Tuesday, July 31, 2012

ညဈေး အပိုင်း ၆

(၁၄)
July 24th ,2000 (SUN)
7:30 (PM)

လောကတွင်မည်သူ့ကို မှမစောင့်သူသည် နေမင်းကြီးသာဖြစ်လိမ့်မည်ထင်သည်…… နေသည် သူ့အချိန်အတိုင်းစောင်းလာခဲ့လေပြီ…… ဒေါ်မော်မော်တို့ သားအမိလည်းကြောက်ကြောက်လန့်လန့်နှင့် ပြန်သွားကြပြီ…..
အောင်မိုး အတော်စိတ်ညစ်နေသည်….. အိမ်တွင် သူ တစ်ယောက်တည်း လူကြီးလိုဖြစ်ကျန်နေခဲ့သည်မဟုတ်လား.......အမေဖြစ်သူက တစ်ချိန်လုံးငူငူငေါင်ငေါင်ဖြစ်နေသည်…… သူလည်း ဘာမှမတတ်နိုင် ကွန်ပျူတာ ရှေ့မှာသာ ထိုင်နေမိတော့ သည်… ဘာလုပ်ပေးရမှန်းလည်း မသိ…… ဒီတစ်ညတော့ အတော်ကလေးဖြတ်ကျော်ရပေဦးတော့မည်….

(သားရေ…. သားဘာတွေလုပ်နေလဲ )

ဒေါ်မေကြည်အောင်အမေးကြောင့် အောင်မိုး ဒေါ်မေကြည်အောင်ကိုလှည့်ကြည့်မိသည်….. တစ်နေကုန်ရေမချိုးထားသော …ဆံပင်များ ပွင်ယောင်းဆုတ်ဖွာနေသော ဒေါ်မေကြည်အောင်သည် .. သူ့အမေမှ ဟုတ်ပါလေစ…. ဟုတွေးမိသည်…

(သား.. ကျောင်းပြိုင်ပွဲအတွက် … ပုံဆွဲနေတာလေ အမေရဲ့ )


(ပြစမ်း.. အမေလည်း ကြည့်ရအောင်)

ပြောရင်းဆိုရင်း ..ဒေါ်မေကြည်အောင် အောင်မိုးအနားသို့ လျှောက်လာသည်… ခြေမကွဲထားသဖြင့် ထော့နင်းထော့နင်းတော့ ဖြစ်နေရှာ၏…. ကွန်ပျူတာကို ဟိုနိုပ်ဒီနိုပ်လုပ်ရင်း….

(အမေ့စိတ်ထဲမှာ အမေ့ကို အဘိုးက ကွန်ပျူတာ နဲ့ ဒီဇိုင်းဆွဲတာ သင်ပေးဖူးတယ်လို့ထင်နေတယ်….. ဟုတ်ပါတယ်.. သင်ပေးဖူးပါတယ်…. သေချာတယ်)

(အာ … အမေကလည်း .. ကွန်ပျူတာ က အမေငယ်ငယ်က ပေါ်မှ မပေါ်သေးပဲနဲ့ .. ဘယ်လိုလုပ် သင်ပေးမလဲ )

(မဟုတ်ဘူးသားရဲ့ သင်ပေးဖူးတယ်..)

(မဖြစ်နိုင်တာ အမေရယ်… ကဲထထ…. တီဗွီကြည့်နေတော့ နော်…. )

ဟုဆိုကာ အောင်မိုး တီဗွီထဖွင့်ပေးလိုက်သည်….. ဇာတ်ကားက အထူးရဲကွန်မန်ဒို မင်းသား ပါသော ဇာတ်ကားဖြစ်သည်…ည ခုနစ်နာရီ ကား….
ဒေါ်မေကြည်အောင် ငြိမ်ငြိမ်စိမ်စိမ်ပဲထိုင်ကြည့်နေသည်… အောင်မိုးလည်း ကွန်ပျူတာရှေ့ ပြန်ထိုင်ကာ အလုပ်ဆက်လုပ်နေလိုက်သည်….
အတော်ကလေး အချိန်ကြာသွားပြီး … ရုတ်တရက် ဒေါ်မေကြည်အောင်မှ

( သား…. ဒီမှာကြည့်စမ်း)

အောင်မိုးလှည့်ကြည့်လိုက်တော့ သူ့အမေက တီဗွီကို လက်ညှိုးထိုးပြရင်းပြောနေခြင်းဖြစ်သည်….အောင်မိုး လည်း တီဗွီိကု ကြည့်လိုက်မိသည်….. တီဗွီမှ ဇာတ်ဝင်ခန်းက တရုတ် နတ် ပူဇော်သည်ကို ရိုက်ထားသော ဇာတ်ဝင်ခန်းဖြစ၏…. မင်းသားက နတ်ဝင်သည်နေရာမှ ၀င်ကနေသည်….

(အဲဒီ နတ်ကတာလေ… အမေငယ်ငယ် ပုဇွန်တောင်အိမ်မှာနေတုန်းက … ဘေးအိမ်က တရုတ်အဖွားကြီးက အဲလိုပဲနတ်ကတာသားရဲ့ အမေမှတ်မိနေတယ်… )

အောင်မိုး စိတ်ညစ်ရပါပြီ…….

(အမေရယ်…. ပုဇွန်တောင်အိမ်ဆိုတာ နှစ်နှစ်သမီးလောက်အထိပဲနေဖူးတာဆို….. ကြီးမူ (ဒေါ်မေကြည်အောင်၏အမ) ပြောဖူးတယ်လေ…. အမေငယ်ငယ်က အဲဒါကို ဘယ်လိုမှတ်မိနိုင်မလဲ…. )

(မဟုတ်ဘူး သားရဲ့ အမေမှတ်မိနေတာ ….. ထားလိုက်ပါလေ… )

အောင်မိုးလည်း ခေါင်းတစ်ခါခါ နှင့်ပင် … ကွန်ပျူတာ ဘက်ပြန်လှည့်လိုက်ရသည်…… ဆက်နေလျှင် ပိုဆိုးလာတော့ မည်……ဒီအတိုင်းဆိုလျှင် ညကျမည်သို့ လုပ်ရမည်နည်း သူမတွေးတတ်တော့ ……
ဒီလိုနှင့် ပင်…… ညသည် သူ့ကိုယ်သူ အမှောင်ချလိုက်လေတော့သည်……..

(၁၅)

July 24th ,2000 (SUN)
11:30 (PM)

(အောင်မိုး …. အမေ့ကို စာရွက်တစ်ရွက်လောက်ယူပေးစမ်း … ဘောပန်ပါယူခဲ့)

အောင်မိုး ကွန်ပျူတာရှေ့မှ ..ထကာ … စာရွက် အကြမ်းတစ်ရွက်နှင့် ဘောပန်ထယူလိုက်သည်….

(အမေဘာလုပ်မလို့လဲ)

(အဘိုးက .. ငါ့ကို ပုံဆွဲတာသင်ပေးဖူးတယ် ….. ဘုံကျောင်းတရုတ်ဘုံကျောင်းပုံဆွဲတာ …. သင်ပေးဖူးတယ်)

ဖြစ်တော့လည်း ဖြစ်နိုင်ပါသည်…. ဒေါ်မေကြည်အောင့် ဖခင်မှာ ဒီဇိုင်းနှင့် စာပုံနိုပ်စက်လုပ်ငန်းတို့ဖြင့် ကြီးပွားလာခဲ့သူဖြစ်သည်….. အောင်မိုးလည်း …. ဘောပန်နှင့်စာရွက်ယူပေးပြီး

(အမေ… မိုးအရမ်းချုပ်နေပြီ.. အိပ်ပါတော့လား အမေရယ်.. ) ဟုအိမ်ရန် ပြောရာ

(ငါမှ မအိပ်ချင်သေးတာ …. နင်အိပ်ချင်အိပ်တော့လေ….. )

ဟုခပ်မာမာ ပြန်ဖြေသည်…. ဒေါ်မေကြည်အောင်သည်. . သားသမီးများ ကို နင်ငါသုံးနှုန်းတတ်သော်လည်း ….. တစ်ခါတစ်ရံစိတ်ဆိုးမှသာဖြစ်သည်…..အောင်မိုးလည်း …. စိတ်တထင့်ထင့်နှင့်ဘက်ကုတင်ပေါ်တက်လှိက်ရတော့သည်
လူက အိပ်ချင်နေသော်လည်း ….. စိတ်က မအိပ်ရဲသလိုဖြစ်နေသည်…….အမေဖြစ်သူကတော့ …. သူ့ တစ်ဘက် ကုတင်တွင် ငုတ်တုတ် ကြီး ….ထိုင်ကာ …… စာရွက် တစ်ရွက် ဘောပန်တစ်ချောင်းနှင့် ဘာတွေ ရေးချစ်နေမှန်းမသိ…….. သူမည်သို့ အိပ်ရမည်နည်း……. သို့ သော်….. ခန္ဓာကိုယ်က သူ့ ကို မနာခံ…. တဖြည်းဖြည်း အိပ်ငိုက်လာသည်……

(ဟီဟိ)

သူအမေဆီမှ ရယ်သံဖြစ်သည်…. ဒေါ်မေကြည်အောင့်ထံအောင်မိုးလည်းကြည့်မိသည်…
စာရွက်ကို ကြည့်ကာ ပြံးစိစိလုပ်နေသည်….. လူကလည်း အိပ်ချင်…. ကြောက်ကလည်း ကြောက်မို့ ….. ဘာမှကို မပြောချင်တော့ … မပြောရဲတာလည်း ဖြစ်နိုင်ပါသည်….

(ဟင်း…………..)

ဒေါ်မေကြည်အောင့်အထံမှ သံပြင်းချသံကြီးဖြစ်သည်…… သူမသက်ပြင်းချသည်က …. ပေနှစ်ဆယ်ခန့် အကွာအဝေးရှိသော အခန်းထောင့်ကုတင်တွင် ရှိနေသည်…. အောင်မိုး ပင်ကြားနိုင်သည်…… အောင်မိုးလည့်မကြည့်တော့ ….. ဖြစ်ချင်ရာဖြစ် ဒီည …. မြန်မြန်ကုန်သွားဖို့ ပဲအရေးကြီးသည်…မနက်ကို မြန်မြန်ရောက်ချင်လှပါပြီ………. အောင်မိုး မျက်စိကို ဇွတ်မှိတ်ကာ အိပ်ပစ်လိုက်တော့ သည်…..
ခဏပဲထင်သည်…. ခဏမျှ အကြာတွင်အောင်မိုး စိတ်ထဲ … အတော်ကလေး အေးလာသလိုခံစားနေရသည်…. အေးတာ မှ တော်တော်ကို အေးလာသည်….. ခြေဖျားလက်ဖျား များပင် ထုံချင်သလိုလို ဖြစ်လာသည်…… အဲကွန်း တင်ထားရွေ့ ဖြစ်မည်ထင်သည်…….

မိုးတွင်းမိုးည မို့ အအေးပိုလာသည်ထင်သည်………ကုတင်ခြေရင်းမှစောင်ကို ခြေထောက်ဖြင့် ညှပ်ကာဆွဲယူလိုက်သည်….

(ဟီး.. ဟီဟိ… .နင်အေးနေပြီမဟုတ်လား)

ဒေါ်မေကြည်အောင်ထံမှ အသံဖြစ်သည်…… အောင်မိုး လှည့်ကြည့်လိုက်သော ဒေါ်မေကြည်အောင်သည်… သူ့ မွေးသမိခင်မှ ဒေါ်မေကြည်အောင်နှင့်ပါင်မတူတော့…….ဘောပန်နှင့် စာရွက်ကို လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ပြီး…. ဆံပင်စုတ်ဖွားနှင့် အိပ်ယာပေါ်တွင် ငုတ်တုတ်ကြီးထိုင်နေသော ဒေါ်မေကြည်အောင်မျက်နှာသည်ပြုံးစိစိကြီးဖြစ်နေသည်…. ဘယ်လိုအပြုံးကြီးမှန်းလည်း မသိ…… အောင်မိုးနောက်ကျောထဲစိမ့်ကနည်းဖြစ်လာသည်…… သူ့ အမေဘာတွေပြုံးနေသနည်း … မေးလည်း မမေးရဲ…..တော်ကြာမနက်ကလို စောင့်ကြောင့်ကြီးထိုင်ကာ ဖားကြီးလို ခုန်ဆွခုန်ဆွလုပ်လာလျှင်ဒုက္ခ... ဘုရားသိကြားမလို့ ဒီညမြန်မြန်ကုန်ပါစေ….အောင်မိုး သူ့ အမေကို မကြည့်တော့ ပဲပြန်ဖြေလိုက်သည်……

(ဟုတ်တယ်အမေ…. မိုးရွာတော့မယ်.ထင်တယ်.. အဲကွန်းနည်းနည်းလျှော့လိုက်မယ်လေ… နော်… )

(မလျှော့နဲ့ ရတယ်… ထားလိုက်….. အေးပလေ့စေ)

ဒေါ်မေကြည်အောင့်လေသံက ပြောင်းနေသည်…. သူမပြောဆိုနေကျလေသံမဟုတ်….. အောင်မိုး ဘာလုပ်ရမှန်းမသိဖြစ်လာသည်…… မတတ်နိုင်တော့ …. စောင်ကို ခေါင်းမြီးခြုံလိုက်ပြီး …. သံဗုဒ္ဓေဂါထာကို သာ နိုင်နိုင်ရွတ်နေလိုက်တော့ သည်……..

(ဟိုကောင်လေး… နင့်ပါးစပ်က တွတ်တွတ်.. တွတ်တွတ်နဲ့ ဘာတွေရွတ်နေတာလဲ….. ခုရပ်လိုက်စမ်း……နားညည်းတယ်ငါအိပ်မရဘူး… )

သူ့အမေမသိအောင်ခပ်တိုးတိုးရွတ်နေသော အသံကို ကြားဖြစ်အောင်ကြားလိုက်သေးသည်….. မတတ်နိုင်တော့ စိတ်ထဲမှသာရွတ်ဆိုနေလိုက်သည်…….

(ဒီညတော့ ဘာမှ မဖြစ်တန်ကောင်းပါဘူးလေ) ဟုသာ အောင်မိုးတွေးနေမိပြီး အိပ်မောကျသွားလေတော့သည်……..

(၁၆)

July 25th ,2000 (MON)
2:18 (AM)

သူမငိုချင်နေသည်……..

(ငါ့ အဖေကို ငါမလုပ်ကျွေးခဲ့ရပါလား….. ငါဟာအတော်မသုံးမကျတာပဲ)

တွေးနေရင်း ပိုပိုပြီးဝမ်းနည်းလာသည်….. ထိုအချိန်တွင်… နောက်ပြန်ဆွဲနေသော စိတ်ကလည်းရှိနေသေးသည်….

(ငါငိုလို့မဖြစ်ဘူး .. ဒါတစ်ခုခုတော့မှားနေပြီ… ဟုတ်တယ် မှားနေပြီ….. ဒါငါ့ကို သက်သက် စိတ်အားငယ်အောင်လုပ်နေတာ…… ငါတင်းထားမှ)
ဟုစိတ်ကပြန်တင်းနေရပြန်သည်….

(ငါ… ညဦးကတည်းက စိတ်က ကပ်လိုက်လွတ်သွားလိုက်ဖြစ်နေတာ ……. ဘုရားဘုရား …. ငါဘာတွေဖြစ်နေတာလဲ ……. )

အခန်းသည် … ထင်ထားသည်ထက်ပိုအေးလာသည်……..သို့ သော်သူမ ဇောချွေးများ ပျံနေ၏….

သူမနံဘေးတွင် ညဥိးက သူရေးဆွဲထားသော ပုံဆွဲစာရွက် အကြမ်းသုံးလေးရွက်က ပွထနေသည်….. သူမစာရွက်ကို ကောက်ယူကြည့်လိုက်မိသည်…… ဒါသူမဆွဲထားတာ မှဟုတ်ပါလေစ…..
ပုံ …. မြောင်းပုံဖြစ်သည်….. ရေမြောင်းကြီးတစ်ခုပုံ……. နံဘေးတွင်…. ညောင်ပင်ခပ်ကြီးကြီး လို တစ်ပင်နှင့် တဲပုပု လေးတစ်လုံး … တဲက.. သွပ်အစုတ်.. သစ်သားအစုတ်အပြတ်များနှင့် ဆောက်ထားသည့် တဲ……. ဒါပဲဖြစ်သည်……ဒါမျိုးမြင်ကွင်းမျိုးသူမ တခါမှလည်း မတွေ့ဖူး……ဘာကြောင့်သူမဒီပုံကိုဆွဲမိသနည်း …

နောက်စာတစ်ရွက်…. ကလေးနှစ်ယောက်ကစားနေသော ပုံဖြစ်သည်…. ကလေးတွေက … ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ဝန်းကျင်…….နောက်က ရှုခင်းက ဘုန်းကြီးကျောင်းလိုဖြစ်မည်ထင်သည်…… သူမ မဝေခွဲတတ်တော့ ……

နောက်တစ်ရွက်……. ဘာတွေမှန်းမသိရေးချစ်ထားသည်ထင်သည်…… စာတွေလည်း ရေးထားသည်… ထိုထဲတွင် စာလုံးတစ်လုံးက မှတ် ဟု ပီပီ သသ ပေါ်နေသည်..... နောက်တစ်လုံးက .. မဲ ဟုပေါ်နေသည်... ဒါပဲဖြစ်သည် .. ကျန်တာတွေတော့ ..ဘာတွေ ခြစ်ထားသနည်း … နားလည်း မလည်နိုင်တော့ …..သူမဘယ်အချိန်တုန်းကရေးထားမိမှန်းလည်း ပြန်စဥင်္းစားမရတော့ ...

သူမ နာရီကို လှမ်းကြည့်မိသည်……
ညသန်းခေါင်ကျော်….. နှစ်နာရီခွဲ…….
နာရီသံ က တစ်ချက်ချက်သွားနေပြီး ….. အရာအားလုံးတိတ်ဆိတ်နေသည်………တစ်ဘက်အိပ်ယာပေါ်တွင်အိပ်နေသော သားအကြီးကောင်ကို လှမ်းကြည့်မိသည်…… မီးထွန်းထားတာကြောင့် လင်းလင်းချင်းချင်းမြင်နေရသည်……. သူမသားကို ကြည့်ရင်း စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်လာသည်…. သားအငယ်ကောင်လေးက ဘေးတွင်အိပ်နေသည်….. မဟုတ်ဘူး .. မဟုတ်ဘူး…. ဒေါ်မေကြည်အောင်ခေါင်းကို တွင်တွင်ခါရမ်းလိုက်သည်…….သားအကြီးကို တစ်ခေါက်ပြန်ကြည့်မိပြန်သည်…….

(ဒီကောင်ငါ့သားမှဟုတ်ရဲ့လား………. မဟုတ်ဘူး …. ဒါတစ်ခြားယောက်ကျားတစ်ယောက်.. ကြည့်စမ်း ငါ့အိမ်ထဲဘာလို့ ရောက်နေတာလဲ)

(ဟာမဟုတ်ပါဘူး.. ဒါသားကြီးပါ… အောင်မိုးပါ…… ငါဘာတွေ တွေးနေတာလဲ)

(ဒီယောက်ကျားကို အိမ်ပြင်အမြန်မောင်းထုတ်ရမယ်…ဒါမှမဟုတ်….. အိပ်နေတုန်းရိုက်သတ်ပစ်မှ…… ငါ့အိမ်ထဲ ပိုင်းစိုးပိုင်နင်းကွာ… တောက်)

(ငါဘာဖြစ်နေတာလဲ…..ဒါအောင်မိုးမှန်းလည်း ငါသိတယ်…..ဘာလို့ ဒီလို မဟုတ်တာတွေတွေးနေတာလဲ…… ဘုရား ဘုရား….. ဒါသွေးရိုးသားရိုးမဟုတ်ဘူး…. ငါတစ်ခုခုတော့ဖြစ်နေပြီ…… )

သူမှစိတ်ထဲမှ လွန်ဆွဲပွဲကို သူမသိနေသည်…… ဘယ်ကမှန်းမသိသော စိတ်ရိုင်းတစ်ခုက သူမကို ၀င်ရောက်စိုးမိုးချင်နေပြီ…..မဖြစ် တင်းထားမှ…. စိတ်ကို တင်းထားမှ….. ငါ ယိုင်နဲ့ သွားလို့ မဖြစ်ဘူး… ငါငိုချလိုက်လို့ ကို မဖြစ်ဘူး….. ဒိအချိန်တစ်ခုခု ဖြစ်သွားရင်… ငါတို့ ပဲဒုတ်ခရောက်မှ…..ဘယ်သူမှလည်း ကယ်နိုင်မှာမဟုတ်ဘူး………..

ဂရုန်း.. ဂရုန်း…. ဂရုန်း ဂရုန်း……

ရေခဲသေတ္တာမှလှုပ်သော အသံဖြစ်သည်….သူမစိတ်ထဲညနေကတည်းက … ရေခဲသေတ္တာလှုပ်ရမ်းနေသည်ကို မသင်္ကာဖြစ်နေခဲ့တာဖြစ်၏…….. သူမအတွေးက ညဈေးဆီရောက်သွားသည်……

(. ညဈေး…….. ဟုတ်တယ်….. ည ၁၀နာရီခွဲဈေး…… အဲဒီကအသားဝယ်လာမိတယ်…..ငါဒီလို မဟုတ်တာတွေ တွေးနေမိတာ ဟာ အဲဒီက စတာပဲ…. ဟုတ်တယ် ညဈေး……………………………………….တောက်… ဒါဟို အကောင်လေး နှစ်ကောင်စားသောက်ဖို့ ၀ယ်ရတာ…. အဲဒီနှစ်ကောင်မှာ အပြစ်ရှိတယ်……တောက် အပြစ်ရှိရင် ရိုက်ရမှာပဲ…. တောက်… ဘယ်မလဲ တံမြက်စည်းတုတ်…. သေတဲ့ အထိရိုက်မယ်…… )

သူမ အခန်းနံရံတွင်ထောင်ထားသော တံမြက်စည်းတုန်ကို လှမ်းယူလိုက်သည်…… ထို့နောက်….. သားအကြီးကောင်အိပ်နေရာ ကုတင်ဆီသို့ လျှောက်လာသည်….သံပိုက်နှင့်လုပ်ထားသော ပလပ်စတစ် တံမြက်စည်းကို လက်ထဲမှာကျစ်ကျစ်ပါအောင်စုတ်ထားမိသည်…… မျက်ရည်များက တတွေတွေ ကျနေပြီ…. သူမကို တစ်ယောက် ယောက်က … တွန်းလွှတ်နေသလို ဖြစ်သည်….. သူမ၏ ကတင်ဆီကို လှမ်းနေသော ခြေလှမ်းများ ကို ရပ်ပစ်လိုက်ချင်သည်.. .ရပ်တန်ရွေ့ မရ…. နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူ ကုတင်ပေါ်မှလူသည်… သူမ သားကြီးလား… သူစိမ်းယောက်ကျားလားဆိုတာ သူမ မကွဲပြားတော့….. ငိုနေမိပြီ….. မျက်ရည်တွေ … ကျလိုက်သည့်ဖြစ်ချင်း….မျက်လုံးတွေ နီရဲနေပြီ……. မျက်လုံးများ က သွေးများဖြင့် ပြည့်နေသလို

ဂရုန်း ဂရုန်း…. ဒုန်းဒုန်း… ဂရုန်း.. ဂရုန်း….

ရေခဲသေတ္တာထဲမှ အသံကပိုမည်လာသည်…..

(ဟင်းဟင်း…… င့ါအိမ်ထဲဝင်လာတဲ့အကောင်.. နင်သေမှအေးမှာ….. )

ဂရုန်းရုန်း ဂရုန်းရုန်း….. ရုန်း……..
လက်ထဲမှ သံပိုက်လုံး တံမြက်စည်းရိုးတံက လေထဲသို့ မြောက်တက်သွားပေပြီ……

(မဟုတ်ပါဘူး ဒါငါ့သားပါ…. ဒါငါ့သား… မလုပ်နဲ့ မလုပ်နဲ့)

(၁၇)

အချိန်မည်မျှ ကြာသွားသည် မသိ အောင်မိုး စိတ်ထဲ….. အေးစက်နေအောင်အေးသော နေရာတစ်ခုကို ရောက်နေသည်ဟုထင်သည်…..အရာအားလုံးက တလင်းပြင်လိုဖြစ်နေသည်….. မှုန်မှိုင်းနေသော ပတ်ဝန်းကျင်ကို အောင်မိုးတစ်ချက်ကြည့်လိုက်သည်…… အောင်မိုး အိပ်နေရာမှ ထထိုင်လိုက်သည်…. သူရောက်နေသော နေရာကား ရေမြောင်းကြီးတစ်ခု၏ နှုတ်ခမ်းဘောင်ပေါ်ဖြစ်ကြောင်း သိလိုက်ရသည်…. အရာရာသည် အေးခဲနေ၏…….တစ်ဘက်တွင် ရေညိုပုတ်ပုတ်များ တသွင်သွင်စီးဆင်းနေသော မြောင်းကြီး … တစ်ဘက်တွင်တော့ တလင်းပြင်…. သူထိုင်နေသည်က အုတ်ဘောင်ပေါ်တွင်ဖြစ်သည်…. မြောင်းထဲပြုတ်ကျသွားမည်စိုးသဖြင့် …. သူ တလင်းပြင်ဘက်ကို ခြေထောက်ချကာပြင်ထိုင်လိုက်ရသည်…. ထိုနောက်မတ်တပ်ထရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်မိသည်… ဒီပတ်ဝန်းကျင်က သူနဲ့ ရင်းနီးသလိုလည်း ရှိသည်….လမ်းတစ်လှမ်းနှစ်လမ်းခန့်လျှောက်ကြည့်မှ သူသည်… လမ်းကြားတစ်ခုတွင်းသို့ရောက်နေတာဖြစ်သည်….. တစ်လင်းပြင်ကြီးမဟုတ် .. တစ်ဘက်က ဘုန်းကြီးကျောင်းကြီးဖြစ်သည်…. လူသူတော့ရှိပုံမပေါ်……

အောင်မိုးတစ်ယောက်လမ်းကို တစ်ဖြေးဖြေးချင်းလျှောက်လာရင်း ….. မျက်စိကျင့်သားရလာရွေလားမသိ… မှုန်မှိုင်းမှိုင်းဖြစ်နေသည်များ က တဖြည်းဖြည်းကြည်လင်လာပြီး ခပ်ဝေးဝေးနေရာများကို ပင်လှမ်းမြင်လာရသည်……

(ဟင်… ဟိုးထိပ်က ကုလား ဘုရားရှိခိုးကျောင်းပါလား …. ဒီကျောင်းကို ငါရင်းရင်းနီးနီး မြင်ဖူးလိုက်တာ …အော်.. ဒါငါတို့ မြန်မာဂုဏ်ရည်လမ်းမပေါ်က ဘုရားကျောင်းပဲ……. )

အောင်မိုးကျောထဲစိမ့်ခနည်းဖြစ်သွားသည်…… သူသိလိုက်ပါပြီ

(ဒါဆို…… ငါ… ငါအခုရောက်နေတာ မန္တလေးလမ်းပေါ့…….. ညဈေးရှိတဲ့နေရာပေါ့….. ဘာလို့ ပတ်ဝန်းကျင်ကြီးက မတူရတာလဲ…… )

ထိုသို့ တွေးနေမိစဉ် အောင်မိုး၏လက်ကို .. ရုတ်တက်ရက် အေးစက်စက်လက်တစ်ဘက်က … ဆောင့်ဆွဲလိုက်သည်……. လန့်ဖြန့်ပြီး အောင်မိုးလှည့်ကြည့်လိုက်တော့ ….. ကောင်ကလေးနှစ်ယောက်… သူ့ထက်အနည်းငယ်သာငယ်မည်ထင်သည်….. ထူးခြားသည်က နှစ်ယောက်လုံး ရုပ်ကလေးများ က ဆင်တူလေးများ ဖြစ်နေပြီး …. တကိုယ်လုံးရေများ စိုရွှဲနေကြခြင်းပင်ဖြစ်သည်…

(ကိုကြီး သားတို့ နဲ့ အတူကစားမလား … )

ကောင်လေးနှစ်ယောက် အနက်မှ တစ်ယောက်က မေးခြင်းဖြစ်သည်…

(အာမကစားပါဘူး … ငါက ကြီးပြီပဲ … ခဏနေလည်း ငါအိမ်ပြန်မှာ မကစားဘူး )

(ကစားပါကိုကြီးရဲ့ ….. သားနဲ့ သားညီလေး က အတူကစားနေကျ… )

(ကဲ နေပါဦး မင်းတို့ က ဘာလုပ်တန်းကစားမှာလဲ …… )

(ရေကူးတမ်းလေ…. )

(ဘာရေကူးတမ်း .. ဟုတ်လား … ဘယ်မှာကုးမှာတုန်း…. မင်းတို့ တစ်ကုန်လုံးလည်း စိုရွှဲနေတာ ပဲ မအေးဘူးလား… ငါတောင်အခုအတော်အေးနေပြီ)

(မအေးပါဘူး … လာပါ… သားတို့ နဲ့ ကစားပါ…. ဟိုးမြောင်းကြီးထဲမှာ
ကူးမှာလေ…. )

(ဘာ… မြောင်းကြီးထဲမှာ …. အာ မကူးဘူး မကူး ဘူး … ဒီလောက်ညစ်ပတ်တာ ကို …ပြီးတော့ မြောင်းရေက တိမ်တိမ်လေး …. မင်းတို့ ဘယ်လိုများ ကူးနေလဲ)

(အော်.. ခဏနေ မိုးရွာတော့မှာ …. ကိုကြီးရဲ့ မိုးရွာရင် ကူးလို့ ရပြီ…)

ပြောနေရင်းပင်ရုတ်တရွက် မိုးက စရွာလာသည်……..

(သားမပြောဘူးလား မိုးရွာမှာပါလို့ …. လာကိုကြီးသွားကြမယ်)

မိုးက ပိုပိုသည်းလာသည်….

(မသွားဘူး ငါအိမ်ပြန်မှာ …… မင်းတို့ နဲ့ ငါမကစားနိုင်ဘူး )

မိုးသည်းသည်းကြောင့် အောင်မိုး အတော်ပြန်အော်နေရသည်…သူလည်း မိုးရေတွေ စိုရွှဲနေပြီ…. မိုးက တအုန်းအုန်းရွာနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက ပိန်းပိတ်အောင်မှောင်လာသည်…

(ကိုကြီးမကစားလည်း နေပေါ့ …. သားတို့ ….. ပဲ သွားကစားတော့မယ်… လာညီလေး… )

ဟုခေါ်ကာ ….. ကောင်လေးနှစ်ယောက်လက်ချင်းတွဲပြီး ရေမြောင်းကြီးရှိရသို့ ဒရောသောပါးပြေးသွားတော့ သည်……

(ဟေ့ညီလေးတို့ … မသွားနဲ့ မသွားနဲ့ .. မိုးတွေ တအားသည်းနေတယ်လေ…. )

အောင်မိုးတစ်ယောက်စိတ်ပူစွာဖြင့် .. ကလေးနှစ်ယောက်နောက်သို့ ပြေးလိုက်ရတော့ သည်…….. ရုတ်တရက် သူရှေ့ မှ ကလေးနှစ်ယောက်က အမှောင်ထဲသို့ ပြေးဝင်ပျောက်ကွယ်သွားသည်….. မိုးသည်းသည်းကြားမှာ သူဘာလုပ်ရမည်နည်း .. ဒီကလေးနှစ်ယောက်ကိုတော့ .. ဘယ်နည်းနှင့်မှ လွှတ်ထားလိုက်လို့ မဖြစ်….. ထိုကြောင့် အောင်မိုး မြောင်းကြီးရှိရာဘက်သို့ မှန်းကာ အပြေးလိုက်လာ သည်…. တွေ့ပါပြီကလေးနှစ်ယောက်….

အောင်မိုးမြင်လိုက်ရသော မြင်ကွင်းက … သူ့၏ခြေလှမ်းများ မလှုပ်နိုင်အောင် ရပ်တန့်သွားစေသည်….
ကလေးနှစ်ယောက်သည် ရေမြောင်းဘောင်ပေါ်တွင် တက်ကာ မတ်တပ်ရပ်နေပြီး ….လက်ချင်းတွဲထားလျက်… သူ့ရှိရာသို့ ကျောခိုင်းနေကြသည်…..

(ညီလေး… မလုပ်နဲ့ )အောင်မိုးလှမ်းအော်လိုက်သည်……

ကလေးနှစ်ယောက်လုံးအောင်မိုးဘက်ရုတ်တရက်လှည့်ကြည့်လိုက်သည်….. ပြီးနောက်နှစ်ယောက်စလုံးမျက်နှာက ပြုံးပြုံးကြီးဖြစ်သွားပြီး ……. ဖြတ်ကနဲ့ တစ်ဘက်သို့ ပြန်လှည့်ကာ. …. ရေမြောင်းထဲသို့ ခုန်ချသွားလေတော့ သည်……

(ဟာ .. သွားပြီ…. ) အောင်မိုး အလန့်တကြားဖြင့် ရေမြောင်းကြီးဆီသို့ ပြေးသွားလိုက်သွားမိသည်…..ရေမြောင်းတွင်းသို့ ငုံကြည့်လိုက်ရာ…. မြောင်းထဲတွင်ရေများ ပြည့်လျှံနေပြီး …ဒေါသတကြီး တ၀ုန်းဝုန်းစီးဆင်းနေကြလေသည်….. သူဘာလုပ်ရမည်နည်း

(ဒီကလေးနှစ်ယောက်တော့ ဒုက္ခပါပဲ … ငါဘာလုပ်ရမလဲ .. မဖြစ်ဘူး ဆင်းကယ်မှနဲ့ တူတယ်.. )

အောင်မိုးစိုးရိမ်နေသည်… ဝေခွဲရလည်း ခက်နေသည်….ရှေ့ရေမြောင်းထဲမှ တ၀ုန်းဝုန်းစီးဆင်းနေသောရေများကို…. မြောင်းဘောင်ကို လက်ထောက်ပြီးကြည့်စဉ်… ရုတ်တရက်….၀ုန်းကနဲ သူ့နောက်မှ တစ်ယောက်ယောက်က.. သူ့နောက်ကျောကို စောင့်တွန်းတာခံလိုက်ရသည်……. အားက အတော်ပြင်း၏… သွားပြီ .. သူသည်လိုက်သည်. .ဘယ်လိုမှ ဟန်ချက်ကို သူမထိန်းနိုင်...တော့….. ထိုအရှိန်ကြောင့်ပင် သူ့ကိုယ်သူ မထိန်းနိုင်ပဲ အောင်မိုး ရေများ တ၀ုန်းဝုန်းစီးဆင်းနေသော ရေမြောင်းထဲ သို….ပြုတ်ကျသွားလေတော့ သည်…… ရေများ က ပါးစပ်ထဲသို့ ဝေါကနည်းဝင်လာသည်…. ရေမြောင်းဘောင်ကို လှမ်းမြင်လိုက်ရသည်….. နောက်ဆုံး သူမြင်လိုက်သည်က ..ရေမြောင်းဘောင်နှင့် အတူ .. သူကို မေးထောက်ကာ ပြုံးပြုံးကြီးကြည့်နေသော စော စောက မြောင်းထဲခုန်ချသွားသည့် ညီအစ်ကို နှစ်ယောက်….. သာဖြစ်လေတော့ သည်….

(အား……………) ရေစီးနှင့် အတူ…..

အောင်မိုး၏အသံကပျောက်ကွယ်သွားပေပြီ……

ဆက်ပါဦးမည်.....

1 comment:

  1. အပိုင်း(၇)ဖတ်ချင်လှပြိ

    ReplyDelete