကြီးတစ်စက ပါးစပ်အပြင်သို့ ထွက်နေသေးသည်…. မျက်နှာတစ်ခုလုံးမှာ .. ဖောသွပ်သွပ်နှင့်…. ယောင်ကိုင်းနေပြီး….. မျက်လုံးများက ပြူးကျယ်နေသည်…..ငါးအမြှီးစကြီးကိုမူ. … ပါးစပ်ပြဲပြဲကြီးအတွင်း တစ်ဂျီ ဂျီဝါးနေလေသည်…….မျက်နှာရှေ့ရောက်နေသော လက်တစ်ဘက်မှာ….ငါးခူ တစ်ကောင်ကို ကိုင်ထားပြီး ထိုငါးခူကား အမြှီးပိုင်းမှကိုယ်တစ်ဝက်ခန့်အထိမရှိတော့……….
အဖိုးကြီးသည်…. ငါးခူကြီးကို အစိမ်းလိုက်စားသောက်နေခြင်းဖြစ်သည်…….

(ရှင်… ရှင်……. )

သူမ ပါးစပ်မှ ဘာစကားမှထွက်မလာပါ…….
ထိုအချိန်တွင် အဖိုးကြီးက သူမကိုကြည့်နေရင်း စပြောသည်…..

(ဟီးဟီး… နင့်သားက လာခဲ့ဆိုလို့ ငါလိုက်လာတာလေ…… အခုလည်း ငါ့မြေးနှစ်ကောင်က အိပ်ချင်တယ် ဆိုလို့…. နင့်သားနှစ်ကောင်ကို ငါ့နားခေါ်ထားပြီး ဟိုနှစ်ကောင်ကို အိပ်ခိုင်းထားတာ… )

(ဘာ…….. ဒါဆိုကုတင်ပေါ်က မဲမဲ နှစ်ကောင်က .. ရှင့်မြေးတွေပေါ့)

(အေးဟုတ်တယ်.. )

ဟု စကားဆက်ပြီး ငါးခူကို ပြန်ငုံပြီး ကိုက်ဖဲ့နေပြန်သည်….

(အေး ဒါဆို အဲဒီ နှစ်ကောင်ကို ပါရိုက်ထုတ်မယ်.. ရှင်လည်း အခုဒီအိမ်က ထွက်သွား … သွား)

(ခေါ်တုန်းကခေါ်ပြီး ဒါမျိုးနှင်လို့ မရဘူးဟဲ့…. အေး… ငါစား… နေတာ ငါ့ငါးတွေ….. ငါ့ငါးတွေကို နင်ယူသွားတာ)

(မကြားချင်ဘူး… သွား ခုထွက်သွား…. မသွားရင် အခု ကျမ… ရှင့်မြေးနှစ်ယောက်ကို သွားရိုက်ထုတ်မယ်.. )

ဒေါ်မေကြည်အောင် အော်လည်း အော်…သားအကြီးကော အငယ်ရော.. နှစ်ယောက်စလုံးကို ကောက်ဆွဲလိုက်ကာ ဧည့်ခန်းထဲမှထွက်ပြေးလာလိုက်သည်….သားနှစ်ယောက်စလုံး သတိမလည်သေး … ပြူးကြောင် ကြောင် ပြုံးပြုံးကြီးနှင့်ပင် သူမ နောက်မှ လိုက်လာကြသည်……... ဧည့်ခန်း တံခါးမှထွက်…. ထမင်းစားခန်းကို ဖြတ်ကာ….ဘေးရှိ အိပ်ခန်းတစ်ခါးကို ဖွင့်လိုက်သည်…..ကုတင်ပေါ်တွင် ပုံမကျ ပန်းမကျ မဲမဲ သဏ္ဍန်နှစ်ခုက … မလှုပ်မလျက်ရှိနေဆဲ…..
နံရံတွင်ထောင်ထားသည့် သစ်သားဒုတ်တစ်ချောင်းကိုလည်း အဆင်သင့်တွေ့လိုက်ရသည်….မှောင်နှင့် မဲမဲ မို့ သူမဘာကို မှမစဉ်းစားတော့ …. ခပ်ရေးရေးမြင်နေ၇သော မဲမဲ သဏ္ဍန် နှစ်ခုအား … သစ်သားဒုတ်နှင့် အားကုန်လွှဲရွေ့ ရိုက်ပါလေတော့သည်……

(အား …. အား)

(ထွက်သွားစမ်း … ငါ့အိမ်ထဲက ခုထွက်သွားစမ်း……. သွား… သွား)

(အား… သေပါပြီ…. အား အမေ….. အမေ… အား)

(ဟင် …. ဘာအမေလည်း .. ငါနင့်တို့ အမေလည်း မဟုတ်ဘူး အဘိုးလည်း မဟုတ်ဘူး….. သေပေတော့ … ကဲဟာ … ကဲဟာ)

တစ်ဝုန်းဝုန်းနှင့် ရိုက်ပါလေတော့သည်……. သူမရိုက်နေရင်း…. မှ…ရုတ်တရက်….. ဖြတ်ကနဲ မီးလင်းလာသည်….. သူမ လန့်ပြီး နောက်သို့ ဆုတ်လိုက်သည်…မျက်စိများလည်း ကြိမ်းကနည်းဖြစ်သွားသည်…ပြီး မှဖြေးဖြေး ချင်းမျက်လုံးပြန်ဖွင့်ကာ…. သူမရိုက်နေသော မဲမဲ သဏ္ဍန် နှစ်ခုဆီသို့ လှမ်းကြည့်လိုက်မိသည်…..
(ဟင်…. သား… သားငယ်… သားကြီး…..ဟာ… သွားပြီ… သွားပြီ……..ဘာတွေဖြစ်ကုန်ပြီလဲ….. သား… )

ဟုတ်ပါသည်………….သူမရိုက်သတ်လိုက်သော မဲမဲ သဏ္ဍန် နှစ်ခုလုံးမှာ သူမ၏ ချစ်လှစွာသော သားနှစ်ယောက် ဖြစ်နေခဲ့သည်.……… သူမ အော်ဟစ်ငိုကျွေးရတော့သည်….. ဘယ်လိုမှဖြေမဆည်နိုင်… သူမသားအရင်းနှစ်ယောက်လုံးကို သူမကိုယ်တိုင် ရိုတ်လိုက်မိလေပြီကော…….ထိုစဉ်

(ပလပ်…. ပလပ်ပြတ်ပြတ်)

(ဟင်….ဟိုအဘိုးကြီး…. ဒါဟိုအဘိုးကြီးငါးစားနေတဲ့ အသံ).

သူမ နောက်နားမှ ထွက်လာသော အသံဖြစ်သည်…. သူမ …. နောက်သို့ လှည့်လိုက်သည်……. ဖြေးဖြေးချင်းလှည့်ကြည့်မိခြင်းဖြစ်သည်…
အဖိုးကြီးက … အလယ်တွင်ရပ်နေပြီး… ဘေးဘက်မှ ပုံမကျ ပန်းမကျ မဲမဲအကောင်ကြီး နှစ်ကောင်က ရပ်နေသည်………အဖိုးကြီးက ငါးခူ ခေါင်းကို ဂျွတ်ကနည်းကိုက်ချလိုက်ပြီး သူမကို ကြည့်ကာ…

(ဟီးဟီး … ကောင်းလိုက်တာ ခုတော့ …… ငါ့မြေးနှစ်ကောင် ဒီအိမ်မှာလွတ်လွတ်လပ်လပ်နေလို့ ရပြီပေါ့….. ငါ့မြေးတွေကို နင့်သားတွေအဖြစ်စောင့် ရှောက်ထားလိုက်… ကြားလား….. )

ဟုသူမကို လှမ်းပြောပြီး…သုံးကောင်စလုံး.. အိပ်ခန်းတံခါးမှထွက်ကာ…. ရေခဲသေတ္တာထားရာဘက်သို့ ကွေ့ဝင်သွားတော့သည်….မြန်လိုက်သည့် ဖြစ်ချင်း….
သူမ ဘယ်လိုမှစိတ်ကို မထိန်းနိုင်တော့ …. ၀မ်းနည်းခြင်း… ထိတ်လန့်ခြင်း….. ဒေါသဖြစ်ခြင်းတို့ က သူမ ရင်ဘတ်တစ်ခုတည်းတွင် အချိုးကျ ရောစပ်ရွေ့ တ အုန်းအုန်းပေါက်ကွဲနေပေပြီ…
ဒေါ်မေကြည်အောင် ၀ုန်းကနဲ မတ်တပ်ထရပ်လိုက်သည်…. သစ်သား ဒုတ်ကို ကိုင်ကာ….. ထိုမကောင်းဆိုးဝါးမြေးအဖိုးများ နောက်သို့ ပြေးလိုက်တော့သည်…… ထမင်းစားခန်းရေခဲသေတ္တာထားရာနေရာသို့ ရောက်သည့် အခါ… ဘယ်သူမှ ရှိမနေတော့…..ဘယ်သူဆိုဘယ်သူမှ ကို မမြင်ရတော့ ……. သူမနောက်ကျသွားခဲ့ပြီ….

(သွားပြီ … အားလုံးသွားပြီ……… )

သူမ ရိုက်ကြီးတငင်…… ငိုချလိုက်တော့သည်…….
ငိုချတာမှပြင်းပြင်းထန်ထန်ငိုချရင်း….

(အား…………………………………….) သူမ အော်ဟစ်ပစ်လိုက်တော့သည်…………………………

(၈)

July 24th ,2000 (SUN)
3:45 (AM)

(အား………………………………………………………..)

အော်လည်း အော် လန့်လည်း လန့်နိုးဖြစ်သွားသည်….. တကိုယ်လုံး ချွေးများ က စိုရွဲနေသည်…..

(ဟင်.. ငါအိမ်မက် မက်နေတာပဲ) `

ရုတ်တရက် သတိရပြီး…သူမ သားများ ရှိရာ ကုတင်သို့ လှမ်းကြည့်လိုက်သည်….. နှစ်ယောက်စလုံး အိပ်မောကျနေသည်ကို .. .မီးရောင်လင်းလင်းချင်းချင်းအောက်တွင်မြင်နေရသည်…. သူမ အနည်းငယ်စိတ်သက်သာသွားသည်… အိပ်ရာဘေးမှရေဘူးကို ယူပြီးရေကို မော့သောက်ချလိုက်သည်….

(ဟူး ..တော်ပါသေးရဲ့ အိပ်မက်ဖြစ်နေလို့…. မောလိုက်တာ…… ဆိုးလိုက်တဲ့အိမ်မက်…. )

ဟုတွေးပြီး..
နာရီကိုလှမ်းကြည့်လိုက်သည်……မနက်လေးနာရီတောင်ထိုးတော့မည်…. ပြန်အိပ်မှ… မနက်လည်း ထပြီး ဧည့်သည် များအတွက် ချက်ပြုတ်ရဦးမည် မဟုတ်လား….

ဂရုန်း ရုန်းရုန်း…

(ဟင် ဒါ ဘယ်က အသံလဲ)

အိပ်မည်လုပ်ပြီးမှပြန်ထရင်း… အသံလာရာ ထမင်းစားခန်းဘက်သို့ ထွက်လာခဲ့သည်….. ထမင်းစားခန်းထဲရောက်တော့ အားလုံးက တိတ်ဆိတ်နေပြန်သည်….. မီးဖွင့်ကြည့်လိုက်သည်…. အားလုံးက ဘာမှ မပြောင်းလဲ…နေသားတကျပဲဖြစ်သည်…. ထိုစဉ်….. ရုတ်တရက်..

ဂရုန်းရုန်း ရုန်း…

ဟော ထပ် ကြားရပြန်ပြီ…..အသံက ရေခဲသေတ္တာကြီးဆီမှလာခြင်းဖြစ်သည်… ၀ယ်ထားသည်မှလပိုင်းပဲရှိသေးသည်… ဘာကိတ်စ အသံမြည်နေရသနည်း….သူမစဉ်းစားလို့ မရ…. ကဲ ထားလိုက်ပါတော့လေ… မနက်ကျမှပဲ စစ်တော့ မည်..မကောင်းလျှင်လည်း ၀ယ်သည့်ဆိုင်ကို ဖုန်းဆက်ရမည်ပေါ့…. အခုတော့ အတော်အိပ်ချင်နေပြီ…..
သူမ အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်…. သူမ

ကုတင်ရှိရာသို့ လျှောက်လာရင်းသားနှစ်ယောက်ကို စိတ်မချရွေ့ ကြည့်လိုက်သေးသည်….. နှစ်ယောက်စလုံး အိပ်ကောင်းတုန်း……
ရုတ်တရက် သူမ ခြေထောက်အောက်တွင် တစ်စုံတစ်ခုကို သူမ နင်းလိုက်မိသည်… ခြေထောက်ကို မကြည့်သည်…. ကြမ်းပြင်တွင်လည်း ဘာမှမရှိ…… သူမ ခြေဖ၀ါးကို လှန်ကြည့်လိုက်သည်…. ဟင် ဘာကြီးလဲ…သူမခြေဖ၀ါးတွင် ပျော့စိစိ … စိုတိုတို အရာာတစ်ခုက ကပ်ငြိနေသည်….. သူမ ခြေထောက်တွင်ကပ်နေသော အရာကို ခွာကြည့်လိုက်သည်…သေသေချာချာ ကြည့်မှ.. အသားစကြီး… ငါးညှိနံထွက်နေသဖြင့် ငါးအသားစကြီးမှန်းသိလိုက်ရသည်…. ဟင်.. ဒီငါးအသားစက ငါ့ အခန်းထဲဘယ်လိုရောက်နေတာလဲ…သူမ စဉ်းစားမရဖြစ်နေပြန်သည်….. ဒီနေ့ အဖို့ သူမ စဉ်းစားမရဖြစ်နေတာတွေများ နေပေပြီ….ထိုစဉ်…. သူမဆက်တွေးမိလိုက်သည့် အတွေးကြောင့် သူမ အတော်လန့်ဖြန့်သွားသည်…

(ဟင်…ဒါ ဒါ…..အိပ်မက် ထဲမှာ…… အိပ်မက်ထဲမှာတုန်းက ……..
ဒီနေရာမှာ ဟိုအဖိုးကြီးနဲ့ မဲမဲကောင်ကြီးနှစ်ကောင်ရပ်နေပြီး ငါးတွေစားနေရင်း ငါ့ကို လှမ်းကြည့်နေခဲ့တဲ့ နေရာပဲ……..ဒါ.. ဒါ….. ဒါဆို….)

သူမ တွေးနေမိစဉ်တွင်ပင်… ရုတ်တရက်…..

ဂရုန်း…. ရုန်း….. ရုန်း………

(ဟင်…………………)

ဆက်ရန်......

No comments:

Post a Comment