Tuesday, July 31, 2012

အံ့လည်းသြမိပါရဲ့ ဘလက်ကန်ယွန်......

ရန်ကုန်မှ လူငယ်များ လူလတ်များ ပါးစပ်ဖျားမှာ အတော်ရေပန်းစား သော စားသောက်ဆိုင်တစ်ဆိုင်ရှိပါသည်…. ထိုဆိုင်မှာ စားရသည်က ပဲ ဂုဏ်တစ်ခုလိုလို လုပ်ပြီးပြောတတ်သည်လည်းရှိသည်…ထိုဆိုင်ကလေးမှာ စားဖူးမှပဲ ခေတ်မီသလိုလို ပြောနေတတ်သည်လည်းကြားရ၏….. ခေတ်နောက်ကျလှသည့် ကျွန်တော်ကလည်း ထိုဆိုင်ကလေးတွင် .. တစ်ခါဆို တစ်ခါလေး မှ မထိုင်ဖူးပါ….. စားသောက်ဆိုင်တစ်ခုကို ဂုဏ်ရှိအောင် ၀င်စားရမည်ဆိုလျှင်တော့ ကျွန်တော်ဒီ တစ်သက် စားဖြစ်လိမ့် မည်မဟုတ်….. ကျွန်တော်လက်ခံသော စားသောက်ဆိုင်ဆိုသည်မှာ… အစားအသောက်ကောင်းရမည်… ဈေးလည်း သင့်တင့်ရမည်…. ဈေးကြီးခဲ့လျင်တောင် ပေးလိုက်ရသော ပိုက်ဆံနှင့် တန်သော အပြင်အဆင်… အေးချမ်းမှု … သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်မှု….. ပြေပြစ်သော .. ယဉ်ကျေးသော ၀န်ဆောင်မှုကို ရှိရပါမည်….. ဒါကို မှ စားသောက်ဆိုင်ဟု ကျွန်တော်က မြင်သည်….. ယခု ပြောမည့် ဆိုင်ကလေး မှာ …. အစစ အရာရာ မဆိုးဘူး ဟု ဆိုနိုင်ပါသည်…ဈေးကတော့ ကြီးသည်ပေါ့…..ထိုဆိုင်ကလေး ကိုသွားဖြစ်သည်ကလည်း…. ကိုယ်တိုင်ဝယ်စားဖြစ်ရွှေ့ မဟုတ်…. သူငယ်ချင်းတစ်ယောက် မွေးနေ့ ကြောင့် သာ ရောက်ဖြစ်ခဲ့ ကြခြင်းဖြစ်သည်…. ကျွန်တော်ရောက်ဖြစ်ခဲ့ သော ဆိုင်ကလေးမှာ…. Black Canyon (ဘလက်ကန်(န)ယွန်)ဖြစ်ပါသည်…..

ဆိုင်ကလေးက … ရန်ကုန် အင်တာနေရှင်နယ်ဟိုတယ်နှင့် ..ဆန်းမစ်ပတ်ဗျူး ဟိုတယ်နှစ်ခု ကြားတွင် ဆိုင်ခန်းငယ်ကလေး အဖြစ် တည်ရှိနေသည်….. ဆိုင် အနေအထားမှာလည်း အတော်လေး အေးအေး ချမ်းချမ်းရှိပြီး …. အဆင့်အတန်းလေးလည်း အတော်မြင့်သည်ဟု ဆိုနိုင်ပါသည်…. ဒါက အရှေ့ မြင်ကွင်းဖြစ်သည်.. အနောက်မှာ တော့ ဘယ်လို ချက်ပြုတ်တယ် ကျွန်တော် မမြင်ရွေ့ မပြောတတ်…. အားလုံး ခြုံငုံလိုက်လျှင် .. ဆိုင်ထဲကို ၀င်လိုက်သည် နှင့် အတော်ဈေးကြီး မယ့်ဆိုင် ပဲဆိုတာ ကို သိသာစေပါသည်……. ကဲ ထားတော့ ….. ကျွန်တော်တို့ သွား ကြသည် က အားလုံး ပေါင်း ရှစ်ယောက်ခန့် ရှိမည် ထင်သည်… အဖြစ် အပျက်က…. ၃ လခန့် ရှိပြီ ဖြစ်သဖြင့် သေချာ တော့ မမှတ် မိတော့….. ထား ပါလေ.. ရှစ်ယောက် သို့ မဟုတ် ကိုးယောက်ပေါ့.. ယောက်ကျား လေး မိန်းကလေး အစုံပါကြသည်….

မွေးနေ့ ရှင် အတွက် ဘတ်ဒေးကိတ်ဘာညာ ခွဲပေးကြသေးသည်.. မွေးနေ့ ရှင်က မိန်းကလေးဖြစ်သည်…. ဘတ်ဒေးကိတ်ခွဲပြီး ကြမှ…. မှာစရာရှိသည်များ မှာကြတော့ သည်… ယောက်ကျားလေး လေးယောက်ခန့် ပါသည်မို့ ဘီယာ လည်း မှာဖြစ်ကြသည်…..

အားလုံး ပျော်ပျော်ပါးပါးပဲ … စားသောက်ကြသည်….. အစစ အရာရာ အဆင်ပြေနေပါသေးသည်…. အဆင်မပြေသည့် ကိတ်စ က စားသောက်ပြီးလို့ ငွေရှင်းမှ ပဲ စတော့ သည်……

အားလုံး စားသောက်ပြီးနောက် ဘေလ် တောင်းလိုက်သည်….. အတော်ကလေးကြာမှ… ဘေလ်က ရောက်လာသည်… လာသည့် ဘေလ် က လက်ရေးနှင့်ရေးထားသော ဘေလ်ဖြစ်သည်…. စိတ်ထဲကတောင် နည်းနည်း ညစ်သွားသေးသည်… ၀ိုင်ကေကေအိုလို ဆိုင်မျိုးတောင်… ကွန်ပျူတာ ဘေလ်ထွက်နေပြီ.. ဒီဘလက်ကန်ယွန်လို ဆိုင်ကြီးက … လက်ရေးဘေလ်နဲ့ ဆိုတော့ သိပ်မနိပ်လှ….. ထားလိုက်ပါလေ…

ဘေလ်ကို ကြည့်နေသော မွေးနေ့ ရှင်သူငယ်ချင်းကို လှမ်းမေးလိုက်သည်..

(ဟဲ့ … ဘယ်လောက်ကျလဲ)

(တစ်သိန်းကျော်တယ်ဟ…များလိုက်တာ… ထားလိုက်ပါဟာ .. ရှင်းလိုက်တော့ မယ်)

ဟု ဆိုကာ ပိုက်ဆံရေနေတော့ သည်….

ကပ်စေးနည်းတတ်သည့် ကျွန်တော်က တော့ သိပ် မယုံချင်…. ကျွန်တော်တို့ ရှစ်ယောက်ခန့် ရှိသည်ဆိုသော်လည်း … စားသောက်ထားသည်က သိပ်မများ…. အလွန်ဆုံး ဟင်းပွဲ မှာထား သည်က သုံးလေးပွဲထဲ ဖြစ်သည်.. အကြော်အလှော် က နှစ်ပွဲလောက်…. ဘီယာက လည်း ခြောက်လုံးလားပဲ ရှိသည်… ဟင်းတစ်ပွဲ တစ်သောင်းပဲယူပါဦး….. ဟင်းခြောက်ပွဲ မှ ခြောက်သောင်း.. ဘီယာ ကို သုံးထောင်ပဲ ယူဦး … နှစ်သောင်း .. အလွန်ကျ မှ… ရှစ်သောင်းပေါ့… ဘယ့်နှယ့်…. တစ်သိန်းတစ်သောင်းကျော်နေရတာတုန်း….. တွေးကြည့်လို့ မရ… ဒါနဲ့ ပိုက်ဆံရှင်းနေတဲ့သူငယ်ချင်းကို လှမ်းတားလိုက်ပြီး.. ဘေလ်ကို တောင်းကြည့်လိုက်သည်….

တွေ့ ပါပြီ .. စတာထွက်ကတည်းက မှားနေသည်…. ဘီယာ… ခြောက်လုံးကို …. ဆယ့်လေးလုံး ဟု ရေးထားသည်… ဈေးနှင့် အရေအတွက်ကိုကတော့ သိပ်မမှတ်မိတော့ တာမို့ .. အကြမ်းလောက်ပဲ တွက်ပြပါမည်….ဆယ့်လေးလုံးကို … ၃၀၀၀ နဲ့ မြှောက်ထားသည်….. အဲဒီ မှာတင်ပိုက်ဆံက အတော်ဟနေပြီ…

(ဟာ.. ဟေ့.. ညီလေး.. ဒီမှာ ငါတို့ သောက်ထားတာ ဘီယာက ခြောက်လုံးတည်းလေကွာ…ဘယ်လိုလုပ်ဆယ်လုံး ကျော်နေတာလည်း .. ပြန်လည်း တွက်ကြည့်ဦး)

ဟုြေ့ပာလိုက်တော့….. ချာတိတ်က (ဟုတ်ကဲ့အကို ကျွန်တော်သွားမေးလိုက်ဦးမယ် ပြန်လာခဲ့ ပါမယ် ) ဟု ဆိုကာ နောက်ထဲသို့ ၀င်သွားသည်…. ခဏနေတော့ ပြန်ထွက်လာသည်…

(ဟုတ်ပါတယ် အကို စိတ်မရှိပါနဲ့…. ကျွန်တော်တို့ မှားတွက်မိတာပါ….. အခုပြင်လိုက်ပါပြီ ) ဟုဆိုကာ ဘေလ်ကို ပြန်လာပေးပြန်သည်…..

ကျွန်တော်က တစ်ခု မှားပြီးသားမို့ အောက်က မှာထားတာတွေပါလိုက်ဆစ်တော့သည်… အဲဒီ တော့ မှ ဘယ်က မမှာ ထားသည့် ဟင်းတွေ မှန်း မသိသည်များ ပါ ထွက်လာ သည်…. ၀က်လက်ချောင်း….. ချိစ် တူနာ ဆင်းဒ၀တ်ခ်ျ….. စသဖြင့် .. အအေးဆိုလည်း တစ်ခွက်မှာတာကို နှစ်ခွက်လုပ်ထားသည်…..

ကျွန်တော်တို့ လည်း သူကို တစ်ခါပြလိုက် အထဲ ၀င်သွားလိုက်….. ပြန်လာလိုက်စစ်လိုက်နှင့်…. အားလုံး တွက်လိုက်တော့ …ဘီယာ ရှစ်လုံး ဟင်း လေးပွဲ နှင့် အအေး သုံးခွက် ပိုနေသည်…. အမှန်တကယ် စားထားသည်များကို ရှင်းတော့ .. ခြောက်သောင်း ခုနစ်ထောင်ကျော်သာကျသည်.. ခုနစ်သောင်းပဲထား .. အစက ကျသည့် တစ်သိန်း တစ်သောင်းထဲ မှ နှုတ်လိုက်လျှင်… လေးသောင်းခန့် … သူတို့ စာရင်းလိမ်ထားသည်…..

ကျွန်တော် အတော်ဒေါသထွက်ပြီ… မန်နေဂျာကို တွေ့ ချင်ကြောင်းပြောပါသည်… ကောင်လေးက ခပ်တည်တည်ပဲဖြစ်သည်…. မန်နေဂျာက ညနေမှ လာတာဖြစ်ကြောင်း ပြောပါသည်….. မန်နေဂျာ မရလျှင်.. စောစော က ပိုက်ဆံတွက်တဲ့ လူကို တွေ့ ချင်သည် ပြောတော့… ဆိုင် အနောက်ကို ခေါ်သွားပါသည်….

ကက်ရှာ နောက်မှာ ထိုင်နေသူ အမျိုးသမီးက ခပ်မာမာပဲဖြစ်သည်…. ဆောရီး တစ်လုံးတည်းနှင့် ပြီးလိုက်သည်… မျက်နှာက….အလကားလာရှုပ်နေတယ်ဟူသော မျက်နှာပေးနှင့်ဖြစ်သည်….. သူတို့ ပေးသော ဆင်ခြေက ကက်ရှာတွင်လူသစ်ဝင်တာဖြစ်လို့ .. မှားတွက်တာ ပါဟုဆိုသည်….ဆောရီးပါဟု တောင်းပန်ပြီး ကိတ်စက ပြီးခဲ့ ရသည်….

အော် သူတို့ လူသစ်ဝင်တာလည်း နည်းနည်း နောနော အမှား မဟုတ်ဘူး… လေးသောင်းကျော်ကြီတောင်ပါလား ဟုတောင် တွေးလိုက်မိပါသေးသည်……

မှတ်သွားပါပြီ……. သူငယ်ချင်းတွေလည်း နောက်ဘလက်ကန်(န)ယွန်ကို ဘယ်တော့ မှ မထိုင်တော့ ကြောင်း သဘောတူညီမှုရကြသည်….. သူတို့ က ပိုစိတ်နာနိုင်သည်… အရင်ကလည်း ဘောက်ချာကို မကြည့် ပဲ ဒီ အတိုင်းရှင်းနေခဲ့ တာ… .ဘယ်လောက်တွေ ဘယ်လို ကွာနေပြီ မှန်း မမှတ်မိတော့……

ဘလက်ကန်(န)ယွန်ဖြစ်ပါသည်…. ကျေးဇူးပြုရွှေ့ အစားအသောက် စားပြီးလျှင် ဘေလ်ကို စစ်စေချင်ပါသည်…. ဒီလို ဆိုင်ကြီးတွေ က ပိုလုပ်တတ်သည် မဟုတ်လား….. ကျွန်တောက တော့ မှတ်သွားပါပြီ….. သူများ လိုက်ကျွေးသည်မှ လွဲရွှေ့ ဘယ်သော အခါမျှ ဘက်လက်ကန်(န)ယွန်ကို မထိုင်တော့ ပါ….. ကိုယ်ဟာကိုယ်စားပြီး ကိုယ်ဘေလ်ကို ပြန်တွက်နေရတာမို့ သိပ်မနိုပ်သောကြောင့်ဖြစ်ပါသည်….. စိတ်ပင်ပန်းရသောအလုပ်ကို မလုပ်ပါ.. ဂုဏ်မရှိချင်နေ.. ခေတ်မမှီချင်နေပါ…… ဘလက်ကန်(န)ယွန်ကို တော့ အတော်ကလေး လန့်သွားပါပြီ ခင်ဗျား………………………..

by: လင်းလွန်းညို

No comments:

Post a Comment