Sunday, September 23, 2012

မြန်မာနိုင်ငံရုပ်ရှင်ရုံများ အတွင်း နိုင်ငံတော်အလံအလေးပြုခြင်း ကဏ္ဍအား ဆက်လက်ထားရှိသင့်မရှိသင့်…


အောက်တွင်ရေးသားထားသည်များနှင့် ပတ်သက်၍ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်…. ဆွေးနွေးနိုင်ပါသည်… အချက်အလက် ပြည့်ပြည့်စုံစုံနှင့် ဆွေးနွေးချက်များ အား လေးစားခြင်းအားဖြင့် … ပါဝင်ဆွေးနွေးပါမည်…. ဆဲရေးတိုင်းထွာခြင်း .. နှင့် အခြား အဓိပ္ပါယ်မဲ့သည့် ဝေဖန်ဆွေးနွေးမှုများအတွက်… မည်သို့ မျှတုံ့ပြန်လိမ့်မည်မဟုတ်ပါ ခင်ဗျား ….. ကျေးဇူး အထူးတင်လျက်ပါ…..


မန်မာပြည်က ရုပ်ရှင်ရုံများမှာနိုင်ငံတော် အလံအား အလေးပြုခြင်း ကဏ္ဍ ထည့်သွင်းထားခြင်းကို တချို့ ကလည်း သဘောကျကြပါတယ်..…. အချို့ ကလည်း သဘောမကျပါ…. ကျွန်တော်ဆိုလိုသည်က အလေးပြုခြင်းကို သဘောမကျခြင်းမဟုတ်…. ထို အပိုင်းကဏ္ဍတစ်ခု ထည့်ထားခြင်းကို သဘောမကျခြင်းသာဖြစ်ပါတယ်.…. ထိုကိစ္စက … ပြီးခဲ့သည့် လ.. က ရုပ်ရှင်အစည်းအရုံးဥက္ကဌမှ…. ရုပ်ရှင်ရုံထဲတွင် နိုင်ငံတော်အလံ အလေးမပြုပါက ထိထိ ရောက်ရောက် အရေးယူသင့်တယ်ဆိုပြီး … ပြောဆိုလိုက်တဲ့ သတင်းထွက်လာတုန်းက .. အတော်ငြင်းခုန်ကြပါသေးတယ်.…
ထိုငြင်းခုန်ကြသည့် အထဲတွင် ကျွန်တော်လည်း ပါဝင်ခဲ့သည်ပေါ့ …. ငြင်းကြတုန်းက… ကျွန်တော်က .. အလေးပြုတဲ့ ကဏ္ဍကို ဆက်လက်ထားရှိသင့်တယ် ဆိုတဲ့ဘက်က ဖြစ်ပါတယ်…. အလေးလည်း ပြုသင့်တယ်လို့ လက်ခံထားပါတယ်…. ဒီတော့ .. အလေးမပြုရေး ငြင်းခုန်သူများ ဘက်က … အလေးမပြုရခြင်း အကြောင်းရင်းတွေကို ကြည့်တဲ့ အခါ…. အောက်ပါအတိုင်းတွေ့ရပါတယ်. …

၁.. ထိုအလံသည်ပြည်သူတို့ သဘောထားဆန္ဒမပါပဲ ပြောင်းလဲခဲ့သော အလံ (ယတြာအလံ ဟုဆိုသည်) ဖြစ်ခြင်း…

၂. မဆလ (မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ) လက်ထက်က အကြွင်းအကျန်မို့ ဆက်လုပ်စရာမလိုဟုဆိုခြင်း

၃. စစ်တပ်က တိုင်းသူပြည်သား ကို သူတို့ ကိုမလေးစားလေးစားအောင်… အတင်းအဓမ္မခိုင်းစေနေခြင်း..

၎. ဘယ်နိုင်ငံမှာမှ ဒီလို အလေ့အထမရှိလို့ … ဒီနိုင်ငံမှာလည်း လုပ်စရာမလိုခြင်း ..(သူများ နိုင်ငံတွေမှာ ရှိရင်တော့
လိုက်လုပ်မည်ဆိုသည့်သဘော)

၅. မိမိ ဆန္ဒမပါပဲ .. လုပ်ဆောင်ခိုင်းနေခြင်း … (ပြုချင်တဲ့လူပြုမပြုချင်တဲ့လူမပြု နေနိုင်သည် ဆိုသည့်သဘော)

၆. ရုပ်ရှင်ကြည့်ခြင်းနှင့် နိုင်ငံတော်အလံ မည်သို့ မျှ မသက်ဆိုင်ခြင်း
စသည်တို့ ဖြစ်ပါတယ်… ဒီတော့ တစ်ချက်ခြင်းဆီ ကျွန်တော် ရှင်းကြည့်ချင်ပါတယ်….

အမှန်ကတော့ ဒီကိစ္စဟာ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်တဲ့ကိစ္စဖြစ်ပါတယ်….  ဦးဇင်ဝိုင်းကတော့ .. စေတနာသဘောလွန်ပြီး အရေးယူသင့်တယ်ဘာညာအထိပြောမိတယ်လို့ ယူဆပါတယ်… အမှန်တော့ အရေးယူဖို့ အထိတော့ မလိုပါဘူး .... ကျွန်တော်တို့ အရင်လုပ်ရမှာက .. ပြည်သူတွေက ဒီကဏ္ဍထည့်သွင်းထားခြင်းကို ကြိုက်မကြိုက် အရင်ဆုံး ဆုံးဖြတ်ရမှာဖြစ်ပါတယ်…. ပုဂ္ဂလိက ရုပ်ရှင်ရုံလုပ်ငန်းရှင်များ ဘက်ကလည်း သဘောကျမကျကို ဆုံးဖြတ်ကြရပါမယ်…. ပုဂ္ဂလိက လုပ်ငန်းရှင်များ ဘက်က မထည့်ချင်ဘူးဆိုလည်း … ပြည်သူတွေဘက်က ထည့်ချင်တယ်ဆို … အစိုးရက သတ်မှတ်ပေးလို့ရနိုင်ပါတယ်… လုပ်ငန်းရှင်ဆိုတာက လူနည်းစုပါ…. ပြည်သူထဲက မှ လူနည်းစုမို့ … ဒီ ကဏ္ဍ ဆက်လက်ထားရှိရန်သင့်မသင့်ကို သူတို့ ချည်းပဲလည်း အဆုံးအဖြတ်ခံယူလို့ မရပါဘူး ….

ဥပမာ သဘောတရားတစ်ခုက … ကိုယ်ပိုင်ကျောင်းတစ်ခု ဖွင့်တော့မယ်ဆိုရင်…. ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း အချက်အလက်… နေရာအကျယ်အ၀န်း.. သင်ရိုးညွှန်းတန်း စသည်များ နဲ့ ကိုက်ညီကြရသလိုပေါ့ … ပြည်သူတွေ ဘက်က တောင်းဆိုမယ်ဆိုလည်း .. ရုပ်ရှင်ရုံတစ်ခုရဲ့ သတ်မှတ်ချက်များ ထဲမှာ ဒါကို ထည့်သွင်းရေးဆွဲနိုင်ပါတယ်… အဓိက ကတော့ ပြည်သူပါပဲ ….

ဒီတော့ … ကျွန်တော်ကလည်း ပြည်သူတစ်ယောက်အနေနဲ့ … ဒီကဏ္ဍ ထည့်သွင်းသင့်ကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်…. ဒါကျွန်တော့် အမြင် ခံယူချက်မို့ .. လက်မခံချင်လည်း ရပါတယ်…. ဒါပေမယ့် စော်ကားစရာတော့မလိုဘူးပေါ့လေ….ဝေဖန်နိုင်ပါတယ်.. ဆွေးနွေးနိုင်ပါတယ.်.. မကြိုက်ရင်မကြိုက်ကြောင်းပြောနိုင်ပါတယ်.. စော်ကားတာမျိုး မဖြစ်ဖို့ သာလိုပါတယ်... ဒါဟာလူကြီးလူကောင်းပီသခြင်းပါပဲ ....

အထက်မှာဖော်ပြပြီးသား အချက်အလက်များ ဟာ …. အလေးပြုခြင်း ကဏ္ဍကို မထည့်သွင်းရေး အကြောင်းပြချက်များ ထဲမှ အများဆုံး လူပြောအများဆုံးအချက်များဖြစ်ပါတယ်…. သိပ် အကြောင်းပြချက်မခိုင်လုံလှတဲ့ အဆိုတွေကိုတော့ ချန်ခဲ့လိုက်ပါမယ်… (ဥပမာ … မတ်တပ်မရပ်ပဲ ရင်ထဲက နေတိုးတိုး  လေး ဆိုညည်း ပြီး လေးစားနေတယ်လေ. ဆိုတာမျိုးပေါ့ …. လေးစားမယ်ဆိုလည်း ဒီလို တိုးတိုးလေး လေးစားနေစရာမှ မလိုပဲလေ…. မတ်တပ် ရပ် လိုက်ရလို့ ကျိုးပဲသွားတာမှ မဟုတ်ပဲ …အမှန်တကယ် နိုင်ငံတော်အလံကို … နိုင်ငံတော်ကို လေးစားနေတဲ့ လူတစ်ယောက်ဟာ … ရင်ထဲကနေတိုးတိုးလေး လေးစားမနေပါဘူး …. သူလေးစားကြောင်းကို အခွင့်ရတိုင်းပြသကြပါတယ်… ဥပမာ ဘိုက်ဆာနေတဲ့လူတစ်ယောက်ဟာ သူ့ကို မုန့်လာကျွေးတဲ့ အခါ… အားမနာနိုင်ပါဘူး … ယူစားလိုက်တာပါပဲ … ဒီလိုပဲ နိုင်ငံတော်ကို လေးစားချင်သူဟာ … တိုးတိုးလေး လေးစားနေမှာ မဟုတ်ပါဘူး … ပေါ်ပေါ်ထင်ထင်လေးစားပြရဲကြပါတယ်….. တိုးတိုးလေး လေးစားတယ်ဆိုတာ …. လေးစားသင့်သလောက်မလေးစားသေးဘူးလို့ ပဲယူဆပါတယ..်… )

ဒီတော့ ပထမဆုံးကျွန်တော်တို့ စဉ်းစားရမှာက … နိုင်ငံတော်အလံကို ဘာကြောင့် အလေးပြုသလဲ .. ဆိုတာ ဖြစ်ပါတယ်…. လွယ်လွယ်ကူကူဖြေရင်တော့ …. ကိုယ့်နိုင်ငံတော်အလံမို့ ပေါ့ လို့ ဖြေနိုင်ပါတယ်…..

တကယ်တော့ နိုင်ငံတော်အလံအားအလေးပြုခြင်းဆိုတာ ဟာ .. ဒီ အရောင်တွေ ဘာတွေ ပါနေတဲ့ အ၀တ်တစ်ထည်ကို လေးစားနေတာ မဟုတ်ပါဘူး …. နိုင်ငံတော်အလံဆိုတာ …. နိုင်ငံတစ်ခုကို ကိုယ်စားပြုထားတဲ့ အရာဖြစ်ပါတယ်…. နိုင်ငံတော် အလံဟာ .. နိုင်ငံတော်ပါပဲ …. မိမိ နေထိုင်ရှင်သန်မှုအတွက်... ဒီမြေဒိရေ မှာ နေထိုင် စားသောက်ကြရပါတယ်… တကယ်ဆို ဒါဟာကျွန်တော်တို့ အိမ်ပါပဲ…. လူတိုင်း လူတိုင်း ကိုယ့်အိမ်ကို ကိုယ် တန်ဖိုးထားတတ်ကြပါတယ်… (အိမ်ဦးခန်းချီးတက်ပါသွားတယ်) ဆိုတဲ့ စကားပုံမျိုးတောင် မြန်မာမှာရှိပါတယ်… ဘယ်သူမှ ကိုယ့်အပိုင် အိမ်တစ်ခုကို စော်ကားရင်မကြိုက်ပါဘူး … ဒီလို ပဲ အမိနိုင်ငံတော်ကြီးကို တန်ဖိုးထားလေးစားတာပါပဲ .. ဒါက တစ်ချက်ပါ..

နောက်တစ်ချက် …ဒီမြေ ဒီရေမှာ ကျွန်တော်တို့ လွတ်လပ် စွာနေထိုင်သွားလာနိုင်ဖို့ … ဟိုး ကျွန်တော်တို့ ဘိုးဘေးဘီဘင်လက်ထက်ကတည်းက … ကျူးကျော်လာသူတွေကို တော်လှန်တယ်… တိုင်းရင်းသား နိုင်ငံငယ်များ စုဝေးပြီး နိုင်ငံတော်ကြီးတစ်ခုဖြစ်အောင်ထူထောင်ခဲ့တယ်…. ဒီလို အကျိုးဆက်တွေကြောင့် ယခုအချိန်မှာ ကျွန်တော်တို့ ဟာ မြန်မာ ဆိုတဲ့ နိုင်ငံတစ်ခု ကို ကိုယ်ပိုင်ရကြပြီး…. မြန်မာ ဆိုတဲ့ နိုင်ငံသားများ အဖြစ် ကမ္ဘာမှာရပ်တည်နိုင်ခြင်း ဖြစ်ပါတယ်…. ဒီလို ရှေးရှေးဘိုးဘေးများက … ကိုယ့်နိုင်ငံရယ်လို့ တလေးတစား … ပြုစုပျိုးထောင်လာခဲ့တာကို လည်း လေးစားရပါတယ်… မပြိုကွဲရအောင်လည်း ဆက်လက် လက်ဆင့်ကမ်းနိုင်ကြရပါမယ်….. ဒီလို သမိုင်း ပေါင်း နှစ်ထောင်ချီပြီး … တည်တံ့နိုင်ဖို့ … အခုလို ကျွန်တော်တို့ အေးချမ်းစွာနေထိုင်နိုင်ဖို့ … နိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးအတွက် အသက်ဘ၀ များစွာပေးကြိုးစားသွားတဲ့ .. ကျေးဇူး တရားကိုလည်း တန်ဖိုးထားလေးစားကြရပါတယ်…

နောက်တစ်ချက်ကတော့ …. နိုင်ငံကြီးသား ပီသခြင်း ပါပဲ … နိုင်ငံကြီးသားတိုင်းဟာ … မိမိ ဒီနိုင်ငံက နိုင်ငံသားဖြစ်ရခြင်းကို အင်မတန်ဂုဏ်ယူပါတယ်… ဥပမာ … အင်္ဂလိပ်လူမျိုးများ ဟာ ..အင်္ဂလန်နိုင်ငံသားဖြစ်ရခြင်းကို အင်မတန်ဂုဏ်ယူပါတယ်…. ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ရော မြန်မာနိုင်ငံသားဖြစ်ခြင်းအတွက် ဂုဏ်မယူသင်ပေဘူးလား ….. မြန်မာပြည်ဆိုတာ .. လည်း … နှစ်ထောင်ချီတဲ့ သမိုင်းကြောင်း…နဲ့ နေလာတဲ့ နိုင်ငံပါပဲ … အိမ်နီးချင်းနိုင်ငံများ ရဲ့လေးစားခြင်းကိုလည်း အထိုက်အလျှောက်ရခဲ့ ဖူးတာပါပဲ …. ဒါအပြင်.. ကမ္ဘာအလယ်မှာလည်း မားမား စွင့်စွင့် ရပ်တည်ခဲ့ဖူးတာပါပဲ …. ကမ္ဘာအသ်အမှတ်ပြုလူတော်များ စွာလည်း ပေါ်ထွက်နေတဲ့ နိုင်ငံပါပဲ ….. ကျွန်တော်ကတော့ မြန်မာတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်… မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတာ ကို အတိုင်းထက်အလွန်ဂုဏ်ယူပါတယ်… ဒီအတွက် မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်းဟာ ….မြန်မာနိုင်ငံသားဖြစ်ခြင်းကို ဂုဏ်ယူခြင်း တစ်မျိုးပါပဲ …..

ဒီတော့ အကျဉ်းချုံးပြောရရင်…. နိုင်ငံတော်အလံကို အလေးပြုတာဟာ … မိမိ မွေးဖွားနေထိုင်ရာ .. မိမိ အိမ်ကို .. တန်ဖိုးထားလေးစားခြင်း ….. ဒီအိမ်ဖြစ်မြောက်လာမှု .. သမိုင်းကြောင်းနှင့် .. သမိုင်းရေးခဲ့ကြသူများ၏ ကျေးဇူး ကို သိတတ်ခြင်းနဲ့ … နိုင်ငံကြီးသားတစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူခြင်း (မြန်မာ နိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူခြင်း) တို့ ကြောင့်ဖြစ်ပါတယ်…..

ဒီလောက်ဆို နိုင်ငံတော်အလံကို ဘာကြောင့်အလေးပြုသင့်သလဲ ဆိုတာ သိလောက်ပြီထင်ပါတယ်…. ကျွန်တော်တို့ ငြင်းနေခဲ့တာ ကလည်း … အလေးပြုသင့်မပြုသင့်မဟုတ်ပါဘူး… ရုပ်ရှင်ရုံမှာ အလေးပြုခြင်း ကဏ္ဍ ထည့်သင့်မထည့်သင့်ဖြစ်ပါတယ်…. ဒါပေမယ့် .. ဒါကို အရင်ပြောမှ နောက်ပိုင်းဆက်လို့ ရမှာမို့ ပါ…
အထက်က ဖော်ပြထားတဲ့ အချက်ထဲက နံပါတ်တစ်အချက်ကို ဆွေးနွေးပါမယ်..

၁. ယခုလက်ရှိ နိုင်ငံတော်အလံသည်ပြည်သူတို့ သဘောထားဆန္ဒမပါပဲ ပြောင်းလဲခဲ့သော အလံ (ယတြာအလံ ဟုဆိုသည်) ဖြစ်ခြင်းကြောင့် အလေး မပြုနိုင်ပါ…. ဆိုတဲ့ အချက်ပေါ့ ….

ဒီအကြောင်းပြချက်ကို ကြည့်ရင်.. ဒီအလံ ပုံစံ ဒီဇိုင်းကို မကြိုက်လို့ အလေးမပြုနိုင်တာဖြစ်တယ်… သူကြိုက်တဲ့ အလံပုံစံဆိုရင်တော့ အလေးပြုမယ်ဆိုတဲ့ သဘောပေါ့လေ…. သဘောကတော့ … အလံအလေးပြုခြင်း ကဏ္ဍကို ထည့်ထားသင့်တယ်.. ဒါပေမယ့် … ဒီအလံမဖြစ်ရင်တော်ပြီဆိုတဲ့ သဘောပေါ့….

ယခု လက်ရှိအလံ ဟာ .. ယတြာအလံမက လို့ ဘာအလံဖြစ်ဖြစ် … ယခုလက်ရှိမှာ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ သင်္ကေတဖြစ်ပါတယ်….နိုင်ငံတကာကလည်း ဒီအလံကိုပဲလက်ခံထားကြပြီးဖြစ်ပါတယ်… ကျွန်တော် အထက်မှာ ပြောခဲ့သလိုပဲ …. ကျွန်တော်တို့ ဟာ ဒီသုံးရောင်ချက်…. ကြယ်ပါတဲ့ .. .အ၀တ်စကြီးကို အလေးပြုနေတာ မဟုတ်ပါဘူး … ဒီအလံက..ကိုယ်စားပြုထားတဲ့ ကိုယ်နိုင်ငံတော်ကြီးကို အလေးပြုနေခြင်းဖြစ်ပါတယ်… ဒါကြောင့် …. နိုင်ငံတော်အလံဟာ ဘာရောင်ပဲဖြစ်နေ ဖြစ်နေ…. အမိမြန်မာနိုင်ငံတော်ကို သာ အလေးပြုနေခြင်းဖြစ်တဲ့ အတွက် ပြောင်းလဲသွားစရာမရှိပါဘူး ….

ဒီအလံကို ကိုယ်မကြိုက်ဘူးဆိုရင်…. ကိုယ်တိုင် ဆန္ဒပြု ပြီး ကိုယ့် နယ်မြေခံလွှတ်တော်အမတ်ဆီက တဆင့် အဆိုတင်သွင်းတောင်းဆိုနိုင်ပါတယ်….. တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း တောင်းဆိုနိုင်ပါတယ်…..

ဒါပေမယ့် ဒီလိုတွေမလုပ်ရသေးမချင်း .. အခု လက်ရှိ ဒီအလံဟာ နိုင်ငံတော်ကို ကိုယ်စားပြုထားတာပါပဲ ….. ဒီတော့ … ဒီအလံပေါ်လာရင် ကျွန်ေတာ်တို့မှာ အလေးပြုဖို့ တာဝန်အပြည့်ရှိတယ်လို့ ခံယူပါတယ်….

၂. . မဆလ (မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ) လက်ထက်က အကြွင်းအကျန် လုပ်ရပ်တွေမို့ ဆက်လုပ်စရာမလိုဟုဆိုလာပါတယ်….

ကျွန်တော်ကိုယ်တိုင်တော့ အတိအကျမသိပါဘူး …. ဝေဖန်ဆွေးနွေးသူကတော့ … ဒီလို နိုင်ငံတော်အလံအလေးပြုတဲ့ ကဏ္ဍကို ထည့်တာ မဆလ ခေတ်ကမှ စထည့်တယ်ဆိုပါတယ်…. ဖြစ်နိုင်ပါတယ်….
ဒီဆွေးနွေးချက်ရဲ့ သဘောကတော့ …. ဒီမိုကရေစီ ပြောင်းလဲရင်… မဆလ အကျွင်းအကျန်တွေ မသယ်သင့်တော့ ဘူးဆိုတဲ့သဘာပေါ့ ….

ကျွန်တော်ကတော့ အဲဒီလိုလက်မခံထားပါဘူး …. ကျွန်တော်တို့ ဟာ ဒီမိုကရေစီကိုပြောင်းလဲ တာနဲ့ …. ကျွန်တော်တော်တို့ နိုင်ငံက ပြောင်းလဲစရာမလိုတဲ့ အမူအကျင့်တွေပါလိုက်ပြောင်းစရာမလိုဘူးလို့ ထင်ပါတယ်…
ဥပမာ ဂျပန်နိုင်ငံမှာ လူတစ်ဦနဲ့ တစ်ဦးတွေ့တဲ့အခါ…. ခါးကိုညွှတ်ခေါင်းကို ငုံပြီးနှုတ်ဆက်တတ်တဲ့အလေ့ရှိပါတယ်…. ဒါလူတိုင်းသိပြီးသားပါပဲ …. ဒါအပြင်… အချို့ အထက်တန်းကျောင်း … တွေမှာ …. စာသင်ခန်းထဲကို ဖိနပ်စည်းမ၀င်ရတဲ့ ဓလေ့လေးတွေ ရှိတတ်ပါတယ်…( ဖိနပ်လဲစီးခိုင်းတာပါ… စာသင်ခန်းတဲ့ စီးတဲ့ဖိနပ်က သက်သက်ပေါ့လေ.. ) ဒီလို ဓလေ့တွေဟာ … သူတို့ ရဲ့
အုပ်ချုပ်ရေး စနစ် ပြောင်းလာတာ နဲ့ …. ငါတို့ အုပ်ချုပ်ရေးနဲ့ တူတဲ့နိုင်ငံတွေမှာ …. ဒါမျိုးမရှိဘူး…. လိုက်မလုပ်နဲ့တော့ ဆိုပြီးမထားခဲပါဘူး .. သူတို့ရဲ့ အလေ့အထလေးတွေကို ဆက်လက်သယ်ဆောင်လာပါတယ်…ကျွန်တော်ပြောချင်တာက.. ကောင်းသော အလေ့အထများကို … ဆက်လက် သယ်ဆောင်လာတတ်ဖို့ ဖြစ်ပါတယ်...…….

ဒီလိုပါပဲ ဒီမိုကရေစီနိုင်ငံမို့ မဆလ လက်ထက်ကဟာတွေ အကုန်စွန့်လိုက်စရာမလိုဘူးလို့ ထင်ပါတယ်… နိုင်ငံအတွက် အကျိုးပြုမယ့် ကောင်းမယ့် အကျင့်လေးတွေကို … ဆက်လက် သယ်ယူလာသင့်ပါတယ်…. ကိုယ့်နိုင်ငံအလံတော်ကို အလေးပြုတာပဲ ဗျာ… မကောင်းတဲ့ ဓလေ့မှ မဟုတ်ပဲ … ဆက်သယ်ယူလာသင့်တယ်လို့ ပဲမြင်ပါတယ်…
အဓိကကတော့ …. ပြောင်းဟေ့ဆိုတိုင်း အကုန်လိုက်ပြောင်းနေစရာမလိုပါဘူး …. မကောင်းတဲ့နေရာတွေကိုပြောင်း …. ကောင်းပြီးသားနေရာတွေကို ဒီထက်ကောင်းအောင်လုပ်ဖို့ ပဲလိုပါတယ်….

၃. စစ်တပ်က တိုင်းသူပြည်သား ကို သူတို့ ကိုမလေးစားလေးစားအောင်… အတင်းအဓမ္မခိုင်းစေနေခြင်း..

ဒီစကားအတွက်ကတော့ ရှင်းပြီးသားပါပဲ … ကျွန်တော်တို့ ဟာ ဒီနိုင်ငံတော်အလံကို ဘာကြောင့်အလေးပြုရသလဲဆိုတာ ရှင်းပြီးသားပါ… ဒါကြောင့် စစ်တပ်ကို အလေးပြုနေတာ မဟုတ်လို့ ဒီကိစ္စဟာလည်း စိုးရိမ်စရာကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး …. ကျွန်တော်တို့ ဟာ အမိမြန်မာနိုင်ငံတော် ကြီးကို … အလေးပြုနေခြင်းသာဖြစ်ပါတယ်….. နိုင်ငံတော်ဟာ ..အစိုးရအဖွဲ့မဟုတ်ပါဘူး …. ပြည်သူအများကို သာဆိုလိုပါတယ်… ပြည်သူအများ နေထိုင်ရာ အိမ်ကြိးတစ်လုံးကိုသာဆိုလိုပါတယ်…..

၎. . ဘယ်နိုင်ငံမှာမှ ဒီလို အလေ့အထမရှိလို့ … ဒီနိုင်ငံမှာလည်း လုပ်စရာမလိုခြင်း ..(သူများ နိုင်ငံတွေမှာ ရှိရင်တော့ လိုက်လုပ်မည်ဆိုသည့်သဘော)

ဒီအတွက်လည်း သိပ်ရှင်းစရာမရှိပါဘူး ….. သူများနိုင်ငံလုပ်တိုင်းလိုက်လုပ်ရအောင်…. ကိုယ်တွေက အရူးမှ မဟုတ်ပဲလေ…. ယိုးဒယားတွေနှုတ်ဆက်ရင်လက်အုပ်ချီတယ်… ကိုယ်တွေလိုက်ချီစရာလိုသလား …. သူများနိုင်ငံမှာ  pornography တွေရိုက်ကြတယ်… ကျွန်တော်တို့ မြန်မာတွေ သူတို့လုပ်လို့ လိုက်လုပ်တယ်ဆိုပြီးလိုက် ရိုက်စရာလိုသလား ….. သူများနိုင်ငံတွေ ပေါင်မုန့်စားနေတယ်.. ကျွန်တော်တို့ မြန်မာများ ပေါင်မုန့်လိုက်စားစရာလိုသလား … ကိုယ်နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှုပါ…. ကိုယ့်ခေါင်းနဲ့ ကိုယ်တွေးပါ… သူများယောင်တိုင်းလိုက်ယောင်တယ်ဆိုတာ ဘယ်နေရာမှာမှ မကောင်းပါဘူး ….

ဥပမာပေးရရင်… ကိုရီးယား က K pop ကမ္ဘာမှာ ဘာကြောင့်အောင်မြင်သလဲ …. Kpop ဟာ Kpop ပဲ ဘယ် မြူးဇစ်နဲ့ ဘယ်ဖက်ရှင်နဲ့ မှ မတူဘူး …. Rap နဲ့ ရောချင်ရောမယ်.. R n B    ဆန်ချင်ဆန်မယ်… အင်္ကျီ အ၀တ်အစားလည်း …. သူတို့ ပုံစံကို အသစ်ထွင်ဝတ်တယ်…. ဒါကြောင့် တကယ်အောင်မြင်တော့ .. ကိုရီးယား က pop လို့အောင်မြင်လာတယ်…. Kpop ကို အသိအမှတ်ပြုလာရတယ်…

ဒီသဘောပါပဲ ….. ကိုယ်ခေါင်းနဲ့ ကိုယ်တွေး … ကိုယ့် နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှုပါ….. သူများယောင်လို့ လိုက်ယောင်ရင်…. ယောင်ခြောက်ဆယ်ဘ၀က တက်မှာမဟုတ်ပါဘူး …

၅. မိမိ ဆန္ဒမပါပဲ .. လုပ်ဆောင်ခိုင်းနေခြင်း … (ပြုချင်တဲ့လူပြုမပြုချင်တဲ့လူမပြု နေနိုင်သည် ဆိုသည့်သဘော)

ဒီကိစ္စက ..တော့ ..စောစောကပြောသလိုပဲ … မဲခွဲဆုံးဖြတ်လိုက်ကြရပါမယ်…. တကယ်လို့ အလံအလေးပြုတဲ့ ကဏ္ဍ မထောက်ခံသူများ ဘက်က အနိုင်ရတယ်ဆိုလည်း….. ကျွန်တော်တို့ ဆက်လက် အလေးမပြုရုံပါပဲ .. ဒီကဏ္ဍကို ဖြုတ်လိုက်ပေါ့…

အဲကျွန်တော်တို့ အလေးပြုသည့် ကဏ္ဍ .. ဆက်လက် ထားရှိသင့်တယ် ဆိုတဲ့ဘက်က နိုင်ခဲ့ရင်တော့ …. အလေးပြုချင်ချင် မပြုချင်ချင် ပြုရမှာပါပဲ … နိုင်ငံတော် အလံ… ရုပ်ရှင်ပိတ်ကားပေါ်မှာပေါ်လာပြီး .. အလေးပြုပါလို့ ပြောလာရင်… အလေးပြုဖို့ တာဝန်အပြည့်အ၀ ရှိပါပြီ… ဒါဟာ အများ ဆန္ဒပါပဲ …. မင်းတို့ ဟာ မင်းတို့ ပြုချင်ပြု ငါကတော့ မထောက်ခံလို့ မပြုဘူးလုပ်လို့ မရတော့ပါဘူး … အဲဒီလိုသာလုပ်နေရင် တော့ ဒီမိုကရေစီကို နားမလည်သေးဘူးလို့ ပဲယူဆရမှာပါပဲ …. ကိုယ်မကျေနပ်ရင် အဆိုထပ်တင်သွင်း .. လူအများကို ထပ်စည်းရုံးပေါ့ …. ဒါတော့လုပ်နိုင်ပါတယ်… ဒါပေမယ့် .. လောလော ဆယ်နိုင်ငံတော် အလံ ရုပ်ရှင်ပိတ်ကားပေါ်ပေါ်လာပြီး အလေးပြုပါလို့ ပြောလာရင်တော့ ကိုယ့်မှာ ပြုဖို့ တာဝန်အပြည့် အ၀ရှိပါတယ်….. ကိုယ်က အဆို ကို ရှုံးထားတဲ့သူကိုး…… နိုင်သွားခဲ့မယ်ဆိုရင်တော့လည်းတစ်မျိုးပေါ့လေ...

၆. . ရုပ်ရှင်ကြည့်ခြင်းနှင့် နိုင်ငံတော်အလံ မည်သို့ မျှ မသက်ဆိုင်ခြင်း
အင်း ဒီစကားအတွက်ကတော့ .ရှင်းပါတယ်… မြန်မာ နိုင်ငံတော်အလံဟာ … နိုင်ငံတော်ရဲ့ မည်သည့်နေရာမှာ မဆို သက်ဆိုင်ပါတယ်…. နိုင်ငံတော်ကိုယ်စားပြု သင်္ကေတ ဖြစ်လို့ ပါပဲ ….

ဒီတော့ ကျွန်တော့ အနေနဲ့ ကတော့ ဒီကဏ္ဍကို ဆက်လက်ထားရှိသင့်တယ်လို့ မြင်ပါတယ်… အလေ့အထကောင်းတစ်ခုဖြစ်တာကြောင့် ဖျောက်ဖျက်ပစ်ဖို့ မလိုဘူးလို့ မြင်ပါတယ်……. နိုင်ငံတော်အလံကိုလည်း တလေးတစားအလေးပြုသင့်တယ်လို့ မြင်ပါတယ်… ရုပ်ရှင် သုံးနာရီကြာမကြည့်ခင်လေး တစ်မိနစ်တာ ကာလလောက်မတ်တပ်ရပ်ပြီး ကိုယ်နေထိုင်နေတဲ့ ကိုယ်မွေးဖွားခဲ့တဲ့ မိမိရဲ့ ခိုလှုံရာ … အမိမြန်မာနိုင်ငံတော်ကြီးကို .. အလေးပြုရတာတော့ သိပ်ပင်ပန်းလှတဲ့ အလုပ်တစ်ခုမဟုတ်ဘူးလို့ ပဲမြင်ပါတယ်…. . ဦးဇင်ဝိုင်းပြောသလိုတော့ … အရေးယူဖို့ အထိတော့ မလိုဘူးပေါ့လေ…. ပညာပေးလေးတွေ လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးလို့ ပဲမြင်ပါတယ်…..

 မိတ်ဆွေတို့ အနေနဲ့လည်း … ပါဝင်ဆွေးနွေးနိုင်ပါတယ်…..  အကျိုးရှိသော လူကြီးလူကောင်းဆန်သော ဆွေးနွေးမှုများအတွက်…. လေးစား စွာ ပြန်လည်း ဆွေးနွေးပါမယ်….. ဆဲရေးတိုင်းထွာခြင်းများ နှင့် အခြေအမြစ်မရှိသော ဆွေးနွေးမှုများအတွက်တော့ မည်သို့မျှတုန့်ပြန်လိမ့်မည် မဟုတ်ပါ…… ထာဝရလေးစားကျေးဇူးတင်လျက်…

မေတ္တာသက်သက်ဖြင့်
လင်းလွန်းညို

No comments:

Post a Comment