Thursday, September 20, 2012

ရယ်စရာကောင်းတဲ့ တိုက်တန်းနစ်

ရယ်စရာကောင်းတဲ့ တိုက်တန်းနစ်

ခုလေးတင်ပဲ တိုက်တန်းနစ် သရီးဒီ သွားကြည့်ပြီးပြန်ရောက်ပါတယ်…… ကြည့်ဖူးသမျှ သရီးဒီရုပ်ရှင်များထဲမှာ တကယ်ကို ပေးလိုက်ရတာနဲ့ တန်အောင် ကြည့်ခွင့်ရတဲ့ကားပါပဲ …. ကျွန်တော်ကိုယ်တိုင်ကလည်း ရုပ်ရှင်သိပ်ကြိုက်တဲ့လူဖြစ်တ

ာလည်းပါမယ်…. နောက်ပြီး … ရုပ်ရှင်တစ်ကားကို …. စိတ်ရောကိုယ်ပါ နှစ်ပြီးကြည့်တတ်တာကြောင့်လည်း ပါပါလိမ့်မယ်….. တကယ့်ကို ရင်သပ်ရှုမောကြည့်ခဲ့ရတဲ့ ဇာတ်ကားပါပဲ….. ပထမ ကြည့်ခဲ့စဉ်တုန်းကလည်း သိပ်ကြိုက်ခဲ့ပါတယ်… အခုကြည့်တော့လည်း ကြိုက်တာပါပဲ…. အစကဆို ဒီကားကိုပြန်မကြည့်တော့ဘူးလို့ တောင် စဉ်းစားမိပါတယ်…. ဘာလို့ ဆို…. ကျွန်တော့် အဖေက သဘောင်္သားဆိုတော့ … ဒီလို ရေထဲ မှာ ဒုက္ခရောက်တဲ့ ဇာတ်လမ်းကြည့်ရရင် .. အင်မတန် စိတ်ပူပါတယ်…. အခုကိုယ်ကိုယ်တိုင်လည်း သဘောင်္သားဖြစ်လာတော့ .. ပိုဆိုးတာပေါ့လေ….. ကျွန်တော့အမေဆို အတင်းခေါ်တာတောင်လိုက်မကြည့်ပါဘူး …. စိတ်မကောင်းလို့ တဲ့ .. အဖေ့ကို စိတ်ပူလို့ တဲ့လေ….. ဒါပေမယ့်လည်း … ဒီကားကို သရီးဒီနဲ့ ဆိုတော့ …. စိတ်ပါဝင်စားစွာနဲ့ ပဲ သွားကြည့်ဖြစ်ခဲ့ပါတယ်….

ပထမပိုင်းကတော့ … ဂျက်ခ် နဲ့ ရို့စ်တို့ ရဲ့ … အချစ်ခန်းလေးတွေ…. သဘောင်္ပေါ်ပါတဲ့ ခရီးသည်များရဲ့ character တွေ…. အဲဒီခေတ်ရဲ့ အင်္ဂလိပ် အထက်တန်းလွှာများရဲ့ ..စရိုက်တွေကို မြင်နိုင်ပါတယ်….. နောက်တော့ ရေခဲတောင်နဲ့ တိုက်မိပြီး...သဘောင်္ပျက်တဲ့ အခန်းပေါ့… အဲဒီအခန်းကတော့ .. ပရိသတ်ရဲ့ ရင်ကို တကယ်ကိုင်လှုပ်တဲ့ အခန်းပါပဲ…. ကြည့်ရတဲ့ ပရိသတ်ကို စိတ်မောလာအောင်… သနားတတ်လာအောင် … ကြေကွဲလာအောင်… ၀မ်းနည်း လာအောင်.. လုပ်နိုင်လွန်းပါတယ်…
ဒီလိုဖြစ်အောင်လည်း ငွေကြေးအတော်အကုန်အကျခံပြီးရိုက်ခဲ့တာကိုး… အဲ ဒါပေမယ့် အဲဒီ ထဲမှာ မြန်မာ ပရိသတ် တစ်ချို့ တော့ မပါဘူး ပေါ့လေ….

ကျွန်တော်တို့ ရဲ့ အချို့ အချို့ သော မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ ဟာ အတော် ပျော်တတ်တယ် ထင်ပါတယ်… ဘယ်လောက်ငိုစရာကောင်းတဲ့ အခန်းပြပြ ရယ်နေတော့ တာပါပဲ … အတော်ပျော်တတ်တဲ့လူတွေပဲလို တွေးပြီး ၀မ်းသာပေးရမလိုလို ပါ…..

ဒီကနေ့ တိုက်တန်းနစ်မှာဆို…. သဘောင်္ပျက်တော့ … သဘောင်္အနောက်မှီးကြီးထောင်လာတယ်.. အဲဒိ အခါ… ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကနေ… Bible ထဲမှ စာများရွတ်ဆိုဆုတောင်းပေးပြီး…. သူ့ကို အားကိုးဖက်တွယ်ထားသူတွေကို လက်မောင်းတစ်ဘက်တည်းနဲ့ ဆွဲပေးထားပါတယ်…. ဒါကိုကြည့်ရတာ အတော်ရင်ထဲမကောင်းပါဘူး … အော်.. လူတွေ သေခါနီးလာရင်… ရရာကို ဖက်တွယ်တတ်လာတယ်…. ဘယ်သူက သေချင်မလဲ …. သေမှာကြောက်လွန်းတော့ .. ဘုရားတွေဆုတောင်းဘာတောင်းပေါ့လေ….. စိတ်မချမ်းသာစရာပါ….. ဒါကိုလည်း ရယ်ပါတယ်…. တစ်ယောက်နှစ်ယောက်မဟုတ်ပါဘူး .. အတော်များများ ရယ်ကြပါတယ်….. နောက်ပြီး သဘောင်္ကြီးက ပဲ့ပိုင်းထောင်လျက်ဖြစ်သွားရာကနေ… ပြန် အကျ…. ပင်လယ်ထဲမှာ လူပေါင်းများစွာ … ပေါ်ကို .. အုန်းကနဲပြန်ကျတဲ့အခန်း… စဉ်းစားကြည့်ပါ… ဒီလောက်သဘောင်္ကြီးအလေးချိန် နဲ့ ဒီလူတွေ.. သေရချည့်ရဲ့ ….. ဒါကလည်း ရယ်စရာအခန်းပါပဲ …. တဟားဟား နဲ့ ကိုရယ်တာပါ….. စိတ်မကောင်းဖြစ်နေတဲ့ ကိုယ်တောင် သူတို့ နဲ့ လိုက်ပျော်ရမလိုဖြစ်လာပါတယ်….

နောက်ပြီး … တယောသမားများ ပေါ့ .. သူတို့ တွေ ကတော့ .. လူတွေ panic ဖြစ်နေတဲ့အချိန်… ငါတို့ တယောထိုးပေးမယ်… ဆိုတာမျိုးပေါ့ …. ခပ်ကြောင်ကြောင်အတွေးပေမယ့် … သူတို့ လို ဂီတသမားအတွက်တော့ .. ဂီတဟာလည်း အသက်ကယ်ဆေးတစ်ခွက်ပါပဲ … ဒါပေမယ့် တကယ်တန်းသဘောင်္ကြီးလည်း နစ်ရော… သူတို့ လူစုခွဲဖို့ လုပ်ပါတယ်…. ဒါပေမယ့် .. အဲဒိထဲက တစ်ယောက်ကတော့ … တယောဆက်ထိုးနေခဲ့တယ်… တယောသံကိုကြားရတော့ .. ကျန်တဲ့လူစုခွဲပြီးထွက်သွားသူတွေ အကုန်ပြန်လာပြီး … တယောဆက်ထိုးပေးကြပါတယ်…. ဒါဟာ partnership….နောက်ပြီး … လူတွေရဲ့ နောက်ဆုံးအချိန်အတွက်… လုပ်ပေးနိုင်တာကိုလုပ်သွားရင်း သေမယ် ဆိုတာမျိုးအတွေးလေးနဲ့ပေါ့လေ….. ဒါကိုလည်း ရယ်တာပါပဲ …… တစ်ချို့ ဆို.. တစ်ဟားဟား နဲ့တောင်ရယ် လိုက်ပါသေးတယ်…. . ဒီလိုပေါ့လေ.. တစ်ခန်းနှစ်ခန်းမဟုတ်ပါဘူး … အခန်းအတော်များများကိုရယ်နေကြတော့ …. ငါကြည့်နေတဲ့ တိုက်တန်းနစ်က ရယ်စရာကားများလားလို့ တောင်ထင်ချင်လာပါတယ်…

ဒါရိုက်တာ James Cameron များ ကိုယ်တွေနဲ့ အတူထိုင်ကြည့်ရင်…. ဘယ်လိုများနေမလဲမသိပါဘူး … သူ့ မှာကြိုးစားပန်းစားရိုက်လိုက်ရတာ….. အော်… မြန်မာပရိသတ်ကိုတော့ … ရယ်စရာလောက်ပဲပေးနိုင်တာပါလားဆိုပြီး … မြုပ်သွားတဲ့ သဘောင်္ကြီးနဲ့ တောင်အတူလိုက်သွားချင်စိတ်ပေါက်သွားမယ်ထင်ပါတယ်……

မြန်မာပရိသတ်များလည်း … ဟာသကားတွေအကြည့်များတော့ ရုပ်ရှင်ဆို ရယ်ရမယ်လို့ ချည်းတွေးနေတော့တယ်နဲ့ တူပါတယ်ဗျာ …..

ကျွန်တော့ မှာသာ ငိုရမလို ရယ်ရမလို… ဒါတောင် နောက်မှာထိုင်နေတဲ့ ချာတိတ် က … ခုန်ကို ခြေထောက်နဲ့ ကန်ကန်နေတာက တစ်မျိုး … ကျွန်တော့ ကျောမှီကို ခြေကန်ပြီး ဒူးနှန့်တယ်နဲ့တူပါတယ်…. လူက တိုက်တန်းနစ်ကို ဗိုက်ဘရေးရှင်းနဲ့ ပါကြည့်ခဲ့ရပါတယ်…. ၀မ်းနည်းတာတောင် တုန်တုန် တုန်တုန်နဲ့ပါ…..

ဒီလိုရယ်ကြတာ ခုမှ မဟုတ်ပါဘူးလေ…. ဟိုးငယ်ငယ် သူ့ ကျွန်မခံပြီ (ဒါရိုက်တာ ဦကြည်စိုးထွန်း) ကြည့် တုန်းကလည်း ကြုံဖူးပါတယ်…. သူ့ကျွန်မခံပြီဇာတ်ကားထဲမှာ ပါတော်မှုခန်းဟာ သိပ်ကို နာမည်ကြီးပါတယ်… ကြည့်ဖူးသူများလည်း မှတ်မိမှာပါ… ပရိသတ်ကို မျက်ရည်လည်ရွှဲဖြစ်လောက်အောင်ကို ၀မ်းနည်းစေတဲ့ .. အခန်းပါ…. မြန်မာမင်း သီပေါနဲ့ … မိဖုရား စုဖရားလတ်တို့ ကို ရထားလုံးခေါ်မလား .. အဲဒီ ယာဉ်ကို ခေါ်တာ တစ်မျိုးရှိပါတယ်.. ကျွန်တော်မေ့သွားပါပြီ… အဲဒီယာဉ်ငယ်နဲ့ ဂေါ်ဝိန်ဆိပ်ကို ခေါ်သွားတဲ့အခန်း… ကိုယ့် ဘုရင်ပါတော်မှုတဲ့အခန်း.. ပရိတ်သတ်များမှာလည်း တနင့်နင့်ပေါ့ … ဒီအချိန်မှာ စုဖရားလတ်က … ဘုန်းကြီးကျောင်းရှေ့က အဖြတ်…. “အရှင်ဘုရား .. တပည့်တော်မတော်…. ပါသွားပါပြီဘုရား… “ (စကားလုံးအတိအကျမမှတ်မိပါ) လို့ ငိုပြီးအော်တော့ … အိုး ပရိသတ်လည်း မျက်ရည်မဆည်နိုင်ငိုကြတော့တာပေါ့ .. ကျွန်တော်လို ချာတိတ်တောင်ငိုတာဗျာ …. အဲသလိုငိုကောင်းနေတုန်း .. ၀ုန်းကနဲ့ ကြားလိုက်ရတာက ..

“ဟေ့ ကောင်တွေ မင်းတို့ မျိုးချစ်စိတ်မရှိဘူးလား … ကိုယ်မြန်မာဘုရင်ပါတော်မူနေတာကွ… ရယ်စရာမဟုတ်ဘူး “ ဆိုပြီး
လူကြီးတစ်ယောက်က အော်ပါလေရောဗျာ …. လှမ်းကြည့်လိုက်တော့ … ချာတိတ် လေးတွေဗျာ .. ၁၉ ၂၀ လောက်ရှိမပေါ့ … သူတို့ ကဘာကိုရယ်ကြတယ်တော့မသိပါဘူး…. အဲဒီမှာ ထိုးမလားကြိတ်မလားတွေဖြစ်ကြလို့ မနည်းကို ဖြန်ဖြေကြရပါတယ်… မင်္ဂလာရုံ (သိမ်ကြီးဈေး) မှာပါ….

အမှန်တော့ .. ကိုယ်ပျော်တာလည်းပျော်ပေါ့လေ…. အခြားလူတွေ ကိုလည်း ငဲ့သင့်တာပေါ့….. ရုံထဲမှာ တဟီးဟီး တဟားဟား လုပ်နေတော့ … အနှောက်အယှက်ဖြစ်တာပေါ့ဗျာ … ဒါပါပဲ

ထားပါ….. တိုက်တန်းနစ်ကိုပဲပြန်သွားပါစို့ ….

ဒီလိုနဲ့ ပဲ သုံးနာရီကြာ ကြေကွဲဖွယ် တိုက်တန်းနစ်ရုပ်ရှင်ကြီးကို …. ၀မ်းနည်းဝမ်းသာ တုန်တုန် တုန်တုန် နဲ့ … ရယ်မောပျော်ရွှ့င်တတ်သော မြန်မာရုပ်ရှင်ကြည့်ပရိသတ် အချို့ နဲ့ အတူကြည့်ပြီးသကာလ…..

ဘယ်သော အခါမှ ရုပ်ရှင်ကို ရုံမှာ သွားမကြည့်ဖြစ်အောင်နေတော့မယ်လို့ ဆုံးဖြတ်မိပါတော့တယ်ခင်ဗျာ ……

James Cameron ကြီးကိုလည်း တွေ့ရင်ပြောချင်ပါသေးတယ်… ကြော်ငြာ ပိုစတာက Experience It Never Before In 3D ဆိုတာ တကယ်ပါပဲ … ကျွန်တော့်မှာ ဒီလို ရသမျိုးတစ်ခါမှကို မခံစားခဲ့ရဖူးပါဘူးဗျာ….. ၀မ်းနည်းဝမ်းသာ တစ်ဟားဟား တုန်တုန်တုန်တုန် ရသလေ……

By:လင်းလွန်းညို…

1 comment: