Wednesday, October 17, 2012

ကပ္ပလီ (အပိုင်း - ၁)



အစ

(မဖြတ်လိုက်နဲ့ … မဖြတ်နဲ့ … မဖြတ်နဲ့ …. အား…………………………………………….)

သက်နောင် … အော်ဟစ်ကာ အိပ်ရာမှ လန့်နိုးလာသည်…… နိုးနိုးချင်း သူဘယ်ရောက်နေသည်ကို လှည့်ကြည့်မိ…. ၀န်းကျင်တစ်ခုလုံးက ပိန်းပိတ်အောင် မှောင်နေလေသည်….. ရင်အစုံက မောလွန်းနေနိမ့်ချီ မြင့်ချီ ဖြစ်နေ၏… ချွေးများ က တစ်ကိုယ်လုံးစိုရွဲနေသည်.. လက်ဖြင့် ထောက်ထားသော မွေ့ယာကို စမ်းမိတော့မှ…. မိမိ အိမ်က အိပ်ခန်းထဲတွင်ဖြစ်ကြောင်း ပြန်သတိရလာသည်…

(ဟူး တော်ပါသေးရဲ့ )

အိပ်ရာခေါင်းရင်းမှ.. မီးကိုလှမ်းဖွင့်လိုက်သည်….. အခန်းမီးလင်းလာသော်လည်း …. သူ့ အမြင်မှ မြင်ကွင်းက မပျောက်သေး ….. ကြိုး…. ကြိုးကို တ တိတိ လှီးဖြတ်နေသည့်ဓား…… ပြီတော့ …. ကပ္ပလီကြီး …. ဟုတ်သည်… ကပ္ပလီကြီး ဖြစ်သည်…. သက်နောင် ဘယ်လိုမှ ဖြေလို့ မရ…..

(ငါ…. ငါ… ငါမှားခဲ့ပြီလား …. ငါ့ ဘ၀ မှာ ဒါဟာ အကြီးဆုံး အမှားကြီးပဲ ….. )

တွေးနေရင်းမှ သက်နောင် မျက်ရည်များက ကျလာသည်….. စိတ်ထဲတွင်လည်း မိမိကိုယ်မိမိ ခွင့်မလွှတ်နိုင်…..

ဖြေမဆည်နိုင်….. ဘာသာတရား၏ အဆုံးအမ အရရော … လူသားတစ်ယောက်၏ ပင်ကိုယ် သနားဓာတ်ခံက ပါ… သက်နောက်ကို …. ချုံးပွဲချငိုလိုက်စေပါတော့သည်….

သက်နောင် ငိုပါသည်…. ရှိုက်ကြီးတငင်ကို ငိုပါသည်…..

(ငါ့ကို ခွင့်လွှတ်ပါ ဇမ်ဘာလေးရယ်….. ငါ့ကိုခွင့်လွှတ်ပါ…. )

ငိုလည်း ငို…. ပါးစပ်မှလည်း ပါးလုံးပါးထွေးဖြင့်ပြောနေမိ၏……. ငိုနေရင်းမှပင်… ကပ္ပလီကြီး၏ အပြုံးက သူ့ စိတ်ထဲတွင်ပြန်ပေါ်လာပြန်သည်…..

(ဒါက ငါ့ သားအငယ်ဆုံးလေးပေါ့ …. ဒါက ငါ့သမီးလေးလေ…. အခုလေးနှစ်ထဲမှာ … )

(ငါသိပါတယ်.ကွာ….. မင်းတို့ ငါ့ကို ဘာလုပ်လိမ့်မယ်ဆိုတာ ငါသိနေပါတယ်.. )

ကပ္ပလီကြီး၏ စကား များက … သက်နောင် ၏ နားတွင် ပဲ့တင်ထပ်နေပါတော့သည်……

(အီး… ဟီး… ဟီး… ငါတောင်းပန်ပါတယ် ဇမ်ဘာလေး … ငါ့ကို ခွင့်လွှတ်ပါတော့ကွာ …. ငါမှားပါတယ်.. .. ငါတကယ်ကို ဘာမှ မတတ်နိုင်ခဲ့တာပါ… )

သက်နောင်ငိုပြန်ပါတော့သည်……. ဒီအိပ်မက်တွေ.. အရိပ်တွေ အသံတွေက…သက်နောင်ကို ခြောက်လှန့်နေခဲ့သည်မှာ … ယခုဆိုလျှင် လေးလပင်ပြည့်လုပါပြီ…… သူသဘောင်္မှ ပြန်ရောက်သည်ကား နှစ်လ ခန့်ရှိပြီဖြစ်သည်……

အိပ်ရာနဘေးတွင်ရှိသော ရေပုလင်းမှ ရေကို အားပါးတရမော့သောက်ချလိုက်၏….. အမောက တော့ ပြေမသွား …. သက်နောင်ဘ၀ တွင်ထိုမျှလောက် ကိစ္စတစ်ခု အတွက် အခြောက်လှန့် မခံခဲ့ရ…… ဒီလိုခံရလောက်အောင်လည်း …. သက်နောင်က ထိုကိစ္စတွင်.. ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ရသည်ပဲ …. (ကပ္ပလီ)

ထို အသံကို သက်နောင်ကြားတောင်မကြားချင်တော့ …… သက်ပြင်းကိုလေးပင်စွာချလိုက်ရင်း …. သက်နောင်မတွေး သော်လည်း …. အတွေး အရိပ်မဲတို့ က … သက်နောင်ဆီ ရောက်လာပြန်ပါလေပြီ…. ဒီညလည်း အိပ်လို့ ရတော့ဦးမည်မဟုတ်…… ဘယ်တော့ များ အထိ ဒီလို အခြောက်လှန့် ခံနေရဦးမည်လည်းမသိ……. သို့ သော် သူပြုခဲ့ဖူးသော အကြီးမားဆုံး အမှားကြီးတစ်ခုအတွက်…. ဒီမျှလောက်ပေးဆပ်နေရာတာ ပင်.. တော်သေးသည်ဟု သက်နောင် တွေးမိပြန်သည်…. အတွေးထဲ ကပ္ပလီကြီး ၏ နှစ်လိုဖွယ်အပြုံးနှင့် အတူ…. လျော့ရဲမေ့မျောနေသော ..ကြောက်ရွံတုန်လှုပ်နေသော …. ကပ္ပလီကြီး ၏ မျက်နှာ များ က တပြိုင်နက်ပေါ်လာပြန်လေသည်….. ဒိည သက်နောင်အား အတွေးဆိုး တို့ က ခြောက်လှန့်ပြန်ပါလေတော့သည်…………………………………….



(၁)

(ဒက်…… ဒက်…. ဒက်…. ဒက်….. )

ကျယ်လောင်သော သံချည်းခေါက်စက်အသံနှင့် အတူ သံချေးမှုန်များ တစ်ဖွားဖွားလွင့်စင်နေသည်…… သက်နောင်…. စိတ်သည်လည်း သံချေးမှုများ အတိုင်း လွင့်ချင်ရာသို့

လွင့်နေ၏……. အချိန်ကား မနက်.. ကိုးနာရီကျော်ကာစ မို့ … နေစထွက်ချိန်ဖြစ် သဖြင့် အနည်းငယ်ပူနေသည်…..

(ဒက်… ဒက်….. ဒက်… ဒက်)

သဘောင်္ ဂန်းဝေး (Gang way) (သဘောင်္မှ.. ကုန်း ပေါ်သို့ ဆက်သွယ်ပေးထားသော တံတားငယ်) ထိပ်ရှိ …လက်ကိုင်တန်းများ ကို သံချေးခေါက်နေခြင်းဖြစ်သည်…. သက်နောင် ဒီသဘောင်္ပေါ် ရောက်သည်မှာ …. ငါးလခန့်ရှိပေပြီ….. သက်နောင်၏ ရာထူး မှာ သဘောင်္ သားအခေါ် ၀လုံး (OS – ordinary seamen) ဖြစ်သည်… သဘောင်္က လူမျိုးပေါင်းစုံပါလာသည်…. အင်ဒိုနီးရှားများ … ဖိလစ်ပိုင်များ နှင့် မြန်မာ ဆို၍ သူနှင့် စတီးဝပ် နှစ်ယောက်သာပါသည်…. နှစ်ယောက်စလုံးကလည်း လူငယ်များပင်ဖြစ်သည်…. သက်နောင်က ယခုမှ အသက် ၂၃ ထဲမှာသာ ရှိသေးသည်……

သူတို့ သဘောင်္ကြီးသည်… ဓာတုဗေဒပစ္စည်းများ တင်သော သဘောင်္ကြီးဖြစ်သည်…. ယခု အာဖရိက တိုက်.. တန်ဇားနီးယား နိုင်ငံမှ ထွက်လာပြီး….. တရုတ်ပြည်သို့ သွားနေခြင်းဖြစ်သည်…. အီန္ဒိယ သမုဒ္ဒရာထဲတွင်ခုတ်မောင်းနေသည်.. မှာ လေးငါးရက်ပင်ရှိနေပြီ…….

(ဝေး….. ဝေး….. )

သံချေးခေါက်စက် အသံကို ကျော်အောင် အော်လိုက်သော တစ်ဘက်မှ အသံကို … သက်နောင်ကြားကြားခြင်း သံချေးခေါက်ခြင်း အလုပ်ကို ရပ်လိုက်၏…. တဘက်မှ လှမ်းခေါ်နေသည်မှာ … အင်ဒိုနီးရှားအေဘီ (AB –Abel Seamen) ဖြစ်သည်….. ဒီသဘောင်္တွင် အရာရှိများ မှာ ဖိလစ်ပိုင်များ ဖြစ်၍ …. လက်အောက်ဝန်ထမ်းများမှာ .. အင်ဒိုနီးရှားနှင့် မြန်မာများ ဖြစ်သည်….. တတိယ အရာရှိတစ်ယောက်ကတော့ .. အင်ဒိုနီးရှားလူမျိုးဖြစ်သည်…..

(ဘာလဲ…. )… သက်နောင်က ခေါင်းစပ်ပြီးမေးလိုက်သည်….

အင်ဒိုနီးရှား (အ) အေဘီမှ…. (လာဦး …. ဒီမှာလာကြည့်) ဟုလှမ်းခေါ်သည်…

သက်နောင်လည်း လုပ်လက်စ သံချေးခေါက်စက်ကိုပိတ်… ခတ္တ ချထားလိုက်ကာ… သူခေါ်ရာသို့ သွားကြည့်လိုက်သည်…..

အေဘီ ညွှန်ပြသည့်နေရာမှာ ဆေးမခြောက်သေးသော … နေရာဖြစ်သည်…. မနေ့က ညနေက မှ …. သူဆေးသုတ်ထားခဲ့သည့်နေရာ….. ယခုတော့ ခြောက်နေပေပြီ….. သို့ သော်… ထူးခြားသည်က … ထို ဆေးကွက်ပေါ်တွင်… ခြေရာတစ်ခုတွေ့ခြင်းဖြစ်သည်…. ပို၍ ထူးခြားသည်ကား …. ခြေရာမှာ … ဖိနပ်မပါ.. ခြေဗလာဖြင့် နင်းထားသော ခြေရာဖြစ်နေခြင်းပင်ဖြစ်လေသည်…….

(၂)

ခြေရာ….

ဟုတ်သည်… ခြေဗလာနှင့်ခြေရာ… သဘောင်္ပေါ်တွင်… လူတိုင်းဖိနပ်စီးကြသည်…. အိပ်ခန်းထဲရောက်မှသာ လျှင် ဖိနပ်ချွတ်ကြသည်ချည်း.. အခုလို သဘောင်္ကုန်းဘက်ပေါ်တွင် ဖိနပ်မစီးပဲလာလို့ကို မရ…. ဒါဟာ စည်းကမ်းဖြစ်သည်…. ယခုတွေ့ရသည့်ခြေရာက … ခြေဗလာနှင့်မို့ အတော်ထူးဆန်းနေကြသည်….

ထိုခြေရာနားတွင်အားလုံးဝိုင်းနေကြသည်….. ထိုထဲတွင် အသက်အကြိးဆုံးဖြစ်သော အင်ဒိုနီးရှား ဘိုဆင်ကြီးက

(ငါတို့ ထွက်လာတာလည်း … တန်ဇားနီးယားက …. အခု ဒီခြေရာမှာလည်း ဖိနပ်မပါဘူး ဆိုတော့ …. သဘောင်္ပေါ်မှာ စတိုးဝေး (stow way) ပါလာတာတော့… သေချာပြီ…..

ဒီကပ္ပလီတွေက ဖိနပ်စီးကြတာ မဟုတ်ဘူး …… ကဲ… ငါတို့ ချိဖ် ( အရာရှိချုပ်) ကို သွား သတင်းပို့လိုက်ဥိးမယ်…. အားလုံးလုပ်စရာရှိတာ ဆက်လုပ်ကြ)

ဟုဆိုကာ ….အကော်မိုဒေးရှင်း (accommodation ) (သဘောင်္လူနေ ခန်းများရှိရာ)ဘက် သို့ ထွက်သွားလေသည်….

သက်နောင်လည်း ကိုယ်သံချည်းခေါက်နေရာသို့ ပြန်လာကာ သံချေးခေါက်နေလိုက်တော့ သည်….. သဘောင်္ပေါ်တွင်… ကိုယ်မမြင်ဖူးသော … ကပ္ပလီလူစိမ်းတစ်ယောက်ပါလာသည်ကတော့ .. လန့်စရာပဲဖြစ်သည်… အချိန်မရွေးကိုယ့်ကို အန္တရာယ်ပြုသွားနိုင်သည်….. သက်နောင်တစ်ယောက် အလုပ်လုပ်နေရင်နှင့်ပင်ကျောချမ်းလာသည်….

(ဒင်းဘယ်နေရာများသွားခိုနေမလဲမသိဘူး ….. တော်ကြာ အလုပ်လုပ်နေတုန်းဘွားကနည်းပေါ်လာရင်ဘာလုပ်ကြမလဲ …. မဖြစ်ဘူး …. သတိရှိရှိနေမှ)

စောစောကလို …. သံချေးမှုန်များနှင့် အတူစိတ်လွင့်နေလို့ မရတော့ ….. ဘေးဘီဝဲယာ ပါ သတိရှိရှိကြည့်နေမိတော့ သည်…….



(၃)

နေလုံးကြီးသည် တဖြေးဖြေးမွန်းတည့်လာပါလေပြီ……

(ဘော်….ဘော်…. )

သဘောင်္မှ…. နေ့လည် ဆယ့်နှစ်နာရီ ထမင်းစားနားရန်…. ဥသြဆွဲခြင်းဖြစ်သည်……

သက်နောင်လုပ်လက်စ အလုပ်ကို ချကာ ထမင်းစားခန်းသို့ ၀င်လာလိုက်သည်…. ထမင်းစားခန်းတွင်လူက အတော်စုံနေကြပြီ….. မီးဖိုခန်းထဲဝင်ကာ… ထမင်းထည့်ရင်း… နောက်ထပ် တစ်ဥိးတည်းသော မြန်မာဖြစ်သူ စတီးဝပ်…. မျိုးသန့်ကို မေးကြည့်မိသည်…

(ဟေ့ယောင်… ဘာလို့ လူအဲလောက်များနေတာလဲ ….. အရာရှိတွေကလည်း Officer mess ထဲသွားမစားပဲ ဘာလို့ Crew Mess ထဲ လာထိုင်နေတာလဲ …. )

(အစည်းအဝေးလုပ်မယ်ပြောတာပဲ … မနက်က မင်းတို့ … ခြေရာတွေ့တယ်ဆို… ငါထင်တာတော့ stow way ရှာမယ်ထင်တယ်ကွ…. ပထမ တစ်ခေါက်ရှာတာ မသေချာလို့ … ထပ်ရှာရတော့မှာပေါ့ …. ငါ့ အဖွဲ့ တာဝန်ကျတဲ့နေရာမှာတွေ့ရင်တော့ …. နားကားပြီဟေ့….. ပထမတစ်ခေါက်က သေချာမရှာလို့ ဆိုပြီး သူကြီး(Captain) ကဆဲမှာဟ… )

(အေး …. ငါ့တို့ တာဝန်ကျနေရာမှာ တွေ့ရင်လည်း နားကားမှာပဲ …. ဒီကပ္ပလီကလည်းကွာ… ပထမတစ်ခေါက်ရှာကတည်းက အသာတကြည်ထွက်လာတာမဟုတ်ဘူး … ခုကျမှ ဟိုလျှောက်သွားဒီလျှောက်သွားနဲ့ )

မှန်ပါသည်… သူတို့ သဘောင်္ တန်ဇားနီးယား နိုင်ငံမှ စထွက်လာကာစက … Stow way ရှာဖွေ ကြရသည်… ဒါက ထုံးစံဖြစ်သည်… ဒီလို သဘောင်္ခိုးစီးပြီး တဘက်နိုင်ငံသို့ ကူး လိုသည့် သူများ မှာ အများ အားဖြင့် ကပ္ပလီများ ပင်ဖြစ်သည်.. ထို့ကြောင့် ဆင်းရဲသော အာဖရီက နိုင်ငံများမှ သဘောင်္ထွက်ခွာသည့်အခါတိုင်း stow way ရှာကြရသည်…… သို့ သော် ရှာဖွေရေးအဖွဲ့များက သေချာမရှာသဖြင့် …. ခုလို သဘောင်္ပေါ်တွင်ပါလာခြင်းဖြစ်သည်….. ရှာဖွေရေးအဖွဲ့ ဆိုသည်မှာလည်း … သူတို့ သဘောင်္သားများ ပင်ဖြစ်သည်…. အဖွဲများ ခွဲကာ …. အရာရှိများ က ခေါင်းဆောင်အဖြစ် တာဝန်ယူကာ ရှာကြရသည်….. အဖွဲ့ ခွဲခြင်း နေရာ ခွဲခြင်းများမှာ … ပုံသေ သတ်မှတ်ထားပြီးသားမို့ အငြင်းပွားစရာမရှိ…. ယခု ဒုတိယ အကြိမ်ရှာသည့် အခါ.. ကိုယ့် နေရာတွင် stow way တွေ့လျှင်တော့ … သူကြီးက ထောင်းမည်သာဖြစ်သည်…..

သို့ နှင့် ထမင်းစားပြီးချိန်သို့ ရောက်သော အခါ….ဖိလစ်ပိုင် ကုန်းချုပ် (ကုန်းဘက် အရာရှိချုပ် C/O) က … အစည်းအဝေးလေးလုပ်မည်ဟုဆိုသည်…… ထို့နောက် အစည်းအဝေးစကြပါတော့သည်…

ကုန်းချုပ်မှ စတင်ကာ.. မနက်က .. Deck (ကုန်းဘတ်) ပေါ်တွင်… ခြေရာတစ်ခုတွေ့တာ အားလုံးလည်း သိပြီးဖြစ်ကြောင်း. .. ဒီတော့ .. stow way လိုက်လာသည်မှ အသေအချာဖြစ်ကြောင်း .. ထို့ကြောင့် သဘောင်္၏ stow way search plan အတိုင်း ပြန်လည်ရှာဖွေရမည်ဖြစ်ကြောင်း … စသဖြင့် ပြောသွားသည်……

ထိုအခါ…အင်ဒိုနီးရှားထမင်းချက်မှလည်း … ထရွေ့ သူလည်း အစားအသောက်နှင့် ရေဘူးများ ပျောက်ဆုံးကြောင်းပြောလေသည်…. သို့ နှင့် …. Stow way ကို ..ယခုပင်စရှာမည်ဟု …ကုန်းချုပ်က ဆုံးဖြတ်သည်..

သက်နောင်နှင့် မျိုးသန့်တို့လည်း မိမိတို့ တာဝန်ကျရာ အဖွဲ့ အတိုင်း ရှာဖွေကြလေတော့သည်…… သက်နောင်က … Pump room ထဲမှာရှာဖွေရမည်ဖြစ်ပြီ….. မျိုးသန့်ကတော့ … Gally … Mess နှင့် … Dry Store ကို ရှာရမည့် အဖွဲ့ထဲတွင်ပါသွားလေတော့သည်……

(၄)

အတော်ကလေး စေ့စေ့စပ်စပ်ရှာကြပါသည်……. သက်နောင် ရှာဖွေရသည့်နေရာမှာ .. Pump room ဖြစ်သဖြင့် Pump များ ကြား …. ပိုက်များ ကြား …. Tanktops …. နှင့် … လူပုန်းခိုနိုင်သည့် နေရာအားလုံးကို နှံနှံစပ်စပ် ရှာသည်…… မည်သည့် ကပ္ပလီမှ မတွေ့…..

(အင်း .. Pump Room ထဲမှာ မရှိတာတော့ သေချာနြေ့ပီ… ရှိလည်းမရှိနိုင်ပါဘူး … ဘာလို့ ဆို Pump Room ကို အလုပ်သိမ်းတာနဲ့ ဘိုဆင်ကြီးနဲ့ ပန့်မန်း အမြဲ ပိတ်နေကျပဲလေ…. ဒင်းက ညဘက်ထွက်လာတာ ဆိုတော့ … ဒီထဲမှာ တော့ မရှိနိုင်ဘူး …. အင်ဂျင်ခန်းထဲများ သွားခိုနေမလားမသိဘူး ….. ဒါပေမယ့် အင်ဂျင်ခန်းကလည်း …. ဒီလောက်ပူတာ .. နောက်ပြီး Round လှည့်တဲ့ ဆီလောင်းတွေလည်း ရှိနေတာ ပဲ …ဒီကပ္ပလီကလည်း ကွာ… ငါ့တို့ သဘောင်္ပေါ်မှ လိုက်လာသေးတယ်…. သောက်လုပ်အတော်ရှုပ်တာပဲ … )

အလုပ်အတော်ရှုပ်မည်ကတော့ အသေအချာပဲဖြစ်သည်….. Stow way လိုက်လာသည်ကို ဖမ်းမိလျှင်…. သူ၏ နေရပ်နိုင်ငံသို့ ပြန်ပို့ပေးရမည်…… လမ်းမှာတွေ့သည့်နိုင်ငံတွင် ချထားခဲ့လို့ မရ…. ချထားမိခဲ့လို့ …. နယ်မြေရဲက ဖမ်းမိလျှင် သဘောင်္ရော Company ပါ ပြဿနာ ကြီးကြီးတက်သွားနိုင်သည်……. ဒါက ဥပဒေပင်ဖြစ်သည်……

(ဟေး….. ဟေး….. သက် ရေ…. သက်….. )

အင်ဒိုနီးရှား အေဘီမှPump Room အ၀ မှလှမ်းခေါ်ခြင်းဖြစ်သည်… … သူ့ကို သက်ဟု အဖျားစွတ်ပြီးခေါ်ကြသည်….. ဒါက သူတို့ ခေါ်တတ်သလိုခေါ်သည်မို့ .. ဘာမှ မပြောတော့ …. ယခုဆို အသားပင်ကျနေပြီ….

(ဟေးး .. ဘာလဲ)

(တွေ့ပြီကွ… ဖမ်းမိပြီ)

(ဟာဟုတ်လား ….. )

သက်နောင် ရှာဖွေရေးအလုပ်ကို ရပ်လိုက်သည်…စိတ်လည်း အတော်ပေါ့သွားသည်… တော်ပါသေး၏ ….. သူ့ တာဝန်ကျနေရာမှ မတွေ့သည်က ပဲ တော်တော့သည်…..ဖမ်းမိထားသော ကပ္ပလီအား မြင်ချင်ဇောဖြင့် .. Pump Room ထဲမှ တက်လာလိုက်သည်…. ဘယ်လိုအကောင်က များ ဒီသဘောင်္ပေါ်လိုက်လာသလဲ သိချင်ခြင်းသာဖြစ်သည်….အပေါ်ကိုရောက်တော့ … …. အေဘီက

(သူ့ကို ထမင်းစားခန်းထဲခေါ်သွားပြီကွ….. အကြီးကြီးပဲဟေ့ကောင်ရေ….. မဲတူးနေတာပဲ )

(နေပါဦးဘယ်ကနေတွေ့တာလဲ ….)

(Fossil store (သဘောင်္ဦးပိုင်းရှိ စတိုခန်း) ထဲက ကွ…. ကြိုးခွေတွေ ဟိုးနောက်ကြားထဲမှာ ပုန်းနေတာ …. ဘယ်ကဘယ်လိုတွယ်လိုက်လာသလဲတော့ ခုသွားမေးမှပဲသိမယ်.. အဲဒါဘိုဆင်ကြီးတို့ အဖွဲ့ ရှာရမယ့် နေရာလေ….) ဟု အင်ဒိုနီးရှား အေဘီက ပြောသည်….

ဘိုဆင်ကြီးတော့ အကောခံရမှာသေချာသလောက်ရှိနေပြီ……သက်နောင်လည်း …. ထမင်းစားခန်းထဲလိုက်ဝင်လာလိုက်သည်…. ထမင်းစားခန်းထဲမှာ လူစုံတက်စုံပင်….. သူကြိးလည်းရောက်နေသည်…. ထိုလူစုံတက်စုံ အလယ်တွင်….ထီးထီး ကြီးရပ်နေသူကား… .. ကပ္ပလီ…..ကပ္ပလီမဟုတ်…. ကပ္ပလီကြီးဖြစ်သည်….. ဗလကောင်းကောင်း အရပ်အတော်မြင့်ပြီး …. မဲတူးချိတ်နေသော ကပ္ပလီအကြီးကြိးတစ်ယောက် မတ်တပ်ရပ်နေလေသည်…လက်ကိုလည်း ဘိုဆင် (Bosun) နှင့် ပန့်မန်း (Pump Man) တို့ ကလက်နောက်ပြန်ကြိုးတုပ်ထားကြသည်….. ၀တ်ထားသည့် အင်္ကျီ က .. အတော်ကြောင်ကြောင် ကြားကြားနိုင်သော အဆင် ဖြစ်သည်…ဘောင်း ဘီက အတိုနှင့် ….ခြုံပြောရလျှင် .. လူဘိလူးမဲမဲကြီးတစ်ကောင် နှင့် ပင်တူနေသေးတော့သည်…..

သူကြီး (Captain) က ထိုကပ္ပလီကြီးကို ခြေဟန်လက်ဟန်ဖြင့် … ပါးစပ်မှလည်း အင်္ဂလိပ်လိုပြောကာ….ကြမ်းပြင်တွင် အထိုင်ခိုင်းသည်…. ကပ္ပလီကြီးက အင်္ဂလိပ်စကားနားလည်ပုံတော့ ရသည်…..သို့ မဟုတ်…. သူကြီး၏ ခြေဟန်လက်ဟန် ကြောင့်လည်းဖြစ်မည်ထင်သည်….. ကြမ်းပြင်တွင်.. စောင့်ကြောင့်ကလေးထိုင်လိုက်သည်…. လူကောင်သာကြီးသည်… သူ့မျက်လုံးများကတော့ သနားဖွယ်ပင်ဖြစ်သည်…. အတော်ကြောက်နေပုံလည်းရ၏……လူတစ်ယောက် ကြောက်သည့်အခါမျက်လုံးက အသိသာဆုံးဖြစ်သည်….. ကျီးကြည့်ကြောင်ကြည့်နှင့်…. သူ့ကို တစ်ခုခုလုပ်မည်ကို အတော်စိုးရိမ်နေပုံရလေသည်…

ဖိလစ်ပိုင်လူမျိုးသူကြီးက …

(မင်းနာမည်ဘယ်လိုခေါ်သလဲ…. နာမည်.. လေ.. နာမည်…. )ဟု အင်္ဂလိပ်လိုမေးသည်.

(ဆရာပြောတာကို ကျွန်တော်နားလည်ပါတယ်…. ကျွန်တော့် နာမည်… ဇမ်ဘာလေးပါ)

ဟု အတော် မွဲသော အင်္ဂလိပ်စကားဖြင့် ပြန်ပြောသည်…..

(မင်းဘယ်လို သဘောင်္ပေါ်လိုက်လာသလဲ)

(သဘောင်္ကျောက်ချနေတုန်း….. လက်ပစ်ကူးပြီး ကျောက်ကြိုးက တစ်ဆင့် တွယ်တက်လာတာပါ… )

(ဟိုက်ရှားဘား .. သက်စွန့်ဆံဖျားပါလား … )ဟု သက်နောင်တွေးမိသည်….

သဘောင်္ကျောက်ချသည်ဆိုသော နေရာမှာ … ကမ်းနှင့် အတော် ဝေးသည့်နေရာဖြစ်သည်…… ဖြစ်နိုင်တာတော့ … လှေဖြင့် သဘောင်္အနီးဝန်းကျင်သို့ လာပြီး …… ရေငုပ်ကာ … ကျောက်ကြိုးကို တွယ်တက်လာတာဖြစ်မည်…… ကျောက်ကြိုးဆိုသည်ကလည်း အရှည်ကြီး သဘောင်္မှ တိုင်းလျှင်တောင် အတော်မြင့်သည့် အမြင့်ဖြစ်သည်…. ထို့ ကြောင့်ပင် သက်စွန့်ဆံဖျားဟု တွေးမိခြင်းပါပေ..…

သူကြီးက …..

(ကဲကဲ … သဘောင်္သားအားလုံးကို ပြောမယ်.. အခုလောလော ဆယ်တော့ သူ့ကိစ္စကို Company ကိုဖုန်းဆက်မေးရဦးမယ်… ဘယ်လိုဆက်လုပ်မယ်မသိသေးခင်မှာ …. သူ့ကို ဒီအတိုင်းပဲထားထားလိုက်… ကဲ ဇမ်ဘာလေး မင်းလည်း … ဒီသဘောင်္ပေါ်နေဦးပေါ့ … နောက်မှ မင်းနိုင်ငံကို ငါလိုက်ပို့ ပေးမယ်….. ဘို့စ်… (ဘိုဆင်ကို အတိုခေါ်သည့်နာမည်) သူ့ကို ကြိုးဖြေပေးလိုက်ပါ…. ဇမ်ဘာလေး .. မင်း… ဘယ်သူ့ကို မှ အန္တရာယ်မပေးနဲ့ …. ဘာမှလည်းလျှောက်မလုပ်နဲ့ …. ဒီထမင်းစားခန်းမှာတော့ မနေနဲ့ .. မင်းခန္ဒာကိုယ်က နံစော်နေတာပဲ …. ရာသီဥတုလည်း မအေးတော့ .. Bosun store ထဲမှာပဲသွားနေ….. ဘို့စ်… သူနေရမယ့် ဘိုဆင်စတိုကို လက်ပြလိုက်ပါ…. ) ဟုပြောပြီး …

ထထွက်သွားတော့သည်….

ဘိုဆင်လည်း

(ကဲ .. အားလုံးကိုယ့်အလုပ်ကိုယ်ပြန်လုပ်တော့ … ဇမ်ဘာလေး ကငါနဲ့လိုက်ခဲ့ …. မင်းနေရမယ့်နေရာလိုက်ပြမယ်.. ) ဆိုပြီး ဇမ်ဘာလေးဆိုသည့် လူမဲကြီးအား ကြိုးဖြေပေးကာ… ဘိုဆင် စတိုခန်းရှိရာ … သဘောင်္ ကုန်းဘက် အလယ်ပိုင်း (Mid Ship) သို့ ခေါ်သွားလေသည်…. အမှန်တော့ ဘိုဆင် စတိုခန်းဆိုသည်မှာ .. ဘိုဆင်နှင့်သက်ဆိုင်သော … ပစ္စည်းများ … ကြိုးများ … တိုလီမိုလီများ ထားရာအခန်းဖြစ်သည်….. လူတစ်ယောက်နေနိုင်လောက်စာ တော့ ကျယ်ဝန်းသည်ပေါ့….

စတီးဝပ်..မျိုးသန့်က သက်နောင်အနားကပ်လာပြီး

(ဟေ့ကောင်.. ဒါဆို ငါတို့ တန်ဇားနီးယားကို ပြန်သွားရမှာပေါ့ ဟုတ်လား .. )

(အာ အေးပေါ့ဟ… ဟိုကောင်ကြီးကို ပြန်လိုက်ပို့ရဦးမှာကိုး ….. သွားသွားဟေ့ကောင် ညနေစာသွားချက်တော့ .. ချက်ကြီး (chief cook) သိရင် ဆဲနေလိမ့်မယ်… ငါလည်း သွားတော့ မယ် ) ဟု ဆိုကာ …. Deck (ကုန်းဘတ်) ပေါ်သို့ ထွက်လာခဲ့လိုက်လေသည်…

(၅)

သူကြီး အာပေါလ် အဖို့ … အတော်အကြပ်ရိုက်နေလေသည်…..သောက်လက်စ ကော်ဖီခွက်ကို .. စားပွဲပေါ်ပြန်တင်လိုက်သည်…

ဒီကပ္ပလီကြီး ပါလာသည်မှာ သူ့အတွက်တော့ ဂြိုလ်မွှေခြင်းပင်ဖြစ်သည်…. ဒီကိစ္စကို Company သို့ အကြောင်းကြားလျှင် လည်း .. အထုအထောင်းကတော့ ကြိမ်းသေခံရမည်ဖြစ်သည်…..ယခု ပင်လယ်ထဲသို့ ထွက်လာသည်က ပဲ ခြောက်ရက်ကျော်နေပြီ… အပြန် ပြန်လှည့်လျှင် ခြောက်ရက်ပြန်ကြာမည်…. ထိုနောက်.. ထိုမှ တဖန်ပြန်အထွက် ခြောက်ရက်ပေါင်းလျှင်… ဆယ်နှစ်ရက်ကြာပေလိမ့်မည်….ထိုဆယ့်နှစ်ရက်တာ အတွက် ကုန်ကျမည့် ဆီတန်ဖိုး … တင်လာသော Cargo (ကုန်ပစ္စည်း) နောက်ကျသည့်အတွက် လျှော်ကြေးပေးရမည့်တန်ဖိုး ….. တန်ဇားနီးယားတွင် … ထိုလူကိစ္စရှင်းရလင်းရမည့် ဒုက္ခ… ဘယ်လောက်ကြာမည်မှန်းလည်းမသိ….. ထိုထို သော ကုန်ကျစရိတ် …. အချိန်တို့ အတွက်…. Company က သူ့ ကိုထောင်းမည်မှာ အသေအချာပင်ဖြစ်လေသည်…..သူဘာလုပ်ရမည်နည်း …..

ဒီအတိုင်းတင်ခေါ်သွားလို့လဲမဖြစ်……မတတ်နိုင်တော့ …. Company သို့ ဖုန်းဆက်မှ သို့ မဟုတ် အီးမေးလ်ပို့ မှဖြစ်ပေလိမ့်မည်…

သို့ နှင့် စက်တယ်လိုက်… ဖုန်းမှပင် ရုံးသို့ တိုက်ရိုက်ဖုန်းခေါ်လိုက်ရတော့သည်……

(၆)

ယမန်နေ့က…. ဆူပရီတန်းဒန့် နှင့် … အသေအချာ စကားပြောပြီးနောက်….. . Company က. အကြောင်းပြန်မည်ဟုပြောသွားသည်…. အကြောင်းမပြန်ခင်စပ်ကြား .. ဒီ ကပ္ပလီကြီးကို … ဘယ်နားသွားထားမည်နည်း…… သူကြီး အာပေါလ် အတော်ခေါင်းစားနေပေပြီ…..

ယနေ့မနက်ပင်….. ထမင်းချက် က သူ့ထံလာတိုင်သည်…. ထိုကပ္ပလီကြီးမှ …. မီးဖိုချောင်ထဲတွင်စားချင်ရာ ၀င်စားနေသည်ဟု တိုင်ခြင်းဖြစ်သည်….. ထိုကြောင့် ညနေခြောက်နာရီကျော်လျှင်… အစားအသောက်အကုန်သိမ်း … မီးဖိုချောင်းတံခါး သော့ခတ်….. ဟု အမိန့်ထုတ်လိုက်ရသည်…. သဘောင်္သားများကိုလည်း … အစားအသောက်ကို ဖွက်ထားရန်ပြောရသည်…. ဒီအတိုင်းချထားလျှင်တော့ ယူစားမည်ပဲဖြစ်သည်… ပါလာသည့်ရိက္ခာနှင့်မလောက်လျှင်အခက်….. ထိုလူကြီးမှာ အကောင်ကလည်း ကြီးသဖြင့် အစားလည်းအတော်သောင်းကျန်းပုံရသည်……

သူကြီးအာပေါလ်အဖို့ ….. Company သို့ ထပ်မံဖုန်းဆက်ရပေဦးမည်…. အကြောင်းပြန်မှုကို အမြန်ဆုံးလိုချင်နေပြီဖြစ်လေသည်…..

(၇)

သက်နောင် နေ့လည် ထမင်းစားရန် ထမင်းစားခန်းသို့ ၀င်လာသော အခါ… သဘောင်္သားများ နှင့် အတူ …. ကပ္ပလီ ကြီးပါ ထမင်းအတူစားနေသည်ကို တွေ့ရသည်….. စကားတွေပြောလိုက်… စားလိုက် နှင့် ပြုံးပြုံး ပြုံး ပြုံးနှင့် ဖြစ်သည်…..

သက်နောင်လည်း မီးဖိုချောင်းထဲ ၀င်ကာ ထမင်းထည့်ရင်း … မျိုးသန့် အား ..

(ဟေ့ယောင်…. .ဟိုဘဲကြီး က တယ် ပျော်နေပါ့လား)

(အေးကွ….. ငါ့လည်း စလားနောက်လားနဲ့ … အတော်တော့ ပျော်တတ်ပုံရတယ်….. ခက်တာက ချက်ကြီးကွ… သူ့ အစားအသောက်တွေယူစားလို့ ဆို ဒေါတွေပွပြီး …. မနက်က သူကြီးကို သွားတိုင်တယ်လေ…. အခု ညဘက် ဂယ်လီပိတ်ဖို့ နဲ့ …. ထမင်းဟင်း စားသောက်ပြီးတာနဲ့ .. အပြီး သော့ခတ်သိမ်းဖို့ ဆိုပြီး သူကြီးက အမိန့်ထုတ်လိုက်တယ်… )

(ဟိုက်ဒါဆို ….. ညဘက်သမားတွေငတ်ပြီပေါ့ …အဲဒါမှဒုက္ခ ပဲ ….. ငါတို့ က ဒေးမန်း (Day Man နေ့လည်ခင်းအုလုပ်လုပ်သူ) တွေမို့ ပြဿနာမရှိပေမယ့် … Watch ( အလှည်ကျ Duty စောင့်ရသူ) သမားတွေအတွက်တော့ ပြဿနာပေါ့ ..)

(အေး …. Watch သမားတွေ အတွက်တော့ … ခေါက်ဆွဲပြုတ်ပဲပေါ့ကွာ…… ချက်ကြီးကလည်း သိပ်ကပ်သပ်တာပဲကွာ… ဟိုကပ္ပလီကြီးကို … ရေသောက်တာက အစလိုက်ပြောတယ်…. မင်းသိတဲ့အတိုင်း .. ချက်ကြီး အကျင့်ကို ….. မလွယ်ဘူး … ငါလည်း ဒီဘဲကြီးနဲ့ တွဲလုပ်နေရတာ .. စိတ်ကုန်လှပြီ….. ခိုင်းချက်က လည်း အသက်ပါထွက်လောက်တယ်.. ဟူး … ပြန်မယ်ဟေ့ကောင်… နောက်နှစ်လဆိုငါက စာချုပ်ပြည်ပြီ…. ပြန်မယ်.. )

(အာ .. နေပါဦးဟ … မင်းပြန်သွားရင် မြန်မာဆိုလို့ ငါတစ်ယောက်ပဲကျန်မှာ ….. အ တွေက လွယ်တာမဟုတ်ဘူးဟ….. ပျင်းချက်က လည်းကမ်းကုန်….နောက် သုံးလေးလတော့ နေပါဦးကွာ .. နော်.. တူတူ ပြန်တာပေါ့ .. )

(အေးပါကွာ … အေးပါ.. သွားထမင်းသွားစားတော့ .. )

သက်နောင်ထမင်း ထည့် ဟင်းပါ ပုံထည့်ပြီး ထမင်းစားခန်းထဲသို့ ၀င်လာသည်….. ကပ္ပလီကြီး စားနေသော ထမင်းကိုကြည့်တော့ …. အတော်သနားသွားသည်…. ကြက်ဥပြုတ်လေးတစ်လုံး နှင့် … ဟင်းအနှစ် အနည်းငယ်နှင့်သာဖြစ်သည်…. ချက်ကြီးက ဒါပဲကျွေးသည်ထင်သည်….. တခြား အင်ဒိုနီးရှားများ ကလည်း ဘာမှထပ်ထည့်ပေးပုံမရ…. ဒါနှင့် မိမိပန်းကန်ထဲမှ ကြက်သားတစ်တုံးကို ယူကာ … ကပ္ပလီကြီးဇမ်ဘာလေး ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်….. ဘေးနားတွင် ထိုင်နေသော အင်ဒိုနီးရှား ဆီလောင်းက သူ့ကို တစ်ချက်လှမ်းကြည့်သည်…. ဘာမှတော့မပြော…. ဇမ်ဘာလေးက သူ့ကို ကြည့်ကာလှိုက်လှိုက်လှဲလှဲ ပြုံးပြရှာသည်…..ရုပ်မချောသော်လည်း .. အပြုံးက ဖြူစင်လှသည်…. သူလည်း ပြန်ပြုံးပြရင်း…ဇမ်ဘာလေး ရှေ့တွင်ပင်ဝင်ထိုင်ကာ… ထမင်းစားလိုက်သည်….

(မင်း… က ဘာရာထူးလဲ )

သူထည့်ပေးသော ကြက်သားတုန်းကို ကိုက်ရင်း …ထမင်းပလုပ်ပလောင်းနှင့် ..မေးသည်….

(ငါက အိုအက်စ်လေ…. )

(ငါက မင်းတို့ သဘောင်္နဲ့ အမေရိကားသွားတဲ့အထိလိုက်မလို့ … )

(အခုတော့ မရတော့ဘူးလေ… မင်း နိုင်ငံကို မင်းပြန်ရတော့မယ်… )

(အေးကွာ… ငါတို့ နိုင်ငံက ဆင်းရဲတယ်… ငါ့မှာ မိန်းမနဲ့ ကလေး ခြောက်ယောက်ရှိတယ်…. နိုင်ငံခြားမှာ အလုပ်လုပ်မှ ချမ်းသာမှာ ကွ…ဒီမှာလေ .. ငါတို့ မိသားစုပုံ)

ဟုဆိုကာ…. သူ့ အင်းကျီအိပ်ကပ်ထဲမှ.. ဓာတ်ပုံခေါက်ကလေးကို ထုတ်ပြရှာသည်…. ဓာတ်ပုံထဲတွင်… ဇမ်ဘာလေး… သူအမျိုးသမီးဖြစ်ဟန်တူသူ … ခပ်၀၀ ကပ္ပလီမ တစ်ယောက်…. သူမလက်ထဲတွင်… ကပ္ပလီသေးသေးလေး တစ်ယောက်…. ရှေ့တွင်မတ်တပ်ရပ်နေသည့် အရွယ်စုံ ဆိုက်စုံ ကပ္ပလီလေးများ …. အားလုံးပေါင်းငါးယောက်…. ဇမ်ဘာလေးက .. သူ့ မိသားစုဓာတ်ပုံထဲမှဒါက ဘယ်သူ အသက်ဘယ်လောက်… စသည်ဖြင့် … တစ်ယောက်ချင်းစီကို ရှင်းပြနေရှာသေးသည်…သက်နောင်လည်း သဘောတကျကျဖြင့် နားထောင်နေမိသည်… အင်းပေါ့လေ.. သူလည်း သူ့သားတွေသမီးတွေကို လွမ်းမပေါ့….

(ဒါနဲ့ မင်းအသက်ဘယ်လောက်လဲ)

သက်နောင်က

( နှစ်ဆယ့်သုံး လေ … မင်းရော)

(ငါက … သုံးဆယ့် ငါး ကွ)

(ဟားဟား .. မင်းက အသက်သုံးဆယ့်ငါး.. ဘယ်လိုလို့ ကလေးက ခြောက်ယောက်တောင်မွေးတာလဲ … )

ဇမ်ဘာလေးက ပြုံးလိုက်ပြီး

(ဟီးဟီး… ငါရော .. ငါ့မိန်းမရော အလုပ်မရှိကြဘူးလေ… )

ကဲကောင်းရော…သက်နောင် တဟားဟား ပင်အော်ရယ်မိသည်…

အသားမဲမဲ .. ဗလကောင်းကောင်းလူကောင်ထွားထွား ကပ္ပလီကြီးကို ကြည့်ရင်တော့ .. ကြောက်စရာဟုထင်နိုင်သော်လည်း … အတွင်းစိတ်တော့ ဖြူစင်ပုံရရှာသည်….. သို့ တည်းမဟုတ် … သူနေသာအောင်လည်း မိတ်လိုက်ဖွဲနေတာလည်းဖြစ်နိုင်သည်….. သို့ သော်… ဘာပဲဖြစ်ဖြစ်… သက်နောင်က တော့ ဇမ်ဘာလေးကို အတော်သဘောကျသွားသည်….

(မင်းတို့ သဘောင်္က .. ငါ့ကို တကယ် တန်ဇားနီးယားကိုပြန်ပို့ မှာလား )

(အေးပို့မှာပေါ့ကွ… )

(ပို့ပေးရင်တော့ ကောင်းမှာပါပဲကွာ.. )

သက်နောင်သိပ်တော့ နားမလည်…. ဥပဒေအရ သူ့ကို ပြန်ပို့ရမည်ပဲပေါ့ …. ဒါကို သူက ပို့ပေးရင်တော့ ကောင်းမှာပါလုပ်နေသည်…..

(ဘာမှ စိတ်မပူနဲ့ မင်းနောက်တစ်ပတ်အတွင်း .. မင်းမိန်းမနဲ့ ကလေး တွေကို ပြန်တွေ့စေရမယ်.. ဟဲဟဲ )

ဟု သက်နောင် ကစားလက်စ ထမင်းကို အပြီးသတ်စားလိုက်ရင်း …. ဇမ်ဘာလေးကို အားပေးလိုက်သည်…

ဇမ်ဘာလေးက တော့ သူ့မူပိုင်… အပြုံးကြီးဖြင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း …သက်နောင်ထည့်ပေးသည့် ကြက်သားတုံးကို အားပါးတရ အပြီးသတ်စားလိုက်လေတော့သည်…..



(၈)

သက်နောင်ထမင်းစားသောက်ပြီးထမင်းစားခန်းထဲမှ ထွက်လာတော့ …. ပန့်မန်းနှင့် ဘိုဆင်ကြီး နှစ်ယောက် တံခါးဝတွင်တွေ့လိုက်ရသည်… သူ့ကိုလည်း လက်ယက်ကာလှမ်းခေါ်သည်….

(ဟေ့.... သက်… မင်း ဇမ်ဘာလေးကို ဘာလို့ အသားတုံးသွားကျွေးတာလဲ )

သေချာပါပြီ…. အင်ဒိုနီးရှား ဆီလောင်းက သတင်း သွားပို့ပြီးလေပေပြီ… အတော်စိတ်ချရသည်….

(အာ… သူက ကြက်ဥပြုတ်နဲ့ထမင်းစားနေတာ သနားလို့ပေါ့ဗျ)

(အေး နောက်ကို မကျွေးနဲ့ … ငါမကြိုက်ဘူး .. .. ဒီကောင်က ပြဿနာကောင်ကွ…. အခု သူကြီးလည်း သူကြောင့် အတော်ဒေါသထွက်နေတယ်… )

(အေးပါဗျာ … စိတ်ချပါ.. နောက်ကို မကျွေးတော့ပါဘူး ..)

သက်နောင်လည်းပြီးပြီးရောသာပြောလိုက်ပြီး လှည့်ထွက်လာခဲ့လိုက်သည်….. ဘိုဆင်ကြီး ဘာကိစ္စ ကပ္ပလီကြီးကို အသားလွတ်မုန်းနေသနည်း…. အသားတစ်တုံးနှင့်လည်း .. သူစားရသည်က များစွာလျော့သွားသည်မဟုတ်… ပြီးတော့ သူ့ အသားတုံး သာဖြစ်သည်…. ဘိုဆင်ကြီး၏ စားမည့်ထဲမှ ဖဲ့ကျွေးရသည်လည်းမဟုတ် … အဘယ်ကြောင့် အလိုမကျဖြစ်နေရသနည်း …. ဟု သက်နောင်တွေးမိသည်… ခေါင်းကိုလေးပင်စွာခါရမ်းပစ်လိုက်ရင်း .. အလုပ်ဆက်လုပ်ရန်သဘောင်္ကုန်းဘတ်ပေါ်သို့ ထွက်လာလိုက်လေတော့သည်….



(၉)

ဘိုဆင်ကြီး အဖို့ … ဒီကပ္ပလီကြီးကို အတော် ဒေါသထွက်မိသည်… ဒင်းသာ မလိုက်လာလျှင်… သူကြီး၏ အဆူအဆဲကို သူခံရစရာမရှိ….သူ့ တစ်သက်တွင်… သူကြီးပေါင်းများစွာနှင့် အလုပ်တွဲလုပ်လာသည်မှာ … နှစ်ပေါင်း နှစ်ဆယ်ကျော်နေပြီဖြစ်သည်….. သူကြီးတိုင်းက သူ့ကို လေးစားရသည်…. ယခုတော့ သူ့ ထက် အသက်ငယ်သည့် သူကြီး က သူ့ကို မနက်က အခန်းတွင်းသို့ ခေါ်ကာ…. ပက်ပက်စက်စက် ဆူတော့သည်…. ….. သူတာဝန်ယူရှာရမည့်နေရတွင်တွေ့ခဲ့သည်ကိုး …. ဆူသည့်အချိန်တွင်.. အနား၌… အင်ဒိုနီးရှား 3rd mate (တတိယ အရာရှိ) လည်း ရှိနေသဖြင့် သူပိုရှက်မိခြင်းဖြစ်သည်…. လူမျိုးတူချင်းမဟုတ်လား ….. ခံပြင်းသည်ပေါ့

(ခင်ဗျား အသက်အရွယ်… လုပ်သက်နဲ့ .. ဒီလိုပေါ့တီးပေါ့ဆ လုပ်နေရင်… ခင်ဗျား ကိုနောက်ပိုင်း ဘယ်လိုယုံရမလဲ …. အတော်အသုံးမကျ တဲ့ လူပဲ … )

ထိုစကားကို သူအနာဆုံးဖြစ်သည်….သူ့ တစ်သက်တွင် ဒါမျိုးတစ်ခါမှ အပြောမခံခဲ့ရ…… လုပ်သက်အရရော အလုပ်အကိုင် ကျွမ်းကျင်မှုက ပါ… သူ့ကို နာမည်ကောင်းရစေခဲ့သည်ချည်း … သူကြီးတိုင်း ကုန်းချုပ်တိုင်းက .. လေးစားခဲ့သည်ချည်းဖြစ်၏….အခုတော့ နင်မဲငဆ အပြောခံလိုက်ရလေပြီ….. ထိုကြောင့်ပင် ထိုကပ္ပလီကြီး ဇမ်ဘာလေးကို ကြည့်မရဖြစ်နေခြင်းဖြစ်သည်…. သူကြီးအဆူခံရပြီးနောက် ထမင်းချက်နှင့် တွေ့သဖြင့် … ထမင်းချက်ကြီးအား … ကြက်ဥပြုတ်နှင့် သာ ဇမ်ဘာလေးကို ကျွေးရန် သူပဲပြောခဲ့ခြင်းဖြစ်သည်…. ထမင်းချက်ကလည်း အတော်အမြင်ကပ်နေပုံရသည်…. စိတ်ချဟုဆိုကာ … ကြက်ဥပြုတ်နှင့်သာကျွေးခဲ့သည်….. ဒါကို … ဟိုမြန်မာ အိုအက်စ်လေးက … ကြက်သားတစ်တုံးသွားထည့်ပေးသေးသည်…. ဆီလောင်းလေး လာပြန်ပြောမှသိရသည်….

(မှတ်ထားဦးပေါ့ သက်ရာ….. မင်း ဒီနေ့ နေပူထဲကကို မတက်ရအောင်ငါလုပ်ပစ်မယ်.. )

ဟု လည်း စိတ်ထဲမှကြိမ်းမိသည်……

(ဇမ်ဘာလေး ဇမ်ဘာလေး … ခွေးမသား ကပ္ပလီ… မင်းကြောင့် ငါအဆူခံရ… အဆဲခံရ.. ငါ့သိက္ခာ ချခံရတာ … ငါမင်းကို အမှုန့်ကြိတ်လို့ ရရင် အမှုန့်ပါကြိတ်ပစ်ချင်တယ်… တောက်! )

သက်ပြင်းကြီးကြီးကို တစ်ချက်ချကာ … ကုန်းဘက်ဖက်သို့ ထွက်လာလိုက်တော့ သည်…. ညနေနေပူပူအောက်တွင်…. သက်နောင်အား …. ပက်ပက်စက်စက် ခိုင်းဖို့ ကြံစည်ပြီးဖြစ်လေသည်…

(၁၀)



ဇမ်ဘာလေး ကို ဖမ်းမိသည်မှာ ယနေ့သည် လေးရက်မြောက်နေ့ဖြစ်သည်…. သူကြီး အာပေါလ် တစ်ယောက် Company မှ အကြောင်းပြန်ကြားချက်ကို စောင့်နေသည်မှာလည်း … လေးရက်မြောက်ပြီဖြစ်သည်…. ဒီအတိုင်းဆို သဘောင်္က .. ဆယ်ရက်ခရီးကိုပင်ရောက်နေပေပြီ…. နောက်ကြောင်းပြန်လှည့်သည်နှင့် ရက်နှစ်ဆယ်… အနည်းဆုံးပြန်ကြာတော့မည်…. ဘာကြောင့် Companyက ချက်ချင်းအကြောင်းမပြန်သနည်း … သူကြီးအာပေါလ်တွေးနေရင်းနှင့်ပင် ..ခေါင်းပူလာသည်….

ထမင်းချက်နှင့် ဘိုဆင်ကြီးကလည်း သူ့ကို လာလာတိုင်သည်….. ထမင်းချက်က… ဇမ်ဘာလေး တစ်ယောက် အင်မတန်အစားကြီးကြောင်း … သူ့ကိုကျွေးရတာ အတော်ဒုက္ခရောက်ကြောင်း …. ခန္ဒာကိုယ်မှာလည်း နံနေသဖြင့် …သဘောင်္သားများ ထမင်းစားသည်ကို အနှောက်အယှက်ဖြစ်စေကြောင်း စသဖြင့် လာတိုင်သည်…. ဘိုဆင်ကြီးကလည်း …. ဇမ်ဘာလေးကို သူ့စတိုထဲထားရတာ အလွန်အလုပ်ရှု့ပ်ကြောင်း တိုင်ပြန်သည်….. ရေချိုးခိုင်းဖို့ ပြောတော့လည်း .. သဘောင်္သားများ ရေချိုးခန်း ညစ်ပတ်သွားမည်ဆိုးကြောင်း အကြောင်းပြသည်….. သူဘာလုပ်ရမည်နည်း … တယ်လီဖုန်းကို ကောက်ကိုင်လိုက်ပြီး .. Bridge ( သဘောင်္မောင်းနှင်သည့် တပ်မကိုင်ခန်း ) သို့ ဖုန်းဆက်လိုက်သည်….. ဘိုဆင်ကြီးကိုခေါ်ပေးရန်ဖြစ်သည်…

သိပ်မကြာ ဘိုဆင်ကြီးရောက်လာသည်….

(ဒီမှာ ဘို့စ်…. ဇမ်ဘာလေးကို ဒီတိုင်းထားထားတာ.. ခင်ဗျား သဘောမကျဘူးလို့ မနက်က လာပြောထားတယ်နော်…. သူက အတော်အနှောက်အယှက်ဖြစ်နေသလား .. )

(ဖြစ်ပါတယ် ကပ်ပ် (Capt.) …. ဒီအတိုင်းဆက်ထားထား ရင်… လူနေခန်းတွေဘက်ပါခြေဦးလှည့်လာနိုင်ပါတယ်… )

(ကဲ … ဒါဆိုလည်း သူ့ကို ခင်ဗျား တို့ လက်ပြန်ကြိုးပြန်တုပ်ပြီး ဘိုဆင် စတိုထဲသာ ထည့်ထားလိုက်ဗျာ …. Company ကလည်း ခုထိဘာမှ အကြောင်းမပြန်ဘူး …Company က အကြောင်းပြန်တဲ့အထိပေါ့ … ဆူပရီတန်းဒန့်က … ဘာအော်ဒါပေးမလဲ ကြည့်ပြီးမှ ဆက်လုပ်တာပေါ့ .. ခုလောလော ဆယ်တော့ … သူ့ကို လက်ပြန်ကြိုးသာ တုပ်ထားလိုက်ဗျာ …. ချော့မော့ပြီးတော့ တော့ လုပ်နော်… ဒီကောင်ကြီးက နည်းတဲ့ဗလမဟုတ်ဘူး … တော်ကြာ အန္တရာယ်ပြန်ပေးရင် ခက်မယ်… )

(ဟုတ်ကဲ့ပါ… ကပ်ပ် …. စိတ်ချပါ…. လုပ်လိုက်ပါ့မယ်.. )

(ဒါနဲ့ သူ ချီးပါ သေးပေါက်ကော ဘယ်လိုလုပ်မလဲ )

(ဒါက လွယ်ပါတယ် ကပ်ပ်…. သူ့ကို ကြိုးတုပ်ပြီး သူ့ အောက်မှာ ဆီပိုင်းပြတ်တစ်ခု ခံပြီးထိုင်ခိုင်းထားလိုက်ပါ့မယ်… ဒါဆို သူ့အဲဒီထဲ ပဲ ချီးပါသေးပေါက်ပစေပေါ့ …. နောက်သူမရှိတော့မှပဲ အဲဒါကြီးကို ရေထဲ လွင့်ပစ်လိုက်မှာပေါ့ .. )

(အေးဗျာ … ခင်ဗျား တို့ အဆင်ပြေအောင်သာစီစဉ်….. ဒီတစ်ခါတော့ သေချာလုပ်နော်… အလွဲအချော် ဘာတစ်ခုမှ မကြားချင်ဘူး)

(ဟုတ်ကဲ့ပါ ကပ်ပ်)

ဟုဆိုကာ ဘိုဆင်ကြီး ပြုံးရွှင်စွာထွက်သွားတော့သည်…… သူ အမြင်ကပ်သူကို ကြိုးတုပ်ရတော့မည်မဟုတ်လား

သူကြီး ..အာပေါလ် .. စိတ်ထဲမှ တိုးတိုးပြောမိလေသည်…

(စိတ်မကောင်းပါဘူး …ဇမ်ဘာလေး …)


ဆက်ပါဥိးမည်......

By: လင်းလွန်းညို

No comments:

Post a Comment