Tuesday, July 31, 2012

ညဈေး အပိုင်း ၅


(၁၁)

July 24th ,2000 (SUN)
10:33 (AM)

(တင်း…. တောင်)

(ဟော….. မော်မော်တို့ လာပြီထင်တယ်….)

ကျန်နေသေးသော ငါးခူများကို ဆေးကြောမနေတော့ပဲ…… ရေခဲသေတ္တာအတွင်း ပြန်ထည့်ခဲ့လိုက်ပြီး

(လာပြီ…..လာပြီ….. )

ဟုအော်ကာ …..သူမအိမ်ရှေ့ တံခါးနားသို့ရောက်သွားသည်…..ချောင်းကြည့်ပေါက်မှ တစ်ချက်တော့ ကြည့်လိုက်မိသေးသည်….. မော်မော်နှင့် သူ့သမီးလေး….သေချာ မှ ပဲ...တံခါးကို ဖွင့်ပေးလိုက်သည်….

(ဟယ်…….မေကြည်ရယ်….နင့်မျက်နှာကြီးက ဘယ်လိုဖြစ်နေတာလဲ)

ဝင်ဝင်ချင်း မော်မော့်စကားကြောင့် ဒေါ်မေကြည်အောင်ဘာပြန်ဖြေရမှန်းမသိ…….. ပြောမနာဆိုမနာသူငယ်ချင်းများ မို့ပင် ဒေါ် မော်မော်ကလည်း အားမနာစွာဝေဖန်ပစ်လိုက်ခြင်းဖြစ်သည်…..

(ဟင်.. ငါ့မျက်နှာ…..ငါ့မျက်နှာက ဘာဖြစ်နေလို့တုန်း)

(မသိဘူး ငါ့စိတ်ထဲ….. တစ်မျိုးကြီးပဲဟ…….ပိုရင့်လာသလိုပဲ…ရင့်လာတာလဲမဟုတ်ဘူး…မပြောတတ်ဘူးဟာ ….. အဘိုးကြီးတွေလို အိုအိုကြီးဖြစ်နေတယ်…. ငါ့စိတ်ထဲထင်နေတာ)


(အမယ်…. လူပဲအိုမှာပေါ့ဟဲ့…. နင်ရော….. အရင်အတိုင်းမို့လို့လား…. ကလေးရပြီး ဒီလောက်ဝတုတ်နေတာကို)

(နင်ဟာလေ.. ငါ့ကို ပြန်ပြောဖို့ ပဲ… ငါက စေတနာနဲ့ပြောတာ …. နင့်လိုပြင်ပြင်ဆင်ဆင်နေတတ်တဲ့ မိန်းမက .. ခုလိုကြီးဖြစ်နေတော့ ထူးဆန်းလို့ မေးမိတာ ပါ…. )

ဟုတ်သည်… ဒေါ်မေကြည်အောင်သည် အမြဲတမ်းမဟုတ်တောင် ..အထိုက်အလျောက်တော့ ပြင်ပြင်ဆင်ဆင်နေသည်….. အသက်လေးဆယ်ဝန်းကျင်ခန့်ဖြစ်သော်လည်း သူမကိုယ်သူမနုအောင် ပြုပြင်သည်…. ကိုယ်ကာယလေ့ကျင့်ခန်းများ လုပ်သည်…… ယခုတော့ ဒေါ်မော်မော်က .. ပြောရလောက်အောင်ဖြစ်နေသည်…

(ငါနောက်ဖေးမှာချက်ပြုတ်နေလို့ ပါဟယ်….. အဲဒါကြောင့် ဘိုသီဘတ်သိဖြစ်နေတာ ပါ.. ကဲ မမ ..၀င်ဝင် ကျုပ်တံခါးပိတ်ရဥိးမှာ )

ဟုပြော ကာ ဒေါ်မော်မော်နှင့် သူမသမီးကလေး … ကြည်ဖြူသန့်တို့ ကို အထဲဝင်ခိုင်းပြီး… ဒေါ်မေကြည်အောင် .. တံခါးကို သေချာပိတ်လိုက်လေသည်…….

(၁၂)

July 24th ,2000 (SUN)
12:48 (PM)

အားလုံးထမင်းများ စာသောက်ပြီးနောက် … ဒေါ်မော်မော်က ..ပန်းကန်များ ကို ၀ိုင်းသိမ်းပေးနေ၏……ဒေါ်မေကြည်အောင်ကတော့ နောက်ဖေးတွင်…. ဆေးစရာရှိသည်များ ဆေး … ပန်းကန်များ သုတ်စရာရှိသည်များကို သုတ်ပြီ … စနစ်တကျနေရာချထားလိုက်သည်…..

(မေကြည်… နင်သိပြီးပြီလား… ဟို ဥမ္မာ ယောက်ကျားက အခု ရာထူးတက်သွားပြီတဲ့….. ငါ့ကို ဟိုတစ်နေ့က စီးတီးမတ်မှာတွေ့တော့ ကြွားသွားသေးတယ်…. သူတို့ ကားလဲမယ်ဆိုတာတောင်ပါလိုက်သေးတယ်.. )

ပန်းကန်များ ကို ကူညီစီချပေးရင်း ဒေါ်မော်မော်က ပြောလိုက်ခြင်းဖြစ်သည်…. … ပန်းကန်စင်က လက်ဆေးဘေစင် နှင့် ဆန့်ကျင်ဖက်တွင်ရှိသော ကြောင့် …. ဒေါ်မေကြည်အောင့်ကို ကျောပေးကာပြောနေခြင်းဖြစ်သည်…

အတော်ကြာသည်အထိ ဒေါ်မေကြည်အောင်ထံမှ ဘာအဖြေစကားမျှမကြားရ….

(မေကြည်ငါပြောတာ ကြားလား…. ဥမ္မာယောက်ကျားလေ…. )

ဟု ပြောလည်း ပြော ဒေါ်မေကြည်အောင့်ဘက်ကို လည်း အလှည့်တွင်…. မြင်လိုက်ရသည့် မြင်ကွင်းက … ဒေါ်မော်မော့်စကားများ မဆက်နိုင်ဖြစ်သွားရသည်…..

ဒေါ်မေကြည်အောင်က ကြမ်းပြင်တွင် ဆောင့်ကြောင့်ကြီးဖြစ်သည်…. နောက်ကျော ဘက်မှ မြင်နေရသဖြင့် ကုန်းကုန်းကြီးဖြစ်နေသည်..ကို သာ တွေ့ပြီး ရှေ့မျက်နှာကို မမြင်ရ…

(ဟဲ့မေကြည်.. နင်ဘာဖြစ်နေတာလဲ)

ဒေါ်မေကြည်အောင်ကတော့ ဆောင့်ကြောင့်ကြီးထိုင်မြဲထိုင်နေသည်…… ဘေစင်အောက်ရေဆင်းပိုက်ကို မျက်နှာမူပြီး ဘာတွေမှန်းမသိ တိုးတိုးတိုးတိုး .. ပွစိပွစိဖြင့် ပြောနေသည်…..
သူမလန့်လာသည်….. ဒါမျိုးတစ်ခါမှလည်း မတွေ့ဘူး…. ဆံပင်ကလည်း ဆံညှပ်ကလစ်ပြုတ်ထွက်ကာ ကျောလယ်လောက်အထိဖားလျားကြီးနှင့်…….
သေချာကြည့်လျှင်ဒေါ်မေကြည်အောင်ပုံမှာ…. အရူးမကြီးတစ်ယောက် ဆောင့်ကြောင့် ကြီးထိုင်နေသလိုဖြစ်နေသည်…….
ဒီအတိုင်းနေလို့ မဖြစ်တော့ .. ဒေါ်မော်မော်…. အောင်မိုးကို လှမ်းခေါ်လိုက်သည်….. ဒေါ်မေကြည်အောင့်ကို ဆွဲလှည့်လိုက်ဖို့ တောင်.. သူမ လန့်နေပြီမဟုတ်လား ….. ရင်ထဲတလှပ်လှပ်ဖြစ်လာသည်…

(အောင်မိုးရေ…. သားရေလာဦး ..ဒီမှာနင့်အမေဘာဖြစ်နေလဲမသိဘူး )

အောင်မိုး က ထမင်းစားခန်းနားထဲမှ မီးဖိုချောင်သို့ ခေါင်းအနောက်ဘက်နားကို ပွတ်ရင်းဝင်လာသည်…… သူလည်း မြင်လိုက်ရသည်ကို ကြည့်ပြီး ဘာပြောရမှန်းမသိ….

(ဟဲ့ အောင်မိုး .. နင့်အမေကိုကြည့်ဦး … ဘာဖြစ်တာလဲ အဲဒါ)

ရုတ်တရက်….ဒေါ်မေကြည်အောင်က ဆောင့်ကြောင့်ကြီးထိုင်နေရင်း ..ဖတ်ကနဲ ဘေးတိုက်ကြီး ဖားခုန်ခုန်လိုက်သည်…. သူတို့ကိုတော့ ကြောပေးထားဆဲ… ဆံပင်များ က စောစောကလို နောက်သို့ ရှိမနေတော့ ပဲ…. ရှေ့ မျက်နှာပေါ်ဝဲကနဲ ကျသွားသည်…..

(အမေ… အမေ…… ဒုတ်ခပါပဲ… အမေ… )

အောင်မိုး ဘာလုပ်ရမှန်းမသိဖြစ်လာသည်…. ဒေါ်မော်မော်ရှိရွေ့ သာ တော်တော့ သည်… မဟုတ်လျှင်သူ့ အဖို့ … အကြောက်လွန်းသွားနိုင်သည်.. အသက် က ဆယ့်သုံးနှစ်ကျော် ဆယ်လေးနှစ်သာရှိသေးသည် မဟုတ်လား….
အောင်မိုး ရှေ့ သို့ တစ်လှမ်းတိုးလိုက်သည်…. ဆက်လည်း မတိုးရဲ…. သူ့အမေကို သူပင်ပြန်လန့်နေသည်… ဆောင်ကြောင့် ကုန်းကုန်း ဆံပင် ဖရိုဖရဲကြီး နှင့် မိန်းမကြီးသည်.. သူအမေမှ ဟုတ်ရဲ့လားပင်ထင်လာသည်…

(သား… အရမ်းမတိုးနဲ့ ဒါ သွေးရိုးသားရိုး မဟုတ်ဘူး ….. နင့်အမေတစ်ခုခု
ဖြစ်နေတာ ….. နေဦး သားတို့ အိမ်မှာ ပရိတ်ရေရှိတယ်မဟုတ်လား )

(ရှိတယ် အန်တီမော်…. ဘုရားစင်ပေါ်မှာပဲ …. စောစော က သားတို့ ကိုတောင်အမေတိုက်သေးတယ်….. ဒီနေ့မှထူးထူးဆန်းဆန်းတိုက်တာ … ဒုတ်ခပါပဲ အိမ်မှာလည်း ဘာတွေဖြစ်နေမှန်းကို မသိပါဘူး.. )

(အေး အဲဒါဆို အန်တီနဲ့ လိုက်ခဲ့ သားအမေကို အိမ်နောက်ဖေးတံခါးပိတ်ပြီးထားလိုက်.. ခဏပဲ … တစ်မိနစ်တောင်မကြာဘူး … တော်ကြား စောစော ကလိုကြီးခုန်ဆွခုန်ဆွနဲ့ အပြင်ထွက်လာတာ ကလေးတွေ မြင်ရင်… လန့်ကုန်မယ်.. လာလာ သား)

ဒေါ်မော်မော်လည်း အောင်မိုး ကို လက်ဆွဲကာ အိမ်ရှေ့ သို့ ထွက်လာသည်…. ဘုရားစင်သို့ ရောက်သော အခါ…. အခန့်သင့်ပင်ပုရိတ်ရေပုလင်းကို တွေ့ရ၏ ထို့ နောက်ပရိတ်ရေ ပုလင်း နှင့် ပုတီးတစ်ကုံးယူပြီး နောက်ဖေးချောင်သို့ အပြေးပြန်လာကြသည်…… ကလေးနှစ်ယောက်ကတော့ အိပ်ခန်းထဲမှာမို့ ဘာမှ မကြားရ…… အပြင်လည်း ထွက်မလာ .. ဆော့ကောင်းနေသည် ထင်သည်…

မီးဖိုချောင် တံခါးကို ဖွင့်လိုက်သော အခါ… မြင်ရသော မြင်ကွင်းက စောစောကလိုမဟုတ်တော့ ….
ဒေါ်မေကြည်အောင် က လက်ဆေးပန်းကန်စင်တွင် ခေါင်းငုံကာ လက်ထောက်ပြီး တဝေါ့ဝေါ့နှင့် အန်နေသည်….. အန်တာမှ တော်တော်ခက်ခက်ခဲခဲ အန်နေပုံရသည်……

(အမေ.. အမေ… ဘာတွေအန်နေတာလဲ … )

အောင်မိုး က မေးကာ ဒေါ်မေကြည်အောင်ကို ဆွဲလှည့်လိုက်သည်.... စောစောက မြင်ရသော ပုံဆံကြီးမဟုတ်တော့ရွေ့ သိပ်တော့ မကြောက်တော့ .. ..ဆံပင်များ ကို နောက်သို့ သိမ်းကာ လက်ဖြင့် ကိုင်ထား သည်….
သူမမျက်နှာက အတော်နွမ်းလျနေပုံရသည်…… အန်ထားရသဖြင့် အတော်လည်း မောနေသည်…

(မသိဘူးသားရယ်.. ပန်းကန်ဆေးနေရင်း အရမ်းအန်ချင်လာလို့ … အန်ချနေတာ … )

(မဟုတ်ဘူး အမေ.. စောစော က … အမေ ဖားကြီးလို ခုန်ဆွခုန်ဆွလုပ်နေတယ်လေ.. )

(အာ မဟုတ်ပါဘူး … အမေ အန်နေတာ … ပန်းကန်ဆေးပြီး စော စော က စားထားတာတွေ အစာမကြေလို့ အန်နေတာ ပါ သားရယ်…. အမေက အဲလို လုပ်စရာလား )

(အာ အမေကလည်း မယုံရင် အန်တီမော်ကို မေးကြည့်)

ဒေါ်မေကြည်က ဒေါ်မော်မော့်ကို တစ်ချက်လှမ်းကြည့်သည်….
ဒေါ်မော်မော်က လက်ထဲက ပရိတ်ရေကို မြှောက်ပြရင်း….

(လာသူငယ်ချင်း … ဘာဖြစ်တယ်ဆိုတာ ငါ အတိအကျ မသိပေမယ့် …. နင်ဒီပရိတ်ရေတော့ သောက်လိုက်…… အန္တရာယ်ကင်း ဘေးရှင်းသွားအောင်)

ဒေါ်မေကြည်အောင်က ..ေ ခါင်းကို တွင်တွင်ခါရင်း…

(အာ .. ငါဘာမှ မှ မဖြစ်တာ …. မလိုပါဘူး သူငယ်ချင်းရယ်….. ကဲပါ နင်စိတ်ကျေနပ်အောင် ငါသောက်ပေးပါ့မယ်… )

ဒေါ်မော်မော်လည်း လှည့် အထွက်…. ဒေါ်မေကြည်အောင်က နောက်ကလိုက်လာသည်….. ဒေါ်မော်မော်က … ထမင်းစားခန်းဖန်ခွက် စင်မှ ဖန်ခွက်တစ်လုံး ယူလိုက်ကာ … ပရိတ်ရေ အနည်းငယ်ထည့်လိုက်သည်…

(နင့်ကို ကြည့်ပြီး ငါသတိရတယ်.. ငါ့ကိုလည်း လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က .. ငါ့အဖေက ငါ့ကို ဒီလိုပဲ ပရိတ်ရေတွေတိုက်ဖူးတယ်. … ဒါပေမယ့် ဟုတ်လားမဟုတ်လား မသေချာပါဘူး….. ငါ့မှာတော့လေ..)

ဒုတ်အား………………………………

ဒေါ်မေကြည်အောင့် ထံမှ ထပ်ထွက်လာသော အသံဖြစ်သည်…….
ထပ်တိုက်ပြန်ပြီ… ပထမတစ်ခေါက်တိုက်မိထားသော အုတ်ရိုးနဲ့ ပဲဖြစ်၏….
သွေးများ က အတော်များ သည်….ဒီတစ်ခါတော့ ခြေမကွဲသွားပြိထင်သည်….. ဒေါ်မော်မော်လည်း ဖန်ခွက်ကို အလျှင်အမြန်ချကာ …. ပရိတ်ရေဘူးလက်မှကိုင်ပြီး …. ဒေါ်မေကြည်အောင်လဲမလိုဖြစ်နေသည်ကို လှမ်းဖမ်းလိုက်သည်…… ဒေါ်မေကြည်အောင်ကလည်း သူမကို လှမ်းအစွဲမို့ ပရိတ်ရေထည့်ထားသော ပုလင်းက လက်မှ လွတ်ကျ ကာ ခွမ်းကနဲ ကွဲသွားတော့သည်……..
သွားပြီ…. တစ်ပုလင်းတည်းသာ ရှိသော ပရိတ်ရေပုလင်း ကွဲသွားပါလေပြီ……….

ဒေါ်မော်မော်လည်း ပုလင်းကွဲများ ကြားမှ…….. ဒေါ်မေကြည်အောင့်ကို တွဲကာ….. ဧည့်ခန်းသို့ လျှောက်လာလေသည်….သူမအဖို့ တော့ အတော်တွဲယူရသည်…… မေကြည်အောင့် ခန္ဓာကိုယ်ကြီးက သိသိသာသာကို လေးနေ၏…..

(၁၃)

July 24th ,2000 (SUN)
1:30 (PM)


ဧည့်ခန်းရောက်တော့ အောင်မိုးက ဆေးထည့် ပါလာစတာထပ်ကပ်ပေးပြီး ဘေးနားတွင်ရပ်နေသည်….. ဒေါ်မော်မော်က….. ဒေါ်မေကြည်အောင့်အားသေချာကြည့်ကာ…. ဘာပြောရမှန်းမသိဖြစ်နေသည်…
ဒေါ်မေကြည်အောင်မှပင်စပြီး

(နင်ဘာပြောချင်နေ လဲဆိုတာ ငါသိတယ်သူငယ်ချင်း…ခဏလေး နေဥိး … )

ဟုဆိုကာ အောင်မိုး ကို မျက်စပစ်ပြသည်… ဒေါ်မော်မော်ကလည်း နားလည်စွာခေါင်းတစ်ချက်ငြိမ့်လိုက်သည်….

ဒါကို လူလည် လေးအောင်မိုးကလည်း မြင်ဖြစ်အောင်မြင်သည်…

(အမေတို့ .. သားရှိနေလို့ မပြောရအောင်ဘာဖြစ်နေကြလဲ……
မနက်ကလည်း အမေ… ပရိတ်ေ၇တွေသားကို တိုက်တယ်..... ဒီအိမ်မှာဘာတွေဖြစ်နေတာလဲ …….. စောစောကလည်း . အမေတို့ နှစ်ယောက်နောက်မှာပန်းကန်ဆေးနေတုန်းက….ထမင်းစားခန်းမှာ သား စားပွဲသုတ်နေတုန်း …. အန်တီမော့သမီးလေး မိဖြူ အိပ်ခန်းထဲက ထွက်လာတယ်.. ပြီးတော့ သားးကို ကြည့်တယ်.. ခဏနေတော့ ရေခဲသေတ္တာဘက်လျှောက်သွားတယ်…… ပြီးတော့ ရေခဲသေတ္တာကိုကြည့်ပြီးရယ်ပြနေတယ်….. ဒါနဲ့ သားလည်း အမှုမဲ့အမှတ်မဲ့ပဲနေနေတာ … သူက သားဆီလာလိုက် ….. ပြီးရင် ဟိုရေခဲံသေတ္တာဘက်သွားရယ်ပြလိုက်နဲ့ ….. ခဏခဏဖြစ်လာတယ်…… ကြာတော့ သားမသင်္ကာတော့ဘူး….. ဒါနဲ့ သူ့ကိုခေါ်ပြီး .. မီးမိး ဘာလို့ ရယ်ပြနေတာလဲဆိုတော့ … သူက ရေခဲသေတ္တာဘက်ကို လက်ညိုးထိုးပြီး ..ဖိုးဖိုး ထိုင်ထိုင် ဆိုပြီးပြောတယ်… အမေ.. ရေခဲသေတ္တာဘက်မှာ အဲဒီ အချိန်မှာ ဘာမှရှိမနေဘူး .. သူရယ်ရယ်ပြနေတဲ့ ဘက်မှာ ဘာမှရှိမနေဘူး အမေ…… သားလည်းလန့်လာတာနဲ့ …. ရေခဲသေတ္တာကို ….. လက်သုတ်ဝတ်နဲ့ နှစ်ချက်သုံးချက်လောက်ရိုက်လိုက်ပြီ……. နင်တို့လည်း ကိုယ့်ဟာကိုယ်နေ… ငါတို့ လည်း ငါ့ဟာငါနေမယ် … မနှောက်ယှက်နဲ့လို့ပြောလိုက်တယ်……. ပြီးလို့ သား ဒီဘက်လှည့် စားပွဲသုတ်ဖို့ လက်ထဲက အ၀တ်စုတ်ကို ခါလိုက်တာ……. အ၀တ်စုတ်က နောက်ပြန်လည်ပြိး သား ဇက်ပိုးကို လူတစ်ယောက်က အုပ်လိုက်သလိုမျိုးဖြန်းကနဲ့ ဖြစ်သွားတယ်. အမေ…အဲဒီအချိန်ပဲ .. အန်တီမော်သားကို လှမ်းခေါ်တဲ့ အချိန်ပဲ… မီးဖိုခန်းထဲလဲရောက်ရော….. အမေက သားတို့ ကို ကျောပေးပြီး စောင့်ကြောင့်ကြီး….. ဆံပင်ဖားလျားနဲ့ ငုတ်တုတ်ထိုင်ရော……ဒီအိမ်မှာ ဘာတွေဖြစ်နေပြိလဲအမေ….. သား ကိုလည်း ပြောပါဦး )

အောင်မိုး စကားကြောင့် သူမတို့ သူငယ်ချင်းနှစ်ယောက်ဘာဆက်ပြောရမှန်းကို မသိတော့ …..ဒေါ်မော်မော်ကတော့ … အော်ဒါကြောင့် ဒီကောင်လေး…. ငါခေါ်တုန်းက ခေါင်းကို ပွတ်ပွတ်ပြီးလာတာကိုး….. အင်း … ဒုက္ခပါပဲဟုသာတွေးနေမိတော့ သည်……

(ကဲ.. ခဏနေဦး ..မေကြည်… ငါကလေးနှစ်ယောက်သွားခေါ်လိုက်ဦးမယ်… တော်ကြာ ဟိုဘက်ခန်းမှာ နှစ်ယောက်တည်းဖြစ်ပြီး တစ်ခုခုဆို ခေါ်မကြားအော်မကြားဖြစ်နေမယ်…. နင်လည်း စိတ်ကို ထိန်းထား … ကြားလား )

(အေးပါဟယ်… သွားပါ… ငါ့သားလေးပါခေါ်လာခဲ့နော်… )

ဒေါ်မေကြည်အောင်က ခုလိုကျတော့ လည်း အကောင်းပင်ဖြစ်သည်…..ဒေါ်မော်မော် အဖို့ အတော်စဉ်းစားရကျပ်နေပေပြီ…… ဘာတွေဖြစ်နေသလဲဆိုတာလည်း သူမ စဉ်းစားလို့ မရ…… ဖြစ်နိုင်လျှင်တော့ ဒီအိမ်ကနေအမြန်ဆုံးထွက်သွားချင်သည်….ဒါပေမယ့် ရင်းနှီးလှသော သူငယ်ချင်း မေကြည့်ကိုလည်း ဒီတိုင်းပစ်မထားရက်ဖြစ်နေ၏….. အဓိက စိတ်ပူသည်က …. လူမမယ်သေးသော ကလေး အငယ်နှစ်ယောက်အတွက်ဖြစ်သည်…… တစ်ခုခုဆိုလျှင် အသက်ကြီးပြီဖြစ်သော မိမိတို့ က ကိစ္စမရှိ… အငယ်နှစ်ယောက်အတွက်ကတော့ စိတ်ပူစရာဖြစ်နေပေသည်……
ကလေး နှစ်ယောက်ကို
အခန်းထဲဝင်ကာ ဆော့နေသည့်ကြားမှ ချော့မော့ ခေါ်လာပြီး…… ဧည့်ခန်းအတွင်းသို့ ထမင်းစားခန်းကို ဖြတ်ကာပြန်ထွက်လာခဲ့သည်…..ရေခဲသေတ္တာနားမှ အဖြတ်…. ချီလာသော သမီးလေးက … အတင်းရုန်းကန်တော့သည်….. ကြောက်လန့်ပုံမပြ… တစ်ယောက်ယောက်က ချော့မြူလိုက်လို့ …. ပျော်နေပုံမျိုးဖြစ်သည်….

(မေ… မေ.. ဖိုးဖိုး…. ထိုင်ထိုင်… မေ…. ခိခိ ခိခိခိ)

ဒေါ်မော်မော် ဘာမှကို မပြောချင်တော့ …. သူ့သူငယ်ချင်းအတွက်တစ်ခုခုလုပ်ပေးပြိးလျှင်…. ဒီအိမ်က ပြန်တာ အကောင်းဆုံးဖြစ်မည်ထင်သည်…. ဘယ်လောက်ရင်းနီးရင်းနီး ကိုယ်သမီးအတွက်တော့ အတော်စိုးရိမ်မိသည်ပဲဖြစ်သည်……
သို့ နှင့် ဧည့်ခန်းထဲရောက်တော့ …. ဒေါ်မေကြည်အောင်က ဆိုဖာပေါ်တွင်လှဲရင်း မှေးနေသည်…… ကလေးနှစ်ယောက်ကို ဧည့်ခန်းထဲမှာပဲ ကစားဖို့ မှာရသည်…

(ကဲမေကြည်.. ဘယ်လိုဖြစ်တာလဲ ငါ့ကိုလည်းပြောဦး….. )

(ငါထင်တာတော့ .. ညဈေးက ပြန်လာကတည်းကထင်တာပဲဟာ…… ငါလည်း အစကတည်းက နင့်ကို ပြောပြီး တိုင်ပင်ချင်တာပါ… ဒါပေမယ့်…နင့်ကို ခြောက်သလိုဖြစ်နေမှာလည်းစိုးတယ်လေ… )

ထို့ နောက်ဒေါ်မေကြည်အောင်မှ ဖြစ်သမျှကို ပြောပြရတော့သည်… အိမ်မက်ရော…လှေကားမှာ ခြေသံကြားပြိး လူမရှိတာရော…. သားအငယ်နှင့်အိမ်မက်တူနေတာရော စသဖြင့် …. ပြောပြရတော့သည်…..
အောင်မိုးလည်း နားထောင်နေရင်း…. ကြက်သီးမွှေးညင်းပင်ထလာသည်….

(အခု အမှန်အတိုင်းပြောရရင်… ငါ့စိတ်က နှစ်ခွဖြစ်နေတယ်…. အရမ်း ၀မ်းနည်းသလို .. အားငယ်သလိုဖြစ်နေတာက တစ်ဘက်…… စိတ်ကို တင်းပြီး ထားတာက တစ်ဘက်…. မငိုမိအောင်တင်းထားတာက တစ်ဘက်လိုဖြစ်နေတယ်……. တစ်ချက်တစ်ချက်ဆိုလွတ်လွတ်သွားတယ်.. သတိထားပြီးထိန်းနေရတာ…..ငါ့စိတ်ကို ငါတစ်ဖြေးဖြေးမပိုင်တော့သလိုပဲဟာ….. မြင်မြင်သမျှတွေကလည်း .. ဟိုးလွန်ခဲ့ တဲ့ နှစ်သုံးဆယ်လောက်ကတည်းက မြင်ဖူးသလိုကြီးဖြစ်ဖြစ်နေတယ်….. တစ်မျိုးကြီးပဲ မော်မော်ရယ်…)

(ကဲ ဒိတော့ ဘယ်လိုလုပ်မလဲ…. ငါကတော့ ကမ္မ၀ါစာ ဖတ်လိုက်စေချင်တယ်….. နင်တို့ ကိုးကွယ်တဲ့ကျောင်းက ဘုန်းဘုန်းကို ပင့်ကြည့်ပါလား… )

ဒေါ်မော်မော်ပေးသော အကြံက အကောင်းဆုံးဖြစ်နေသည်…. သို့ နှင့်တယ်လီဖုန်းယူကာ ဆရာတော့ဆီလျှောက်ရတော့သည်……

(ဟဲလို…. အရှင်ဘုရား ..တပည့်တော်မ တိုက်ကျောင်းဘုန်းဘုန်းနဲ့ ပြောချင်လို့ပါဘုရား…. တင်ပါ့ဘုရား…. ဘယ်ကြွသွားလို့ လဲဘုရား…… သြော်….. တင်ပါ့ ဘုရားတင်ပါ့….. အရေးမကြီးပါဘူး ဘုရား တပည့်တော်တို့ အိမ်လေး ပရိတ်ရွတ်ချင်လို့ ပါဘုရား….. ဒါဆို မနက်ဖြန်မနက်ပေါ့နော်ဘုရား တင့်ပါ တင်ပါ့ ....... ဒကာမကြီးမေကြည်အောင်ဆက်တယ်ပဲပြောပေးပါဘုရား….. ဒါဆို မနက်ဖြန်မနက်ကို တပည့်တော် ထပ်လျှောက်ပါဦးမယ် ဘုရား ..တင်ပါ့ တင်ပါ့ … ဒါပဲနော်ဘုရား)

ဒေါ်မေကြည်အောင် ရင်လေးစွာဖုန်းချလိုက်သည်…… သူမတွင်ကူရာ ကယ်ရာမဲ့သွားသလိုခံစားလိုက်ရသည်……..

(ကဲကြားတဲ့အတိုင်းပဲမော်မော်ရေ…… ဘုန်းဘုန်းက … သန်လျင်ဘက်က သူ့အမျိုး ကျောင်းတစ်ကျောင်းကို ကြွသွားတယ်တဲ့ …. ဒီညအဲဒိ မှာပဲ ကျိမ်းမယ် ထင်တယ်… မနက်ဖြန်မနက်လောက်ပြန်ရောက်မယ်ပြောတယ်…. )

(ကဲပါဟယ်.. ဒါဆိုလည်း နက်ဖြန်ပေါ့…. အခုပဲ ညနေစောင်းလာပြီ မဟုတ်လား …. ဒီတစ်ညတော့ နင်အိပ်ပျော်အောင်အိပ်ဆေးသာ သောက်ပြီးအိပ်လိုက်…. ဒီနေ့ တစ်နေကုန်လည်း တရားခွေ အိမ်မှာဖွင့်ထား ပရိတ်ကြီး ဆယ့်တစ်သုတ်လေ…. နော်.. )

(အေး … ဟုတ်သားပဲ .. တရားခွေး…နေဦးဟ… ငါတရားခွေပြန်ရှာရဦးမှာ …. နင်သိတဲ့အတိုင်းငါက တစ်လလောက်မှတစ်ခါ တရားနာတာဆိုတော့ ..ဘယ်နားထားမိမှန်းကို မသိဘူး… ကဲလာလာ…. သွားရှာကြမယ်… ငါ့တစ်ယောက်တည်းတော့ မလွှတ်နဲ့ …. ငါအတော်ကြောက်နေတယ်… )

ဒေါ်မော်မော်က သူငယ်ချင်းကို နားလည်စွာတစ်ချက်ကြည့်မိသည်….. အမှန်အတိုင်းပြောလျှင် သူမ ဒီည မေကြည်ကို အဖော်လုပ်ရွေ့အိပ်ပေးလိုက်ချင်ပါသည်… သို့ သော်… သူမသမီးလေးကရှိသေးသည်…… ယောင်္ကျား က နယ်သို့ ခဏခရီးထွက်သွားသဖြင့် သမီးလေးမိဖြူကို အိမ်လည်း ပြန်ပို့လို့ မရဖြစ်နေသည်…. ဒီမှာတော့ လည်း တစ်ညလုံးခေါ်မထားရဲပေ…. သို့ နှင့် တရားခွေထားရာ…. ဘုရားခန်းဖက်သို့ …. တစ်စုတစ်ပြုံလုံး ထွက်လာခဲ့ကြသည်…..
ဒေါ်မေကြည်လည်း တရားခွေးကို ရှာသည်…. ပရိတ်ကြီးခွေက ရှာမရ…..တော်တော်နှင့်ကို ရှာလို့ မတွေ့ ….. ကက်ဆက်စင်က ဖုန်အလိမ်းလိမ်းနှင့် ဖြစ်နေသည်…. သူမတို့ အိမ်တွင် သီချင်းနားထောင်သူက …. အောင်မိုးတစ်ယောက်လောက်ပဲဖြစ်သည်…ဒေါ်မေကြည်အောင်က သီချင်းလည်းမကြိုက်….သီချင်း ဖွင့်သံကြားလျှင်တောင် နားညီးတတ်သူဖြစ်သည်…… ထို့ ကြောင့်ပင်အောင်မိုး ကအိမ်မှာ တော်ရုံတန်ရုံ သီချင်းနားမထောင်ရ…… နားဆူသည်ဆိုသဖြင့် သူ့ ဝေါလ်ခ်မန်း … (walkman) လေးဖြင့်သာ နားကျပ်တပ်နားထောင်ရသည်….. ထို့ကြောင့်ပင်… ကက်ဆက်စင်က ဖုန်အလိမ်းလိမ်းဖြစ်နေခြင်းဖြစ်သည်…. ဘယ်သူမှ မထိတာ ပဲ အတော်ကြာပြီကော…..
တွေ့ပါပြီ…… တစ်ခွေးတည်းသော ပရိတ်တရားခွေ……. အတော်ကလေး ရှာယူလိုက်ရသည်…..

(ကဲမေကြည်… မြန်မြန်ဖွင့် ….. ဒါမှငါတို့ လည်း စိတ်အေးလက်အေးနေနိုင်မှာ )

သို့ နှင့် တရားခွေ.. ကို ကက်ဆက်ထဲထည့် ကာ…. ဖွင့်လိုက်သည်…. ကက်ဆက်က ဖွင့်မရ….. ပလေးနိုပ်လိုက်လျှင် အထဲက အခွေက မလည် ပဲ ခြောက်ကနဲ မည်ကာပြန်တက်လာသည်…..

(ဟဲ့ နင့်ကက်ဆက်က …ကောင်းရောကောင်းလို့ လား … )

(မသိဘူးလေ.ဟယ်…. ငါမဖွင့်တာတောင် တစ်နှစ်လောက်ရှိနေပြီ… ဟိုကောင်လေး အောင်မိုးပဲဖွင့်နေတာ …… )

(အာ… အမေကလည်း .. သားကို လာအပစ်တင်နေပြန်ပြီ…. သားမဖွင့်တာ ပဲ .. ကြာ ..ကြာလှပြီ…အမေ..နားညီတယ်ဆိုလို့ walkman နဲ့ ပဲနားထောင်နေတာလေ… )

ဒေါ်မော်မော်က..

(ကဲပါ .. ကက်ဆက်ပျက်နေတယ်ဆိုလည်း ထားလိုက်တော့ ….ဝေါလ်ခ်မန်း နဲ့ ပဲဖွင့် … သားဝေါလ်ခ်မန်းက စပီကာ အသေးလေးပါတယ်မဟုတ်လား … )

(မပါဘူးအန်တီရဲ့ …. သားဟာ က အဖေဟိုးတုန်းက ၀ယ်ထားပေးတာ အဟောင်းကလေး…… နားကျပ်နဲ့ ပဲနားထောင်လို့ ရတာ…. )

ဒေါ်မော်မော်.. အတော်စိတ်မောလူမောဖြစ်ရပြီ…… ဒီလိုတွေ တရားမဖွင့် ဘာမဖွင့် နေလို့ လည်း…. ဒီအိမ်ဒီလိုဖြစ်တာပဲဟုလည်း တွေးမိသည်….
ဒီကြားထဲ ဒေါ်မေကြည်အောင်က

(ဟဲ့ .. အဲဒီကက်ဆက်ကို ဖွင့်တာလေ… ငါ့တို့ အိမ်မှာလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်သုံးဆယ်လောက်က…. ဖွင့်ဖူးတယ်ဟ .. သိလား …. )

(တော်ပါတော့ မေကြည်ရယ်… ငါစိတ်မောလူမောရတဲ့ကြားထဲ…… ကဲကဲ …. ဒါဆိုလည်း ဘာမှမတတ်နိုင်တော့ဘူး…. နင်တို့ ငါ့အိမ်လိုက်အိပ်ဖို့ လည်း ငါမခေါ်ရဲဘူး…တော်ကြာ အိမ်မှာပါ မဟုတ်က ဟုတ်ကတွေဖြစ်ကုန်ရင် ဒုက္ခရောက်မှာ )

(အေးပါမော်မော်ရယ်…. ငါနားလည် ပါတယ်… ဘယ်တတ်နိုင်မလဲဟာ .. ဒီတစ်ညပဲကို …. နော်… မနက်ဖြန်ပဲ ဘုန်းဘုန်းပြန်ကြွလာပြီပဲ……ဒါမှ မဟုတ် နင့်အိမ်မှာ ထိုင်ကိုယ်တော တွေဘာတွေ မကြွဘူးလား … )

(ဟင့်အင်း)

(ကောင်းရော မေကြည်… နင်ဟာလေ… ဘာသာရေးလေးဘာလေးလည်း လုပ်ဟဲ့ကြားလား…နင်က ခေါင်းမာမာ နဲ့ တော့ ခက်တာပါပဲ….. အရင်ကတည်းက ဘုရားကို ရှိခိုးရင် သဒ္ဒါမှ ရှိခိုးမယ်တို့ …ဘုရားရှိခိုးပြီးဆုတောင်းတာ .. အကျိုးလိုလို့ ညောင်ရေလောင်းတာတို့ …. နင်ပဲပြောခဲ့တာလေ… ကဲ အခု တော့ ထိပြီမဟုတ်လား ….. .ပရိတ်ကြီး ကော ရလား… အလွတ်)

(ဟင့်အင်း…မရဘူး)

(အေးကောင်းတယ်… ငါ့မှာလည်း ပရိတ်ကြီး စာအုပ်မပါလာဘူး…. ပါလာလည်း …. ပရိတ်ဆိုတာ ဋ္ဌန် ကရုဏ်းကျကျ ရွတ်ပြီး ရွတ်တဲ့လူကလည်း သီလနဲ့ ပြည့်စုံမှ စွမ်းတာ ….. နင်က သီလနဲ့ ပြည်စုံမပြည့်စုံတော့ မသိဘူး ….ဘုရားရှိခိုးလေ့ ရှိခိုးထမရှိရင် ..ဋ္ဌာန်ကရုဏ်းက ဘယ်လို မှ ကျမှမဟုတ်ဘူး …… ဒီတော့ ….ဘယ်လို မှ အကျိုးမရှိဘူး …. ကဲ ညနေ ငါးနာရီလောက်အထိတော့ ငါနေမယ်…. ပြီးရင်တော့ ပြန်မယ် ဟယ်… နော်… နင့်အမတွေ ဘာတွေ ခေါ်အိပ်ပါလား …. )

(တော်ပါပြီဟယ်…. တစ်ညတည်းနဲ့တော ဘယ်သူ့ ကို မှ ဒုက္ခမပေးချင်တော့ ပါဘူး……. ငါအဆင်ပြေမှာပါ….. ဂုဏ်တော် ရွတ်နေမယ်လေ.. .နော်… )

(ကဲ ဒါဆိုလည်း အိပ်ခန်းထဲမှာပဲ အကုန်စုထိုင်ကြတာပေါ့ ….. တီဗီလေး ဘာလေးကြည့်ရင်း နေကြမယ်… လာလာ သားတို့ရော.. သမီးလေးရောလာ)

ဒေါ်မော်မော့်က ခေါ်ပြီး အားလုံးကို အိပ်ခန်းထဲ ထည့်ထားလိုက်သည်……
သူမတို့ ဘာမှမတတ်နိုင်သော အခြေသို့ ရောက်နေပြိ မဟုတ်လား …….. သူမကိုယ်တိုင်ပဲ ပရိတ်ကြီး ကို ရွတ်ပေးရတော့ ၏…….
ဒီတစ်ညတော့ ဘာမှ မဖြစ်တန်ကောင်းပါဘူး ဟုလည်း စိတ်ထဲမှတွေးနေမိသည်…… ဒေါ်မေကြည်အောင့်ကို လှမ်းကြည့်တော့ …. ကုတင်ပေါ်တွင် ခပ်ငေါင်ငေါင် ထိုင်နေသည်….
အောင်မိုးက တီဗီဖွင့်ကာ ရုပ်ရှင်ကြည့်နေပြီး .. ကုတင်ခြေရင်းတွင်တော့ …. ကလေးနှစ်ယောက် ကစားနေကြသည်………
သူမ သက်ပြင်းခက်လေးလေး တစ်ချက်မှုတ်ထုတ်လိုက်သည်…….
ပြီးမှ သတိရသည်…. ထမင်စားခန်းထဲမှ ပုလင်းကွဲများ သိမ်းရဥိးမည်ပဲ……
သို့ နှင့် ထမင်စားခန်းသို့ ထွက်လာပြီး ပုလင်းကွဲစများ လိုက်ကောက်….. တံမြက်စည်းနှင့် အမှန် အစများ အကျန်အောင်ထပ်လှဲလိုက်သည်…. ထို့ နောက်မှ… ခြေသုတ်ဝတ်ဖြင့် ရေများကို လိုက်သုတ်ရတော့သည်…. ပြိးမှ ခြေသုတ်ကို ယူကာ နောက်ဖေး မီးဖို ချောင်ထဲသို့ ၀င်ကာ ရေချိုးခန်းထဲသို့ ခပ်သွက်သွက်ပစ်ထည့်လိုက်ပြီးမီးဖို ချောင်မှ ပြန်ထွက်ခဲ့သည်…. မီးဖိုချောင်သို့ရောက်လျှင် .. စောစော ကဒေါ်မေကြည်အောင်တစ်ယောက် .. ဆံပင်ဖားလျားနှင့် ဆောင့်ကြောင့်ကြီးထိုင်နေပုံကို မျက်စိထဲမှ မထွက်ရွေ့ဖြစ်သည်… .. သို့ နှင့် ထမင်စားခန်းထဲသို့ အထွက် ….ရေခဲသေတ္တာဘက်သို့ အကြည့်က ရောက်သွားသည်….

(ဟင်)

ဒေါ်မော်မော် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားသည်..... သူမမျက်စိပင်သူမမယုံနိုင်….အကြောင်းကား…..

ရေခဲသေတ္တာကြီးက အဖုံး မှာ.. ပွင့်လျက်ကြိး…..ဖြစ်နေသောကြောင့်ပင်ဖြစ်သည်…့ပွင့်နေတာ မှ ဖားကြီးတစ်ကောင် ပါးစပ်ကြီးဟထားသလိုမျိုး အကျယ်ကြီးဖြစ်သည်…. . သူမသိသလောက် တစ်ချိန်လုံးသူမတို့ အတူတစ်ကွရှိနေခဲ့ကြသည်… ပဲ….ဘယ်သူမှ ဒီရေခဲသေတ္တာဘက်ကို မလာ … အိပ်ခန်းထဲမှာပဲ အားလုံးရှိနေကြသည်မဟုတ်လား …. … ဒါဆို ဒီရေခဲသေတ္တာကို ဘယ်သူဖွင့်သလဲ……… ဘယ်သူမှ မဖွင့်ပဲ ရေခဲသေတ္တာကြီးက အဖုံးပွင့်လျက်ကြီးဖြစ်နေသည်…… သူမ မနေသာတော့… ကြောက်တာတော့ ကြောက်တာပဲဖြစ်သည်….ရေခဲသေတ္တာကြီးကိုတော့ ဒီအတိုင်း ပွင့်လျက်ကြီး မထားခဲ့နိုင်… သို့ ကြောင့်ပင်.. ရေခဲသေတ္တာဘက်သို့ အဖုံးပြန်ပိတ်ရန်ခပ်သွက်သွက်လျှောက်လာလိုက်သည်… သူမရေခဲသေတ္တာနားရောက်ပြီးအဖုံးအား ပိတ်ရန် လက်လှမ်းလိုက်စဉ်မှာပင်……

ဖုန်း….

သူမ ကြက်သေသေ နေပြီ…. အကြောက်လွန်သွားတာလည်း ဖြစ်နိုင်သည်…..ရေခဲသေတ္တာ နားမှ ခြေလှမ်းကို ရွေ့ လို့မ၇တော့ …..အကြောင်းမှာ … သူမလက်နှင့် ထိတော င် မထိရသေးပဲ ..ရေခဲသေတ္တာတံခါးက အရှိန်ပြင်းပြင်းနှင့် စောင့်ပိတ်သွားသောကြောင့်ဖြစ်သည်….

ဂရုန်းရုန်း… ရုန်း …

ကနဲ လှုပ်သွားသည်ကိုလည်း တွေ့လိုက်ရလေသည်……မသိလျှင် ခွေးရူးတစ်ကောင် မာန်ဖိနေသလိုမျိုးဖြစ်နေသည်….

ဒေါ်မော်မော်… ဆက်ရပ်မနေရဲတော့….. အိပ်ခန်းထဲသို့ သာ …. ဒရောသော ပါးပြေးဝင်ရပါတော့ သည်…….

ဆက်ရန်...

No comments:

Post a Comment