Tuesday, July 31, 2012

ကျွန်တော်ပြန်လာခဲ့ပါဦးမည်

ကျွန်တော်တို့ သားအဖ ရောက်တော့ လူအတော်စုံနေပြီဖြစ်သည်….စုံနေသည်ဆိုတာထက်ကို ပိုနေသေးသည်…. အသုဘစည်သည်ဟု ဆိုနိုင်ပါသည်….. များလိုက်တဲ့လူတွေ…..

အလောင်းကို ပြင်ထားသည်က….. ရေဝေးသုဿန် ခန်းမ ဆောင် (၁) တွင်ဖြစ်သည်…. ခန်းမ (၁) ဆိုသည်မှာ ရေဝေးသုဿန် မီးသဂြိုလ်စက်နှစ်လုံး၏ ညာဘက်ထောင့်ဆုံး အအေးတိုက်နှင့်ကပ်လျက်ခန်းမဆောင်ဖြစ်သည်…. ခန်းမက ကျယ်ပါသည်… သို့ သော် လူကို မဆံ့နိုင်ဖြစ်နေသည်…… မလိုက်ချင်လိုက် ချင်ဖြင့် လိုက်လာရသော ကျွန်တော့အတွက်တော့ အတော်စိတ်ရှုပ်စရာကောင်းပါသည်….. အမှန်ဆို အိမ်မှာ ပဲ အေးအေး ကလေးနေနေချင်သည်….

ခန်းမထဲဝင်သွားတော့ … အဖေ့ အစ်မ.. ကျွန်တော့ အဒေါ်နှင့်…. သူမ၏ သမီး ကျွန်တော့် အစ်မတို့ က လာရောက်နှုတ်ဆက်ကြသည်……. (အောင်အောင်… မတွေ့တာတောင်ကြာပြီ ….. ပိုဝလာတယ်နော်… ဒါနဲ့ စာမေးပွဲရော… အခြေအနေ) ကျွန်တော့အမ မှ မေးခြင်းဖြစ်ပါသည်…… ကျွန်တော် အမုန်းဆုံးမေးခွန်းလည်း ဖြစ်သည်…… ခုတလောအမေးခံရဆုံးမေးခွန်းလည်း ဖြစ်ပါသည်….. ဟုတ်ပါသည်..
ကျွန်တော် စာမေးပွဲကျထားပါသည်….

စာမေးပွဲဆိုသည် မှာ ကျွန်တော်၏ အလုပ်စာမေးပွဲကို ဆိုလိုပါသည်….အရာရှိ ဖြစ်ရန်ဖြေရသောစာမေးပွဲဖြစ်သည်…. တစ်နှစ်ခွဲအတွင်း နှစ်ကြိမ်သာ စစ်ပြီး…. နှစ်ကြိမ်လုံးကျခဲ့သည်….. အောင်ချက်နည်းသည်ဆိုသော်လည်း …. ထိုနည်းလှသည့် အောင်ချက်အတွင်း ကိုယ်မပါသည်ကို ရင်ထဲ အတော်ခံပြင်းမိသည်….. စာမကျက်ထားဘူးလားဆိုတော့လည်း မဟုတ်….. ကိုယ်အတတ်နိုင်ဆုံးတော့ ကျက်ခဲ့သည်ပဲ……ဒါပေမယ့် မအောင်..စာမေးပွဲနှင့် အတူ.... စိတ်ဓာတ်လည်း အတော်ကျနေမိတာဖြစ်သည်….. သဘောင်္သားဆိုသည်က ရန်ကုန်ရောက်လျှင်…. အနှုတ်လက္ခဏာချည်းဖြစ်သည်….. ဘာဝင်ငွေမှ မရှိတော့ .. ပါသည့် ပိုက်ဆံကို အတော်ချွေတာသုံး ကုန်လျှင် ဟိုကဆွဲ ဒီကဆွဲ လုပ်ကြရသည်…..အခု တစ်နှစ်ခွဲဆိုတော့ .. ပါလာတာလည်း ကုန်ပြီ…. အကြွေးလည်း တင်နေပြီ……….. ဒီကြားထဲ ကုန်သွားတဲ့ အချိန်တစ်နှစ်ခွဲနှင့် ပိုက်ဆံက …. စာမေးပွဲကျသဖြင့် အလကားဖြစ်သွားသည်……. အမှန်အတိုင်းပြောရလျှင်ပြန်ဖြေချင်စိတ်ကို မရှိတော့ တာဖြစ်သည်…. ဒါကြောင့်လည်း ဘယ်မှ မသွားပဲ အိမ်တွင်းအောင်းနေခဲ့တာ ကြာပြီ…..

(အင်း…. ကျတယ်လေ….အောင်တော့ ပြန်ထွက်တော့ မယ်… မဖြေချင်တော့ ဘူး…)

သူမက တော့ ၀တ်ကျေတန်းကျေမေးပေမယ့် …. ဖြေရသူ အတွက်က မခံသာ….. ဒါနှင့်ပဲ … အသုဘရှုရန်… အလောင်းပြင်ထားရာ စင်ဘက်သို့ ဆက်လျှောက်လာလိုက်သည်……. အသုဘရှု့ ရမည်သာ ဆိုသည်…. သေသူကို ကိုယ်လည်း သိသည်မဟုတ်…… မသိတာမှ လုံးလုံးကို မသိခြင်းဖြစ်သည်…ခန်းမထိပ်ရောက်မှ သူ့ နာမည်ကို သိရသည်…… အဖေကတော့ အမျိုးဟုပြောပါသည်….. အစ်ကို ဘယ်နှဝမ်းကွဲဆိုလား တော်သည်တဲ့…. မသိပါ…ဒီလူ့ကို အပြင်မှာဆုံကြလျှင်တောင် … ကိုယ်အမျိုးမှန်းသိကြမည်မဟုတ်…..

သေသူက အသက်(၄၆)နှစ်….. ငယ်ငယ်ပဲရှိသေးသည်ဟုပြောရမည်….ယောက်ကျားတစ်ယောက်ရဲ့ ဘ၀ဟာ လေးဆယ်ကျော်မှ စတာဆိုလျှင်… သူ ဘ၀စရုံရှိသေး သေဆုံးသွားရခြင်းဖြစ်သည်…. နေမယ်ဆို နေပျော်သေးသည့် အရွယ် … လူပုံက ၀ဖိုင့်ဖိုင့် ..ဖြူဖြူ သန့် သန့် ဖြစ်သည်….. ဘေးမှ ငိုနေသော သူ့ အမျိုးသမီးက တရုတ်မဖြစ်သည်........ ဖြူဖြူချောချော….. သားကလေးတစ်ယောက်ကျန်ခဲ့သည်တဲ့ … ငယ်လွန်းသေးသည်.. ရှိလှ ခုနစ်တန်းပေါ့……. သူထားသွားခဲ့ပြီ…… ကျွန်တော့ အလှည့် ကျလျှင်လည်း…. ထားသွားရဥိးမည်ပဲ…..ကျွန်တော်ဘယ်တော့ များ ဒီအလောင်းစင်ပေါ်တက်အိပ်ရမည်နည်း… အိပ်တာတော့ အိပ်ရမည်ပဲဖြစ်သည်…… ကျွန်တော်တို့ အဖြစ်က …. လမ်းဆုံးမှာ ဘာရှိနေသည်ကို သိသည်….. မသိတာက ဘယ်အချိန်ရောက်မယ် မှန်းမသိခြင်းသာဖြစ်သည်….. ဟုတ်ပါပြီ….. ကျွန်တော်သေလျှင်ရော .. ဘယ်သူတွေကျန်ရစ်ခဲ့မည်နည်း……. မယူရသေးသော ကျွန်တော့ မိန်းမ ကျန်ခဲ့မည်လား….. သားသမီးလေးတွေကျန်ခဲ့မည်လား……

ဆရာလေးများ က သရဏဂုံလာတင်ပေးပါသည်…. ဆရာလေးများ ၏ သရဏဂုံ တင်သည့် အသံက ဆွေးဆွေးမြေ့မြေ့…… မျက်ရည်မခိုင်သူတွေ ငိုသည်…… ကျွန်တော်လည်း အနောက်နည်းနည်း ဆုတ်ပေးလိုက်သည်… ငိုချင်သူတွေ ငိုကြပါစေ……. အနောက်နားတွင်…. သစ်သားခေါင်းတစ်လုံးတင်ထားသည်…. အ၀ါရောင်ဖဲကြိုးများ နှင့်….. အလှဆင်ထားသည်…. အော် ငါ့အလှည့်ကျ ဘာအရောင် အခေါင်းဖြစ်မလဲမသိ…… သေသူများ သည်… မိမိ အခေါင်းကို ဘယ်သူမှ… အရောင်ရွေးချက်မသွားဖြစ်ကြ….. သူများ စီစဉ်သည့် အခေါင်းနှင့်သာသေရသည်… သဂြိုလ်ကြရသည်… အင်း ငါ့အလှည့်ကျရင်တော့ …. မသေခင်ကတည်းက အခေါင်းကို ကျကျ နန မှာသွားမည်…… နေစမ်းပါဦး …. အခေါင်းက ကျကျ နနဖြစ်တော့ ရော ဘာထူးမှာလဲ… ဒီဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်ပြီးတာ နဲ့ မီးရှို့ ပစ်မှာပဲ … တော်ပါပြီ….ပုံမှန်အခေါင်းပဲကောင်းပါတယ်…. ဘာမှမှ မထူးတာပဲ…..ဒါဆိုရင်.. အခု ငါတို့ အသက်ရှင်နေတာရော .. ဘာထူးသလဲ….. ဒီအခေါင်းလိုပဲမီးရှို့တဲ့အထဲပါသွားမှာပဲ…….ဘယ်အချိန်မှန်းသာ မသိတာ ရှို့ တာတော့အရှို့ခံကြရမည်ပဲ…. တွေးနေရင်းခေါင်းထဲမှ ပါနောက်ကျိကျိဖြစ်လာသည်……

(အဖေ ကျွန်တော် အပြင်ကနေပဲ စောင့်နေတော့မယ်….)

ဟုဆိုကာ… ခန်းမအပြင်သို့ ထွက်လာလိုက်သည်….. လူတွေကလည်း များလိုက်သည့် ဖြစ်ချင်း… ခန်းမအပြင်ဘက်ကို ပါလျှံထွက်နေသည်…. ငါ့အလှည့် လိုလျှင်ကော ဒီလိုအသုဘစည်ကားပါ့မလား……

(ဒီလူလူတော်ဗျ….. နှမြောတယ်ဗျာ…. တကယ်)

(အစားမဆင်ခြင်လို့ ဗျ…. လူက တော်ရက်သားနဲ့ အစားအသောက်ကို မထိန်းတာလေ… .၀လွန်းပြီး …. နှလုံးအဆီပိတ်တော့တာပေါ့…ဟေ့လူခင်ဗျားလည်း ဆင်ခြင်ဗျာ.. ဘိုက်ကိုလည်း ကြည့်ဦး)

(သူ့ မိသားစုတော့ မလွယ်ဘူးဗျာ…. သားလေးကတစ်ယောက်ကျန်ခဲ့သေးတာ ဗျ… ငယ်လွန်းတယ်…. သူ့ အမျိုးသမီးရတော့ ရတနာဆိုင်ဖွင့်ထားတာပဲ….. ဒါပေမယ့် … အကူအညီတော့ လိုမှာပဲဗျ….. ကျွန်တော်တို့ တော့ တတ်နိုင်သမျှကူမယ်ဗျာ…. သူ့ ကျေးဇူးတွေလည်း ကျွန်တော့ အပေါ်မကင်းဘူလေ… )

(စိတ်မထိန်းနိုင်လို့ထွက်လာတာ အမရယ်…. မျက်ရည်တောင်လည်တယ်…. ကိုယ့်ဆရာဆိုတော့လေ… ဆရာက သင်တယ်…. ဆရာသင်တာတွေနဲ့ ပဲကျမ အလုပ်လုပ်နေရတာ ….ဆရာ့လို လူမျိုးနှမြောတယ် တကယ်)

ကျွန်တော့ ဘေးမှလူများ ပြောသောစကားများဖြစ်သည်…. အော်… ဒါကြောင့်လည်း သူ့ အသုဘ စည်ကားတာကိုး…… ပူဆွေးသူတွေများကြတာကိုး….. လိုက်ပို့ သူတွေများကြတာကိုး…ငါ့အလှည့်ရော စည်ပါ့မလား… ဒီလိုရော ငိုပါ့မလား..…. အတ္တကြီးတယ်ပဲဆိုဆို…. ကိုယ်သေရင် ငိုသူ များ စေချင်သည်ချည်းပဲမဟုတ်လား….ကိုယ့်ကို ချစ်စေချင်သည်ပဲလေ…ပြီးတော့ အလောင်းရဲ့ ခေါင်းရင်းမှာလည်း များလိုက်တဲ့ ပန်းစည်းတွေ…အော်…. ချစ်သူခင်သူများသည်ပဲ...စသည် အတွေးများ ဖြင့် အအေးခန်းဘက်သို့ လျှောက်လာမိသည်……

အအေးတိုက် တံခါးဝတွင် ချိတ်ထားသော ဆိုင်းဘုတ်များကို လိုက်ဖတ်နေမိပြန်သည်….. ည ၂၀နာရီနောက်ပိုင်း အလောင်းသယ်လျှင်…. ကာယကံရှင်တစ်ဦးလိုက်ပေးရမည်တဲ့ … အရိုးကောက်တာ က ၆၅၀၀ ဆိုလား…. ဘာတွေမှန်းတော့ မသိ ဖတ်ကြည့်နေခြင်းသာဖြစ်သည်…. ဒါဆို ကျွန်တော်ဘယ်အချိန်သေမည်လဲ…. ညဘက်လား.. အင်း ညဘက်သေရင်တော့ …. သေစာရင်းလက်မှတ်ဘာညာလုပ်ရခက်မည်.. ပြီးတော့ အလောင်းလာသယ်တဲ့ အခါ… ဘယ်သူကလိုက်ပေးမလဲ… အမျိုးသားဖြစ်မှကောင်းမည်….. ကျွန်တော့သားဖြစ်မလား… သားတစ်ယောက်မွေးရလောက်တဲ့ အထိရော အသက်ရှင်နေပါဦးမလား….. ဒါဆို ကျွန်တော့ ညီဖြစ်မည်ထင်သည်…… အော်သူလည်း မကြာခင် နိုင်ငံခြားထွက်တော့ မှာ.. ပြန်တောင်လာနိုင်ပါ့မလားမသိ.... ဘယ်လိုတောင်သေမယ်မှန်းမသိပဲ…. ကိုယ့်ကို လိုက်ပို့ မည့် သူ .. ငိုမည့်သူ… တွေကို လျှောက်တွေးနေမိသည့် အဖြစ်ကို သတိထားမပြီး …. ရယ်ချင်မိသည်….

ဂျိမ်း ဂျလိမ်း ဂျလိမ်း…. ဂျမ်း ဂျမ်း ဂျမ်း….

သံလှည်း တစ်စင်းအနားမှဖြတ်သွားတာဖြစ်သည်…. သံလှည်းပေါ်တွင်…. အ၀တ်နီနှင့်ပတ်ထားသော အလောင်းတစ်လောင်းကို တွေ့ရသည်….. အုပ်ထားတာမျိုးမဟုတ်.. ထုပ်ပိုးထားသည့်ပုံ …. အလောင်းက ခပ်လတ်လတ်ဖြစ်သည်… ယောက်ကျားအလောင်းဖြစ်မည်ထင်သည်….. မှန်းတာ မှန်သွားသည် .. အနောက်မှ အခေါင်းလိုက်ထုတ်လာတော့ …. အမျိုးသားကြီးဖြစ်နေသည်…. အသက် (၅၆) နှစ်…….
နောက်ကနေ နောက်အလောင်းတစ်လောင်းလိုက်ထုတ်လာပြန်သည်….. အ၀တ်အနီစနှင့်ပဲ ပတ်ထားတာ ဖြစ်သည်….. အလောင်းက ခပ်သေးသေးလေ….. ဒါကလေးအလောင်းများ ဖြစ်မလား…… အင်း ဒီကလေး ဘယ်လိုများ သေသွားတာတုန်း…… ငယ်ငယ်လေးရှိဦးမည်……. သို့ သော် မှန်းတာလွဲသွားသည်… ထုတ်လာသည့် အလောင်းက အဘွားကြီးတစ်ယောက်အလောင်းဖြစ်သည်… အခေါင်းပေါ်တွင် အသက် ၇၁ နှစ်ဟုရေးထားသည်…
အလောင်းက …. သံလှည်းတဂျိမ်းဂျိမ်းတွန်းသည့် နောက်သို့ အောက်ကလမ်းမညီရွေ့ ခါခါ ခါခါ နှင့်ပါသွားသည်…. ကျွန်တော်လည်း ဘာရယ် မဟုတ်အခြားဘက်မှ ခန်းမများစီလျှောက်လာမိသည်…..

ခန်းမတစ်ခုတွင်တော့….. ပထမတွန်းထုတ်လာသည် ယောက်ကျားကြီးကို အလောင်းပြင်ထားသည်ကိုသွားတွေ့သည်… ခန်းမထိပ်မှ နာမည် နှင့် အခေါင်းပေါ်မှာ မြင်လိုက်သော နာမည်ကိုကြည့်ရွေ့ မှတ်မိခြင်းဖြစ်သည်…. ကျွန်တော်သိချင်သည်… စောစောက ပိတ်စနီနဲ့ ထုတ်ထားလို့ … သေသွားသူကို မမြင်ရ…. အခုပြင်ပြီးပြီဆိုတော့ ကြည့်လို့ ရပြီ… ဒိ ၅၆ နှစ်လူကြီးကဘယ်လိုပုံလဲ….. စိတ်ထဲမှသိချင်နေခြင်းသာဖြစ်သည်… နောက်ကျောမှ တွေ့ လိုက်ရသော သူကို မျက်နှာမြင်ဖူးချင်သလိုဖြစ်နေခြင်းဖြစ်သည်…..

ဒါနှင့် ခန်းမထဲ ခပ်တည်တည်ပဲ ၀င်သွားလိုက်သည်…. ဒီအသုဘကတော့ မစည်…. တော်တော့ကို မစည်…. ထိုင်ခုံတစ်ဝက်တောင်လူမပြည့်….. အသုဘရှုသူလည်း သိပ်မရှိ…. ဟိုဘက် တုန်းကလို ငိုသူတွေ များ လို့ တိုးဝှေ့ ရှု့ စရာမလို… လိုက်ပို့ သူတွေ က ဆင်းရဲကြပုံရသည်… ခမ်နွမ်းနွမ်းပဲဖြစ်သည်……
အလောင်းကို ကြည့်ရတာ ပါးရိုးနရိုးများ ချိုင့်နေသည်…. မသေခင်က အတော် သောက်စားထားပုံရသည်…. ထို အချိန်တွင်လူတစ်ယောက်ထလာပြီး… အလောင်းကို လာကြည့်သည်…. ကျွန်တော့ ကိုလည်း တစ်ချက်ကြည့်သည်… ပြီးမှ

(ကဲ ရဲဘော်ကြိး မင်းရှေ့ တန်းကနေ ကျဆုံးသွားတာကို ၀မ်းနည်းပါတယ်…. ငါတို့ လည်း ဆက်လိုက်လာမှာပါကွာ.. ဟားဟား…. ဘာပဲ ပြောပြော ရပ်ကွက်ထဲတော့ ၀မ်းသာကြမှာကွ… မင်းကော်ကော်ဆဲနေတဲ့ ဒဏ်က အားလုံးလွတ်သွားပြီလေ…. ) ဟု ခပ်တိုးတိုး လာပြောသည်…

အသုဘရှင်များ မကြားအောင်ဖြစ်သည်….

အသုဘရှင်များ ကြားလျှင်ကော…. ရှေ့ ဆုံးတန်းတွင် ထိုင်နေသည်က ထို လူကြီး ၏ မိန်းမဖြစ်ဟန်တူသည်… ခုံပေါ်ခြေထောက်တင်ထိုင်ရင်း ပင် … ဘေးမှ မိန်းမ တစ်ယောက်နှင့် လေပစ်နေလိုက်သည်….

(အေးဟယ်… သေသွားတာပဲ အေးပါတယ်…. ငါမလဲ သူ့ ပြုစုရတာနဲ့ ဈေးရောင်းရတယ်ကို မရှိဘူး…. ဒီကွမ်းယာဆိုင်ကယ်နေလို့ ပေါ့.. ဒါတောင်ဒင်းက.. စိတ်ဆိုးရင်.. ဆိုင်ကို ထကန်ရင်ကန်သေးတာ …… ငါကတော့ ၀မ်းတောင်မနည်းဘူး…… ဟွန်း)
ခပ်တည်တည်ပဲ သေသူရှေ့ မှာ သေသူ့  အတင်းကို တုတ်နေသည်…… ထိုအချိန်တွင်…. ခပ်ငယ် ငယ် မိန်းကလေး တစ်ယောက် အနားရောက်လာပြီး

(ဥိးက ဘယ်ကလဲ…. သမီးအဖေနဲ့ အသိလား… ထိုင်ပါဦးရှင့်)

(အော် … အင်း.. ဟုတ်တယ်… သူက ဦးနဲ့ ဆုံဖူးတယ်… အရမ်းတော့ မရင်းနီးပါဘူး.. .အခု ဟိုဘက်က အသုဘ တစ်ခုပို့ ရင်း တိုက်တိုက်ဆိုင်ဆိုင်တွေ့လို့ ၀င်လာကြည့်တာပါ…)

လှီးလွှဲ ရွေ့ အတော်ဖြေယူရသည်….. ဟုတ်သည်လေ…. ကိုယ်နှင့် ဘာမှ မပတ်သက်ပဲ အသုဘလာရှု့ မိနေသည်ကိုး.. လိုက်ပို့မိနေသည်ကိုး….

(အသုဘကတော့ မစည်ပါဘူးဦးရယ်…. ဒိလူ
ဆယ်ယောက်ဆယ့်ငါးယောက်တောင်မနည်း လိုက်ခေါ်နေရတာ… ကူတဲ့လူငယ်တွေနဲ့ .. အမျိုးလောက်ပဲလေ…. အင်းလေ .. အဖေကလည်း ဆိုးတာကိုး…. ဒီလောက်ဆိုးတဲ့ အဖေနဲ့ ဦးနဲ့ က ဘယ်လိုသိကြတာလဲ.......) ကျွန်တော့ ၀တ်ပုံစားပုံကို ကြည့်ပြီး မေးတာ ဖြစ်မည်ထင်သည်…...

( သမီးက အဖေသေတော့ ၀မ်းတော့ နည်းမိပါတယ်….. ဒါပေမယ့်လေ…. ၀န်တစ်ခုပေါ့သွားသလိုပဲ…သမီးကျောင်းတက်ဖို့ ပိုက်ဆံက အဖေ့ အရက်ဖိုးနဲ့ ဆေးဖိုးချည်း ကုန်တာလေ….. အမေဆိုလည်း ဒီလိုပဲနေမှာပဲ… ကြည့်ပါလားငိုတောင်မငိုဘူး….. )

(ဟို.. ဒီလိုပါပဲ သမီးရယ်…သမီးဖေဖေနဲ့ က .. မိတ်ဆွေတွေပါ…. ဆုံဖူးတယ်ဆိုရုံပါပဲ… ကဲကဲ ..ဦးလည်း ဟိုဘက်ခန်းမပြန်သွားလိုက်ဦးမယ်နော်သမီး…. )

ဟုဆိုကာ ကွေ့ပတ်ထွက်ခဲ့ရသည်……

သြော် ….. ချမ်းသာသာ ဆင်းရဲရဲ နောက်ဆုံး ဒိမှာပဲ လာစုကြရတယ် ဆိုပေတဲ့….. တစ်ရက် တည်း သဂြိုလ်ကြမယ့် အလောင်းနှစ်လောင်းတောင်…. လိုက်ပို့ သူချင်းမတူ….. ပူဆွေးတာချင်းမတူ…..
ငိုသူမရှိတဲ့ အသုဘနှင့် …. ငိုသူများလွန်းတဲ့ အသုဘ….. အော်… ဘာတွေကြောင့်ကွာခြားသွားတာလဲ….
ဒီလူနှစ်ယောက်ဟာ… တကယ်ဆို ခဏလောက်ကြာရင် ပြာဘ၀ရောက်တော့ မှာပဲ….

သူတို့ တင်ထားသော စင်အမြင့်ချင်းကလည်း အတူတူပဲ….. ပြင်ဆင်ထားပုံချင်းသာ အနည်းငယ်ကွာပြီး…မလှုပ်နိုင်တာ.. မျက်စိပိတ်ထားတာ…. အားလုံး အတူတူပဲ… အသက်မရှုတော့တာလည်း အတူတူပဲ… သေတာချင်းလည်း အတူတူပဲ….. ပြာဘ၀ရောက်တော့ မှာချင်းလည်း အတူတူပဲ
ဒါဆို ဘာတွေကွာခြားနေတာလဲ…..

သူတို့ အသက်ရှင်စဉ်က လုပ်ရပ်တွေပေါ့….. သူတို့ ပတ်ဝန်းကျင်အပေါ် ဘယ်လောက်ကျေးဇူးပြုဖူးလဲ ဆိုတာတွေပေါ့…. သူတို့ ဘ၀ကို ဘယ်လောက်တန်ဖိုးရှိအောင် နေခဲ့သလဲဆိုတာတွေပေါ့….
ထိုအချိန်တွင် .. ခန်းမ (၁ ) မှ ကြေးစည်ထုသံကြားသဖြင့် ခပ်သွက်သွက်ပဲလျှောက်လာခဲ့လိုက်သည်….. ကျွန်တော့ ကို ကျေးဇူးမပြုဖူးသော်လည်း .. ကျွန်တော်နှင့် မသိသော်လည်း…. သူ့ ပတ်ဝန်းကျင်ကို ကျေးဇူးပြုဖူးသူ…… ဘ၀ကို တန်ဖိုးရှိအောင် နေသူအဖြစ် ကျွန်တော် သူ့ကို ဂုဏ်ပြုပို့ဆောင်ရမည်ပေါ့…..

ရှေ့ဆုံးမှ.. သေသူ၏ ဓာတ်ပုံကိုင်လာပြီး အနောက်မှ ပန်းခြင်းများကို လူငယ်လေးများ က ကိုင်လာကြသည်…. ပန်းခြင်းတွေ များလိုက်တာ … ဆယ်ခြင်း .. ဆယ့်ငါးခြင်းလောက်ရှိမည်…… လူဘ၀တွင် သူ့ တာဝန်ကျေမှုများ အတွက်…. အထိမ်းအမှတ်များ ဖြစ်သည်….နောက်မှ အခေါင်းကိုတွန်းထုတ်လာကြသည်…. အားလုံးမျက်ရည်လည်ကြပါသည်… ငိုသူတွေက ငိုသည်… အချို့ ယောက်ကျားကြီးတွေပင် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေရသည်…. အော်….. ကျေးဇူးရှင်…. ဒါမှ မဟုတ် လူတော်တစ်ယောက်ကို နှမြောကြခြင်းဖြစ်သည်…..

ငါအလှည့်ရော ဒီလို နှမြောတသသူရှိပါ့မလား…. ငိုသူများ စေချင်….. လိုက်ပို့ သူများစေချင်လျှင်.. ကိုယ်ကလည်း လူအတော်များများ ကို ကျေးဇူးပြုဖူးသူ…. ဖြစ်မှ ရမည်……လောက မှာ အသုံးဝင်သူ ဖြစ်မှရမည်…… တန်ဖိုးရှိသည့် အရာ ဆုံးရှုံးမှ လူဆိုတာ နှမြောတတ်သည် ချည်း…. တန်ဖိုးရှိတဲ့ လူတစ်ယောက်ဆုံးရှုံးသွားမှ ပဲ ငိုကြပေလိမ့်မည်…. အသုဘလည်းစည်ပေလိမ့်မည်…..

ဒါဆို ငါရောလောကကြီးမှာ တန်ဖိုးရှိတဲ့လူဖြစ်ပြီလား….. အနှမြောခံလူတန်းစားဖြစ်ပြီလား… ဘယ်လောက် လူ့လောက အတွက် ငါအသုံးဝင်ခဲ့ပြီလဲ…… ဘာမှ မဖြစ်သေးပါလား…. ကြိုးစားရဦးမည်…..
ကျွန်တော် တစ်ခါမှ မမြင်ဖူး မသိဖူးသော ကျွန်တော့ အကို ဆိုသူကတော့ ..သေဆုံးပြီ…လောက မှာ သူအထိုက်အလျောက်တာဝန်ကျေသွားသည်…. လူသေသွားသော်လည်း ပြောစရာ စကား.. အတင်ခံစရာ ကျေးဇူးတွေ…… အနှမြောခံမျက်ရည်များ စွာ ချန်ထားခဲ့သည်……

ကျွန်တော်ကတော့… လှုပ်ရှားသွားလာနေနိုင်သေးသည်… နှာခေါင်းမှ လေများ ၀င်ထွက်နေသေးသည်….. မသေသေး….ဒါတောင် ဘာမဟုတ်တဲံ စာမေးပွဲကျတာတစ်ခုတည်းကို …. စိတ်ညစ်ပြီး…. သေတော့ မလို .. မသွားချင်မလာချင် ဖြစ်နေသည်….စိတ်ဓာတ်တွေ လာကျပြနေသည်…. စာမေးပွဲမဖြေတော့ ဟု တွေးမိသည်…. အင်မတန်ပျော့ညံ့လိုက်တဲ့ အတွေး…. ကျွန်တော်အသက်ရှင်နေတာ ဘာအဓိပ္ပါယ်ရှိသနည်း…. အသုဘ စည်စေချင်ပါတယ်ဆိုပြီး… ကိုယ်က ဘာတွေ အသုံးကျနေသနည်း…

သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကြားမှာ ကွာခြားမှုက အလွှာ ခပ်ပါးပါးပဲဖြစ်သည်…. သို့ သော် နှစ်ဘက်လုံးက နက်နဲလွန်းသည်…. သေဆုံးသွားရသည်မှာ မလွယ်ကူသလို … ရှင်သန်ရသည်မှာလည်းအတော်ခက်ခဲသည်…..ခက်ခဲသည့် ကြားမှပဲ ကျွန်တော်တို့ …. ရုန်းကန်ကြရလိမ့်ဥိးမည်…. အသက်ရှင်နေခြင်း၏အဓိပ္ပါယ်က ဒါပဲဖြစ်သည်….. ကျွန်တော်တို့ ရုန်းကန်နေကြရသည်….. ဘ၀ကို တန်ဖိုးရှိစွာ ရုန်းကန်နေသူနှင့် … တန်ဖိုးမဲ့စွာရုန်းကန်နေသူ ဒါပဲကွာခြားပါလိမ့်မည်…. ရွေးချယ်ရမည်က ကိုယ်ပဲဖြစ်သည်….

လက်ရှိကျထားသော စာမေးပွဲသည်…. ကျရှုံးခြင်းသာဖြစ်သည်…. သေဆုံးခြင်းမဟုတ်သေး…. သေဆုံးမှပဲ ဒီတစ်ဘ၀စာ ရုန်းကုန်မှုကို အဆုံးသတ်ပြီး ..နောက်တစ်ဘ၀ကို ရုန်းကန်မှုကို စတင်နိုင်မည်ဖြစ်သည်…..
စောစောက မြင်ခဲ့ရသော .. ကျွန်တော့ အကိုလို့ … အရက်သမားဦးလေးကြိးလို…. သံလှည်းပေါ်ခါခါ ခါခါ နှင့်ပါသွားသော အဖွားအိုလို…. ကျွန်တော့် ဘ၀က ပြီးပြတ်မသွားသေးပါ…. ကျွန်တော်ရုန်းကန်ရလိမ့်ဦးမည်….

တန်ဖိုးရှိရှိရုန်းကုန်ဖို့ ပဲလိုပါသည်….. ကျွန်တော် သဘောင်္တစ်ခေါက်လောက်ပြန်ထွက်ပြီးတာ နှင့် စာမေးပွဲပြန်ဖြေပါမည်…… အောင်အောင် လည်း ဖြေပါမည်…မအောင်မချင်းကို ဖြေမည်….. ကျွန်တော် အသုံးကျစွာ အသက်ရှင်ချင်သေးသည်…... လောက မှာ တစ်ကြိမ်တစ်ခါ .. နှစ်ကြိမ်နှစ်ခါ ကျရှုံးရုံ နဲ့ ရှုးံနိမ့်သွားတာ မဟုတ်…… တစ်ကြိမ်အောင်မြင်ပြီးရုံနဲ့ လည်း…. တစ်သက်တာ အောင်မြင်သွားတာ မဟုတ်….. အဓိက ဘ၀ကို တန်ဖိုးရှိစွာ ဖြတ်သန်းရဲသော သတ္တိသာ လျှင်ဖြစ်သည်…. ဟု ၀င်စတန်ချာချီက ပြောဖူးပါသည်…… ကျွန်တော် စိတ်ဓာတ်မကျတော့ ပါ…. မသေမချင်း ကြိုးစားနေရမည်က ပဲ ကျွန်တော့်တာဝန်ဖြစ်သည်…… လူတွေ အားလုံး သေမျိုးချည်း မှန်သော်လည်း….. မသေခင်တွင်မည့် ကိုယ် သမိုင်းကို ကိုယ်ပဲရေးကြရမည်ပဲ….

တွေးနေစဉ်မှာပဲ .. ကျွန်တော့ .. အစ်ကို ဘယ်နှစ်ဝမ်းကွဲမှန်းမသိသူ၏ရုပ်အလောင်းကို မီးသဂြိုလ်စက်ထဲသို့ တွန်းယူသွားပြီဖြစ်သည်….သူ့ အမျိုးသမီးဖြစ်သူ က ငိုကြွေးရှာသည်……. ဘေးမှ သူ့ တပည့် ဆိုသူအမျိုးသမီးများ နှင့်… မိတ်ဆွေများ လည်း… မျက်ရည်မဆည်နိုင်….. မီးသဂြိုလ်စက်တံခါးပိတ်သွားမှပဲ… အားလုံးကျော်ခိုင်းပြီး သူကို ထားခဲ့ကြတော့ သည်…. သို့သော်…. သူ့ နာမည်နှင့် သူရှင်သန်မှုကို တော့ ဘယ်သူမှမမေ့ ခဲ့ပါ…. အားလုံး၏နှလုံးအိမ်တွင် .. ယူဆောင်မြဲယူဆောင်လာကြသည်….

သေသောသူကြာရင်မေ့ပါမည်…. သို့ သော် ကိုယ်ရေးသော သမိုင်းဆိုတာ သမိုင်းအဖြစ်တွင်ကျန်ပေဦးမည်..လမ်းကြုံရင်တော့ ပြောတတ်ကြဦးမည် သာ

ကားပေါ်မတက်ခင်…. ခေါင်းတိုင်မှ တစ်ငွေ့ ငွေ့ ထွက်လာသော မီးခိုးများ ကို ကြည့်မိသည်…… ကျွန်တော်လည်း .. တစ်နေ့ ဒီ မီးခိုးဘ၀နဲ့ ပဲ အဆုံးသတ်ရမည်ဖြစ်သည်…. သို့ သော် .. အဆုံးမသတ်ခင်ကာ လသည်…. ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်…. ကိုယ့် ဘ၀ကိုယ် တိုးတက်အောင်လုပ်… လောကကြီးအတွက် တစ်ထောင့်တစ်နေရာက အသုံးကျသူအဖြစ် ရပ်တည်ရပေလိမ့်မည်….. တရားမတွေ့သေးသူမို့ .... ကိုယ့်ကို ချစ်သူ… ခင်သူ… နှမြောသူ.. လွမ်းစွတ်တမ်းတသူများစေချင်ပါသည်….. ဒီတော့ … ချစ်အောင် ခင်အောင် .. နှမြော.. အောင် လွမ်းစွတ်တသသ ဖြစ်လောက်အောင်… ကို အသုံးဝင်သူတစ်ဥိးဖြစ်အောင်ကြိုးစားမှဖြစ်ပါမည်…. ကျွန်တော်က အသုဘစည်စေချင်သူမဟုတ်လား….

ကားမောင်းထွက်လာတော့ ရေဝေးသုဿန်အား တက်ချက်လှည့်ကြည့်ရင်း စိတ်ထဲက ပြောမိသည်…

(ခုလောလောဆယ်အတွက် နှုတ်ဆက်ခဲ့ ပါတယ်….ဘယ်အချိန်မှန်းမသိပေမယ့် ပြန်လာရဦးမှာပါဗျာ…..အသက်ရှင်လျက်လား သေလျက်လားသာ မသိတာ…. ဟဲဟဲ မယုံရင် ခင်ဗျား စောင့်ကြည့် ကျွန်တော်သေလျက်ပြန်လာတဲ့ နေ့ဆိုရင်တော့ … တစ်ယောက်တည်း မလာဘူးဗျ…. ငိုသူ လိုက်ပို့ သူ စည်စည်ကားကားနဲ့ ကို လာမှာ.. တကယ်…. အခု အဲဒိ အတွက် … သွားကြိုးစားလိုက်ဦးမယ် ဗျာ.. ခွင့်ပြုဦး)

By: လင်းလွန်းညို
07/07/2012 (11:59 AM)

No comments:

Post a Comment