Tuesday, July 31, 2012

ဘာကြောင့်ခုထိကြောက်နေသေးတာလဲ?



ဒီကနေ့ ညနေပဲ ကျွန်တော် တို့ မိသားစု ရခိုင်ပြည်နယ်မှ ဒုက္ခသည်များ အတွက် .. အလှူငွေနှင့် အ၀တ်အထည် များ စွာသွားလှူဖြစ်ခဲ့သည်….. တိုက်ဆိုင်ချင်တော့ … အလှူခံသည်.. လေးရပ်ဝတီငြိမ်းချမ်းရေးအဖွဲ့ ၏ အခြေစိုက်နေရာမှာ ရန်ကုန်လှိုင်မြို့နယ်… ဘူတာရုံလမ်းအတွင်းရှိ ဇေယျဝတီဘုန်းကြီးကျောင်းတွင်ဖြစ်သည်…. ထိုကျောင်းက ကျွန်တော့ အဖေ… ရှင်ပြုခံဖူးသည့် ကျောင်း.. ကျွန်တော့ အဖိုး သိပ်ဆောက်ခဲ့ပေးဖူးသည့်ကျောင်းဖြစ်နေသည်…. ဒီလိုနှင့် အလှူပစ္စည်းများပေးပြီးတော့ အဖေက …. အလှူခံသူအား…. 
 
(ဒီကျောင်းက ကျွန်တော်ငယ်ငယ်က ရှင်ပြုခံဖူးတဲ့ ကျောင်းပေါ့.. သိမ်လည်း အဖိုးပဲလှူခဲ့တာလေ… အခုကျောင်းထိုင်ဆရာတော်ကြီးက ကျွန်တော်တို့ တုန်းက ဆွမ်းစားကျောင်းဆရာတော်ပေါ့) ဟု ပြောပြနေပါသည်….. 
 
သို့ နှင့် ထိုကျောင်းအတွင်းမှ ကားမောင်းထွက်လာပြီး…. နောက်တွင်ထိုင်လိုက်လာသော အမေက စပြောပါတော့ သည်…..
 
(အဖေက ဘာကိတ်စ ကိုယ့်အကြောင်းတွေ လျှောက်ပြောနေတာတုန်း …. သိုသို သိပ်သိပ်လုပ်ပေါ့… ကိုယ်လှူစရာရှိတာ လှူ.. ပြီးရင်.. ပြီးပြီပေါ့… ဒီအစိုးရက ပြောလို့ ရတာမဟုတ်ဘူး…. အလှူခံဋ္ဌာနတွေကိုလိုက်ဖမ်းတာမျိုးလုပ်ရင်.. ကိုယ်ပါ ပါနေဦးမယ်…. )
 
ကျွန်တော် အတော်ကလေး စဉ်းစားရကျပ်သွားသည်….. အမေတို့ မျိုးဆက်မှာ… ဒါမျိုးအသားသေနေခဲ့ပြီလား…. ခုနက ကိတ်စက ဘာမှ ကြောက်စရာမကောင်း… ဘာမှလည်း ကြောက် စရာမလို သည် ကိတ်စ.. သို့ သော် အမေက ကြောက်နေခဲ့ ပြီ….. အကြောက်တရားက အမေကို ဖုန်းလွှမ်းစေခဲ့ပြီ…..
 
(အမေ… အခုပြောတဲ့ ထဲမှာ ဘာအမှားမှ မပါဘူးလေ…..ကိုယ် မှန်တာကိုလုပ်ပြီးပြီပဲ ဘာကို ကြောက်နေသေးတာလဲ…..မှန်တဲ့ အတိုင်းပြောရဲရမှာပေါ့) ဟု ပြောမိပါသည်……
 
အဓီက ပြောချင်သည်က တော့ ..ထို အကြောက်တရားကိတ်စ ပဲဖြစ်သည်….. ကျွန်တော်တို့ မြန်မာနိုင်ငံတွင် .. နှစ်ပေါင်းလေးဆယ်လောက် အကြောက်တရားနှင့် နေခဲ့ကြရသည်….ကြောက်လောက်အောင်… သွေးပျက်လောက်အောင်လည်း ကျွန်တော်တို့ ကို အုပ်ချုပ်ခဲ့ကြသည်….. မနေ့ကတင်… ဆရာဦးသူရ (ဇာဂနာ) ၏ ဖြူးမြို့နယ်မှ ဟောပြောပွဲအခွေကို ကြည့်ဖြစ်လိုက်သည်…. သူ့ကို ပထမဆုံး ဖမ်းသွားစဉ်က .. ဦးဇင်ဝိုင်းနှင့် သူ အားနိုပ်စက်ပုံများကို ပြောပြပါသည်…. အနာဟောင်းကို ပြန်ဆွတာ မဟုတ်… သူမမေ့နိုင်သည်များကို ပြောခြင်းဖြစ်ပါသည်….. သူတို့ ကြောက်ခဲ့ကြသည်.. သွေးပျက်ခဲ့ကြသည်….
ဒီတော့ ကျွန်တော် စဉ်းစားကြည့်ပါသည်… အမေတို့ စိတ်မှာ ဒါမျိုး အကြောက်တရားရှိနေသည် မှာ အပြစ်ဆိုစရာတော့ မရှိပါ…. သူမတို့ မျိုးဆက် က အသားသေခဲ့နေလေပြီ…..သူမသက်တမ်းတစ်လျှောက်လုံး ဒီအကြောက်တရားနှင့်နေခဲ့ကြသည်ကိုး…. သို့ သော်…တစ်ခုတော့ ပြောချင်သည်…. ကိုယ့် မျိုးဆက်မှာ အသားသေတိုင်း…. ကိုယ့် နောက်ပိုင်း မျိုးဆက်မှာ …. ဒီအကြောက်တရားကို လက်ဆင့်ကမ်းပေးခဲ့မိမည် ဆိုလျှင်တော့ အတော်ကို မှားယွင်းသော လုပ်ရပ်ပင်ဖြစ်လိမ့်မည် ထင်သည်…..ကျွန်တော်တို့ ကြောက်ခေတ်ကုန်ပြီဆိုတာကို အကောင်အထည်ဖော်ဖို့လိုပါပြီ….
 
ကျွန်တော် တို့ ဖယောင်းတိုင်ထွန်းသည့် ကိစ္စကို ကြည့် ကြပါစို့….. လျှပ်စစ်မီးမရရှိသောကြောင့် ဖယောင်းတိုင်များ ထွန်းကာ မြန်မာပြည် အနယ်နယ်အရပ်ရပ်တွင် ဆန်ဒထုတ်ဖော်ပြသခဲ့ကြသည်…. ထို အချိန်က အွန်လိုင်းပေါ်မှာရော….. လူ့ အဖွဲ့ အစည်း အတွင်း မှာပါ…. ကျွန်တော်တို့ ကြားခဲ့ရသော စကားများစွာရှိသည်….
 
(သမ္မတကြီးလည်း သိနေပြီပဲ…. စိတ်ညစ်သွားအောင် ထပ်မလုပ်ပါနဲ့ … တော်ကြာဒေါ်စုပါစိတ်ပျက်သွားဥိးမယ်… တော်သင့်နေပြီ ) ဆိုတာမျိုး
 
(အလကားအလုပ်မရှိအလုပ်ရှာ ဖယောင်းတိုင်ထွန်းနေတယ်.. အဲဒီ ဖယောင်းတိုင်ထွန်းတော့ မီးပြန်လာမှာ ကျနေတာပဲ) ဆိုတာမျိုး….
 
(ထပ်မလုပ်သင့်တော့ ဘူး… ထစ်ခနဲရှိ ဆန်ဒပြဖို့ ပဲ….တော်ကြာနောက်ကြောင်းပြန်လှည့်သွားရင် ဘယ်လိုလုပ်မလဲဆိုတာမျိုး…
 
(ကြည့်နေ ..ဘယ်တော့ အပြစ်ခံရမလဲမသိဘူး…. သေကြမှာပဲ)ဆိုတာမျိုးစသဖြင်
 
မျိုးစုံကြားနေခဲ့ရပါသည်…. သို့ သော်.. ဆန္ဒပြ ပြည်သူများ က တော့ ဘယ်သူတွေ ဘာပြောပြော ငါတို့ မှန်တာကို လုပ်တယ်….ဒီအတွက်…. ဘာကို မှကြောက်စရာမလိုဘူးဟူသော စိတ်ဓာတ်ဖြင့် … ကြိုးစား ဆန္ဒပြခဲ့ကြသည်….. ဒီအတွက် အကျိုးဆက်က … ဘာဖြစ်လာသနည်း….. တကယ်တန်ုး နှစ်ဆယ့်လေးနာရီ မီး ရန်ကုန်မှာ စရတော့ … ထို ပါးစပ်ပေါက်တွေ အကုန်ပိတ်သွားခဲ့သည်….. ဘာသံမျှမကြားရတော့ … စိုးရိမ်သလိုလို တားဆီးသံတွေလည်း မကြားရတော့ …ကျွန်တော်တို့ ကြောက်ခေတ်ကုန်ပြီဖြစ်ကြောင်းပထမဦးဆုံး သာဓကပင်ဖြစ်သည်….
ကျွန်တော် ထိုသာဓကကို ပေးခြင်းမှာ ဆန္ဒပြခြင်းကို အားပေးအားမြှောက်လုပ်သည် ဟု မထင်စေလိုပါ…. 
အဓိက ပြောခြင်းကတော့ ကြောက်ခေတ်ကို ကိုယ်တိုင်ပြန်မဆွဲမိဖို့ ဖြစ်သည်….. အစိုးရနောက်ကြောင်းလှည့်မည်ပြောပြီး ကိုယ်တိုင်းနောက်ကြောင်းပြန်လှည့်နေသည်ကို သင်သတိထားမိစေချင်ခြင်းဖြစ်သည်…… ယနေ့ ခေတ်သည် တရားဝင်ဆန္ဒထုတ်ဖော်ပြသခြင်းအား အစိုးရမှ နှစ်လိုအားရခွင့်မပြုသော်လည်း….. ယခင်ထက်တော့ အများကြီး လွတ်လပ်လာပြီဟုဆိုနိုင်ပါသည်… ထိုလွတ်လပ်မှုကို ကိုယ်အသုံးမချရဲတိုင်း…. သူများ တွေကို တားဆီးခြင်းသည်…. မိမိကိုယ်တိုင်နောက်ကြောင်းပြန်လှည့်နေခြင်းဖြစ်သည်…….သိုသော်နေရာတိုင်း ဆန္ဒထုတ်ဖော်ပြသနေစရာမလိုပါ….. ညှိုနှိုင်းလို့ ရသည့်ကိတ်စကို ညှိုနှိုင်းရမည်… ဆွေးနွေးလို့ ရသည်များ ကို ဆွေးနွေးကြရပါမည်….
 
ကဲ.. ကျွန်တော်တို့ ဘယ်သူတွေနှင့် ညှိုနှိုင်းမည်နည်း…. ကျွန်တော်တို့ ပထမဆုံး ညှိုနှိုင်းရမည်မှာ … မိမိ တို့ မဲဆန္ဒနယ်မှ ရွေးချယ်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် အမတ်များ နှင့်ဖြစ်သည်….
ဆရာမောင်သူရမေးသွားသော မေးခွန်းလေး သဘောကျပါသည်… ကျွန်တော်တို့ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အမတ်နှင့် ကျွန်တော်တို့ ပြည်သူများ စကားပြောဖူးပါရဲ့လား .. အမှန်အတိုင်းဝန်ခံပါသည်.. ကျွန်တော့် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်ဘယ်သူမှန်းတောင်ကျွန်တော်သေချာမသိပါ.. မြင်လည်း မမြင်ဖူးပါ…. ကျွန်တော် မဲလည်း တစ်ခါမျှမပေးဖူးပါ……. ၂၀၀၈ ပြည်သူ့ ဆန္ဒခံယူပွဲတုန်းကလည်း ကျွန်တော် သဘောင်္ပေါ်ရောက်နေရွေ့ မဲ မပေးခဲ့ရပါ… ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း…. သဘောင်္ပေါ်ရောက်နေပြန်သဖြင့် မဲမပေးဖြစ်ခဲ့ပါ…. ဒီကြားဖြတ်ရွေးကောက်ပွဲမှီသော်လည်း…. ကျွန်တော်တို့ မြို့နယ်မှ အမတ်လောင်း မပါရွှေ့ မဲ မပေးခဲ့ရပါ….. တကယ်ကို ကျွန်တော် မဲ မပေးဖူးပါ….. ဒီတော့ ကျွန်တော့ မဲဆန္ဒနယ်မှ အမတ်ကို မတွေ့ဖူးသည်မှာ မထူးဆန်းပါ….ဒါပေမင့် ကျွန်တော်တွေ့ဖူးအောင်.. စကားပြောဖူးအောင်တော့ကြိုးစားပါဥိးမည်… ကျွန်တော်တို့ မြို့နယ်အတွက်လိုအပ်သည်များကို .. ထို အမတ်လောင်းမှ တစ်ဆင့် တောင်းပါမည်…. ဆွေးနွေးပါမည်….. ညှိုနှိုင်းပါမည်… ဘာမှ အကြောင်းမထူး ဘူးဆိုမှ.. လမ်းပေါ်ထွက် ဆန္ဒပြတာ တစ်ကိစ္စဖြစ်သည်….
 
ဒီတော့ ကျွန်တော်တို့ အနေနှင့်… ကိုယ်မြို့နယ်မှ အမတ်နှင့်လည်း တွေ့ ဖူးအောင် မိမိလိုအပ်ချက်များ တောင်းဆိုဖူးအောင်တော့ တောင်းဆိုကြရမည်ဖြစ်သည်…… ထိုအမတ်မှလည်း… ကိုယ်ကို မဲပေးလိုက်သော ပြည်သူတွေ၏မျက်နှာကို နည်းနည်းတော့ ပြန်ကြည့်ဖို့ ကောင်းသည်….. ကျွန်တော်ပြောနေသည် မှာ အကုန်ပါသည်… ပါတီအကုန်ပါပါသည်…. အခုချိန်ထိ ဘယ်ပါတီကမှ…. ပြည်သူတွေကို မေးမြန်တာမျိုး.. ပြည်သူ့လိုအပ်ချက်ကို တွေ့ဆုံဆွေးနွေးတာမျိုး ကျွန်တော်မကြားမိသေးပါ… နှစ်နှစ်ရှိပါပြီ…ဒီတော့ … ဆရာမောင်သူရပြောသလိုပင်….. တောင်ကြီးက မိုဟာမက်ဆီ မလာလျှင်.. မိုဟာမက်က တောင်ကြီးဆီသွားရမည်သာ….. အစိုးရက ပြည်သူ့ အတွက်အလုပ်လုပ်ဖို့ မေ့နေလျှင် ပြည်သူက အစိုးရကို ပြန်သတိပေးရမည်…. တစ်ခုခုဖြစ်တိုင်းဝန်ကြီးအထိတက်တွေ့နေစရာမလို…. အမတ်တွေ ထားထား တာ အလကားမဟုတ်….. ထိုအမတ်များ သည်ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည်… ပြည်သူတင်မြောက်ခဲ့တာ ဖြစ်သည်…..သူတို့ ပြည်သူအတွက်အလုပ်ကို လုပ်ပေးရမည်… ဒါသည် မိမိတို့ ပြည်သူတိုင်း၏ရပိုင်ခွင့်ဖြစ်သည်……
ဒီအတွက်ဘာမှ ကြောက်နေစရာမလိုသည်ကို သိထားသင့်သည်…..
 
နောက်တစ်ချက်က နိုင်ငံရေးပြောလို့ ထောင်ကျသော ခေတ်… ဒီခေတ်ပျောက်ပြီဆိုတာ ကို ပြသရမည်… ထိုပြသရမည့် တာဝန်မှာ ပြည်သူတွေပဲဖြစ်သည်….. ယခင်ကလို လဘက်ရည်ဆိုင်မှာ နိုင်ငံရေးမပြောရဲ…. လူစုလူဝေးနဲ့ … နိုင်ငံရေးမဆွေးနွေးရဲတာတွေ ပျောက်သင့်ပြီဖြစ်သည်….. ဘာမှ မပြောပဲနေရင်ဘာမှဖမ်းမည်မဟုတ်…. ကိုယ်က ပြောရမည်.. ဒါမှ ဖမ်းမဖမ်းသိမည်… အခုတော့ ကျွန်တော်လဘက်ရည်ဆိုင်ရောက်တိုင်းနိုင်ငံရေးဝေဖန်မှုလုပ်ပါသည်… ပြောပါသည်.. ခုထိကို အဖမ်းမခံရသေးပါ…. နိုင်ငံရေးလုပ်လို့ ထောင်ကျသည့်ခေတ်ကုန်ပြီဆိုတာ ပြသကြရမည်..... ဒီအတွက်ကို လည်း ကြိုးစားကြရပါမည်….. ကျွန်တော်တို့ နောက်မျိုးဆက်ကြီးကို ဒီကြောက်စိတ်တွေ အမွေပေးခဲ့လို့ မဖြစ်…. သူတို့ ကလေးတွေ ကြောက်ခေတ်မှာ မွေးသူတွေ မဖြစ်စေရ… ဒါကို ပျောက်ကင်းသွားအောင်လုပ်ဖို့ က ကျွန်တော်တို့ တာဝန်ပဲဖြစ်သည်…..
 
လူကြီးများ အနေနှင့်ကလည်း ..ကြောက်စိတ်ကို လက်ဆင့်ကမ်းမပေးပါနှင့်… လူငယ်များ နိုင်ငံရေးလေ့လာလျှင်လေ့လာပါစေ….မှန်ရာကို မှန်သည့်အတိုင်းပြောရဲပါစေ…လူငယ်များသည်... အနာဂါတ်နိုင်ငံကို တည်ထောင်မည့် သူများ ဖြစ်သည်…. သူတို့ မှ မလေ့လာလျှင် ..တစ်ချိန်ခေါင်းဆောင်တွေ.. တကယ့် ပြည်သူ့ခေါင်းဆောင်တွေလိုသည့် အခါ…. ဘယ်သူတင်လို့ တင်ရမှန်းမသိပဲ…. ဘာမှန်းမသိတဲ့လူတွေနေရာဝင်ယူတာကို ထပ်ခံကြရဦးမည်…… ကျွန်တော်တို့ ကြောက်ခေတ်ကုန်သင့်နေပါပြီ….မှန်ရာကို မှန်သည့် အတိုင်းလေ့လာသင့်သည့် ခေတ်ကို ရောက်နေပါပြီ… ရောက်လည်း ရောက်သင့်နေပါပြီ….
 
နောက်တစ်ချက်.. လူကြီးများ ကိုထပ်ပြောချင်ပါသည်.. ကြောက်တတ်နေသေးသော လူကြီးများကို သာဆိုလိုပါသည်…. ကျွန်တော်တို့ သည်… အမှန်တရားအတွက် ..တတ်နိုင်သမျှ အသက်ရှင်ချင်ပါသည်… မိမိမှန်သည်ဟု ယုံကြည်သည်ကို ရဲဝံ့စွာပြောရဲသူများ အဖြစ်ရှင်သန်ချင်ပါသည်….. ကျွန်တော့ ညီငယ်များ ညီမငယ်များကိုလည်း … ထိုသို့ အမှန်တရားအတွက်ရဲဝံ့သူများ အဖြစ်သာ မွေးထုတ်ပေးစေချင်ပါသည်…. ကျွန်တော်တို့ အမှန်ကို အမှန်အတိုင်းပြောနေခြင်းအားမတားပါနှင့်… တစ်ချို့ကိတ်စတွေ မှန်တိုင်းမကောင်းဘူး ဆိုလျှင်… ထို မကောင်းသည်ကို သာခံလိုက်မည်… အမှန်တရားကို တော့ အသေဆုံးမခံနိုင်ပါ….. လူကြီးများ အနေနှင့်လည်း … အမှန်ကို ချစ်မြတ်နိုးပြီး… ထို အကြောက်တရားကင်းစင်သော.. မှန်ကန်သည့် လမ်းစဉ်တစ်ရပ်ကိုသာ…. လူငယ်များကို အမွေးပေးခဲ့စေချင်ပါသည်….
 
ဒီတော့ ကျွန်တော်တိုတိုပဲ အချုပ်ဆိုပါရစေ…..ကျွန်တော်တို့ ၏အနာဂါတ်လူငယ်များကို ဘာပြောပြောခေါင်းငြိမ့်ပြီး … ဘာအသိဥာဏ်ပညာမှ … ဘာဗဟုသုတမှ မရှိသော…. နလပိန်းတုံးလေး.. လူကြောက်ကလေးများ အဖြစ်ခံမလား…. မှန်ရာကို မှန်သည့် အတိုင်းရဲရဲဝံ့ ဆိုရဲပြောရဲ…. မိမိယုံကြည်ချက်ဖြင့် မိမိဘ၀ကို မောင်းနှင်ရဲသော လူငယ်များ….. အနာဂါတ်မှာ နိုင်ငံရေး စီးပွားရေး လူမှုရေး ဗဟုသုတပြည့်စုံပြီး…. ခေါင်းဆောင်သစ်များ အဖြစ်ရပ်တည်စေမလား…ရွေးချယ်ပါ……ကျွန်တော့ သိပ်လောကြီးနေတာလည်းဖြစ်ချင်ဖြစ်မည်… သို့သော် မလောလို့ မရသော ခေတ်မဟုတ်လား.. ကျွန်တော်တို့ နိုင်ငံက ..သူများထက်ကို ပိုလောရမည်.. ပိုသွက်ရမည်…. ဖြေးဖြေးမှန်မှန်ဆိုလျှင်… သူများနိုင်ငံတွေက ရပ်စောင့်နေမည်မဟုတ်ဟု ယူဆပါသည်.... ကြောက်နေကြရမည့် အချိန်မဟုတ်တော့ ဟု ထင်ပါသည်… မှန်ရာကို မှန်ရာအတိုင်းငြိမ်းချမ်း.. အေးဆေးစွာဆွေးနွေး ညှိုနှိုင်းသင့်သော ခေတ်ကို ရောက်နေပါပြီ….ဒီလိုရဲဝံ့စွာဆွေးနွေးရဲမှ… ပြောဆိုရဲမှ… မှားတာကို မှားတယ်.. မှန်တာကို မှန်တယ် ထောက်ပြရဲမှ… ကျွန်တော်တို့ နိုင်ငံတိုးတက်မှုကို အထောက်အကူဖြစ်လိမ့်မည်ဟုမြင်ပါသည်… ကျွန်တော် ဆိုလိုသည့် အထဲမှာ ပါတီအားလုံး လူပုဂ္ဂိုလ် အားလုံးပါပါသည်.. .ဘယ်သူမှ ပြည်စုံတယ်ဆိုတာ မရှိပါ… ဒီတော့ မှားရင်မှားတယ် မှန်လျှင်မှန်တယ်ဟု ထောက်ပြရဲပြောဆိုရဲကြရမည်သာ…..အမှန်အတိုင်းသာဖြစ်ဖို့ လိုပါသည်….. ဒါမှကို ကျွန်တော်တို့ လိုချင်သော ဒီမိုကရေစိစစ်မှန်သည့် နိုင်ငံတော်အုပ်ချုပ်မှုစနစ်တစ်ခုကို ရကြမည်ဖြစ်ပါသည်……
 
ဒီတော့ .. မသိလို့ ထပ်မေးပါရစေ… ဘာတွေကို ကြောက်နေသေးတာလဲ……?
 
By: လင်းလွန်းညို
06/23/2012 (16:41)


No comments:

Post a Comment