Tuesday, July 31, 2012

အကူအညီ


လူတစ်ယောက်ကို အကူအညီ မည်မျှထိ ပေးသင့်ပါသနည်း…. ကျွန်တော်က တော့ တတ်နိုင်သလောက်မိမိ အလုပ်လည်း မပျက်… သူလည်း အကျိုးရှိဆိုတာလောက်အထိပဲ ပေးဖူးပါသည်…. ကိုယ်ဖိ ရင်ဖိ ကိုယ်ကျိုးစွန့် ပြီး ပေးဖူးတာတော့ မရှိဘူးဟု ထင်ပါသည်…. ဟုတ်ပါပြီ.. နောက်တစ်ခုမေးစရာရှိပါသေးသည်… လူတစ်ယောက်ဆီက ကော ဘယ်လောက်အထိ အကူအညီတောင်းသင့်ပါသနည်း…. ကျွန်တော့်အနေနှင့်ကတော့ သူလည်း အကျိုးမယုတ်.. ကိုယ်လည်း အဆင်ပြေသော အကူအညီကိုပဲတောင်းပါမည်….ခုထိကျွန်တော် မရှင်းသေးသည့် အရာက ….မနေ့ညက အဖြစ်အပျက်ကို ဖြစ်သည်… ကျွန်တော် မှားခဲ့သလား မှန်ခဲ့သလား မစဉ်းစားတတ်အောင်ဖြစ်ရသည်…. ထိုအဖြစ်အပျက်ကို ပြောပြချင်ပါသည်…..



အချိန်က ညရှစ်နာရီခွဲခန့် ဖြစ်မည် ထင်ပါသည်… ကျွန်တော့်ကောင်မလေးအား… ရုံးမှ အပြန် အိမ်လိုက်ပိုအပြီး…ကျွန်တော်အိမ်သို့ ပြန်သော လမ်းတွင်ဖြစ်သည်… မိုးတွင်း မို့ မိုးကလည်း ခပ်ဖွဲဖွဲ ရွာနေသည်…. ရှစ်မိုင်မှတ်တိုင်မှနေရွေ့ အဓိပတိ အဖြူကို စီးရင်း ကျွန်တော်နေထိုင်ရာ ဆင်မလိုက် ဘက်သို့ ပြန်လာခဲ့သည်…မိုးနှင့်လေနှင့်မို့ ကားက တအိအိ နှင့်မောင်းလာရင်း…. ဘုရင့်နောင်လမ်းဆုံသို့ ရောက်လာသည်….. ဘုရင်နောင်လမ်းဆုံ မင်္ဂလာသန်းမြင့် မှတ်တိုင်မှာ လူစောင့်တင်သည်… ကျွန်တော်လည်း ပြတင်းပေါက်မှ နေရွေ့ အပြင်ကို ငေးနေမိသဖြင့် …. သူမည်သို့ မည့်ပုံတက်လာသနည်းကို သတိမထားမိပါ….အရက် ခပ်မူးမူးနှင့် အာလေးလျှာလေး စကားပြောသံကို ကြားမှ သတိထားမိခြင်းဖြစ်သည်…

(ဟေ့ယောင်.. မင်းတွားလို့ ရတယ်နော်… အေးအေး…သတိထားတွားပေါ့ကွာ… ညီလေး.. တူ့ကို..ဆူးလေးထိပို့ပေးလိုက်ပါကွာ)ဟု စပါယ်ယာကို မှာနေသည်….. သူ့ကို လိုက်ပို့ သော သူဖြစ်မည်ထင်ပါသည်.. အသက် လေးဆယ်ခန့် မုတ်ဆိတ် ပုသိုင်မွှေးများဖြင့် ညစ်တီးညစ်စုတ် ရုပ်ပဲဖြစ်သည်…သူ့ကို လှမ်းကြည့်တော့ ကျွန်တော့ နောက်ခုံတွင် မျက်နှာကို ရှုံမဲ့ရင်းထိုင်နေသည်… သူ့ပုံကြည့်တော့ လူငယ်ပဲဖြစ်သည်..သံသံမာမာ .. ဆံပင်ခပ်တိုတိုနှင့်…

သိပ်မကြာ ကားက စထွက်တော့ စပါယ်ယာလေးက ပိုက်ဆံကောက်ရင်း… (အစ်ကို ဘယ်လိုဖြစ်တာလဲ သွေးတွေထွက်နေပါလား…ပွန်းသွားတာ အတော်ကြီးတာပဲ) ဟု မေးပါသည်…. (ရတယ်.. ဘာမှ မဖြစ်ဘူး… ) ဟု ခပ်မာမာပြန်ဖြေရင်း.. ခြေထောက်ကို မကာ… လူမြင်အောင် အနာကို ပြနေသေးသည်….ကျွန်တော့် နောက်ခုံတွင် ထိုင်နေခြင်းကြောင့် အနာကို ကျွန်တော် အနီးကပ်မြင်ရပါသည်…. ဘယ်ဘက်ခြေမျက်စိအောက်မှ စရွေ့ ခြေသန်းနားအထိ… အရည်ပြားများ လန်ပြီး.. ပွန်းနေခြင်းဖြစ်သည်…. သွေးလည်း အနည်းငယ်ထွက်နေသည်…. အရမ်းကြီးကွဲပြဲနေတာမျိုးတော့ မဟုတ် … နာကောင်းလည်း အတော်နာနေပေလိမ့်မည်…..သူ့ဆီက အရက်နံ့ကလည်း တထောင်းထောင်းနှင့်မို့…. ကျွန်တော်လည်း ရှေ့ လှည့်ကာ ထိုင်မြဲအတိုင်းထိုင်နေလိုက်သည်… ခုလောလောဆယ်အထိ ကိုယ်လုပ်ပေးနိုင်တာဘာမှမရှိ….

မင်္ဂလာသန်းမြင်ကျော်ပြီးရှေ့ နှစ်မှတ်တိုင် သုံးမှတ်တိုင်မှာ လူ သိပ်မတက်သဖြင့်… စပါယ်ယာကလေးမှ သူအနားလာပြီ…

(အကိုအဆင်ပြေရဲ့ လား… တော်တော်နာနေသလား.. ဘယ်လိုဖြစ်တာလဲ အကို ရာ.. ကားပေါ်က ပြုတ်ကျတာလား…. ) ဟုလာမေးပေးပြန်သည်… ပိုက်ဆံအမ်းရင်းဖြစ်သည်….

(ပြုတ်ကျတာမဟုတ်ဘူး…ကားက မောင်းပြေးတာ… ကျွန်တော်ကလိုက်တယ် )

စသဖြင့် ဘာတွေ မှန်းမသိ ပြန်ရှင်းပြနေသည်…. ခုချိန်ထိကို သူဘာဖြစ်လာသလဲ မသိရသေး…. သူ့ပုံက မူးရူးနေတာတော့လည်း မဟုတ်… အရက်သမားစကားနှင့်ပြောရလျှင် ကောင်းနေပြီ ဆိုသော အခြေအနေဖြစ်သည်….လူရုပ်ကြည့်တော့လည်း ကောင်းကောင်းမွန်မွန်ပဲဖြစ်သည်….

ဒီလိုနှင့် သီရိမင်္ဂလာဈေးသစ်သို့ ရောက်လာသည်….လူအတော်များများ ကားပေါ်တက်လာကြသည်…. ဈေးတွင်တော့ ကားက ကြာကြာမရပ်…ဆက်ထွက်လာသည်….. ခဏကြာတော့ သူက စပါယ်ယာလေးကို လှမ်းအော်ပြီး မေးသည်…

(ဒီမှာ…. အဲဒီကားကို ပြန်ရှာလို့ ရလား… ?)

(ရတယ်အကို လိုင်းသာသိလိုက် နံပါတ်သာသိရင် အကို ဂိတ်မှာသွားရှာလို့ ရတယ်… အကို ကားနံပါတ်မှတ်မိလား….)

(မှတ်မိတယ်… လိုင်းမှာသွားတိုင်မယ်ကွာ… ဟင်း.. ငါက ကားနောက်ကိုပြေးလိုက်တာ… တွယ်ဖို့ ပြေးလိုက်တာ… လက်နဲ့ ပဲဆွဲရသေးတယ်… စပါယ်ယာက နေဦးလို့ ပြောတာကို ကားက မောင်းထွက်တာကွ…. ကားချင်းဖိုက်လာတော့ .. မောင်းထွက်ပြေးသွားတာ…တောက်…. အားကျွတ် ကျွတ်…)

ဟု အနာကို မကာ လူပရိသတ်မြင်အောင်ထပ်ပြပြန်သည်…ခုမှ ဇာတ်ရည်က လည်တော့သည်… သူမူးမူးနှင့် လိုင်းကားကို တွယ်စီးရန်နောက်က ပြေးအလိုက်… ကားကအထွက်… မှီရာတန်းလက်နဲ့အဆွဲ….. မှောက်ရက်သားလဲကျခြင်းဖြစ်သည်… ကားသမားအပြစ် က ခုနစ်ဆယ်ရာခိုင်နှုန်း…သူ့ အပြစ်က သုံးဆယ်ရာခိုင်နှုန်းခန့် ဖြစ်မည်…. ကားပေါ်မှလူများ ကလည်း သူ့ ကို သနားသဖြင့် ၀ိုင်းကြည့်ကြသည်… ကျွန်တော်အပါအ၀င်ဖြစ်သည်… အော် အတော်ဆိုးတဲ့ ကားပဲဟုပင်တွေးမိသေးသည်… ကျွန်တော့်ရှေ့ တွင် ထိုင်နေသော သီရိမင်္ဂလာဈေးမှ တက်လာသည့် မိန်းမကြီးကလည်း…

(ဟုတ်တယ်.. အဲ့လိုပဲ.. ကားတွေက ဖိုက်လာရင်တအားမောင်းတာ….လေယာဉ်မောင်းနေသလားမှတ်ရတယ်…. မလွယ်ဘူး…. )ဟု မှတ်ချက်ပေးသည်….. ဒါကို သူက

(ကြည့်နေ အစ်မ.. တစ်လိုင်းလုံး ပိတ်ရမယ်.. ဒီကောင်တွေ.. လိုင်းပါပိတ်ပစ်အောင်လုပ်မယ်.. ဟွန်း.. ငါ့ဘာများမှတ်နေလဲ မသိဘူး) ဟု ကြိမ်းဝါးပါသည်…

နည်းနည်းတော့ စိတ်ထဲ အဆင်မပြေဖြစ်သွားသည်…. ဒီလောက်ဖြစ်နေတာတောင် ငါငါ က တစ်ပြားမှ မလျှော့… လိုင်းတောင်ပိတ်ပစ်ဦးမည်တဲ့….ထားပါလေ.. ဒါက သူ့ အပိုင်းပဲဖြစ်သည်….

ခဏအကြာ.. စပါယ်ယာလေးက…

(အကို… ကျွန်တော့ မှာ အနာလိမ်းဆေးရှိတယ်.. လိမ်းမလား..) ဟု လာမေးသည်…

(အင်း… ) ဟုဆိုကာ သူက ခေါင်းငြိမ့်သည်…. စပါယ်ယာကလေးအနာလိမ်းဆေးဘူး သွားရှာပြီးပြန်လာသည်…… ထိုနောက်…

(ပေးပေးအကို ကျွန်တော်လိမ်းပေးမယ်… )

ဟုဆိုကာ.. သူ့ခြေထောက်ကို ကိုင်ရင်း.. သေသေချာချာ ဆေးလိမ်းပေးသည်

( ဒီဆေးက ကောင်းတယ်အကို ရဲ့… အနာ ဘာညာအတွက်က တော့ အတော်ကောင်းတာ …. သက်သာသွားမှာပါအကို.. ဆေးခန်းတစ်ခုခု အပြန်မှ ၀င်ပြလိုက်ပေါ့.. အကို က ဆူးလေဆင်းမှာမဟုတ်လား ) ဟု ဆေးလိမ်းရင်းပြောနေသည်….. ဆေးလိမ်းအပြီး စပါယ်ယာလေးက ဆေးဘူးယူကာထထွက်သွားသည်… သူကတော့ ခပ်တည်တည်ပဲဖြစ်သည်… ကျေးဇူးတင်ပါတယ်တောင် တစ်ခွန်းမပြော….. ကျွန်တော်ကတော့ သူ့ကို ကြည့် ရင်.. စိတ်ထဲ အတော်အဆင်မပြေဖြစ်လာသည်….ယောက်ကျားတစ်ယောက်အနေနှင့် တစ်စိမ်းယောက်ကျားတစ်ယောက် ခြေထောက်ကို ကိုင်ပြီး လူမြင်ကွင်းမှာ ဆေးလိမ်းပေးဖို့ ဆိုတာ … အတော်ကြီးစေတနာရှိမှဖြစ်ပေလိမ့်မည်… စပါယ်ယာကလေးသည်.. အတော်စေတနာပြည့်ဝသူသာဖြစ်သည်.. ဘာမှ မဟုတ်တောင် .. ဆေးအလိမ်းခံရသော သူ့ အနေဖြင့် .. ကျေးဇူးတင်ပါတယ်… ဟု တော့ ပြောသင့်သည်…. ခပ်တည်တည်ပဲ… သူအတော်နာနေသည်…. သူ့ကို လူတိုင်းဂရုစိုက်ကို စိုက်ရမည် ဟူသော မျက်နှာပေးနှင့် ဆက်ထိုင်နေလိုက်သေးသည်……

ခဏကြာတော့ .. လူတွေလည်း သူ့ကို မေ့မေ့ပျောက်ပျောက်ပဲဖြစ်လာသည်… ကားက လည်း .. ချောင်းဝမှတ်တိုင်နားရောက်နေပြီဖြစ်သည်… ထိုအချိန်တွင်

(ဟေ့ ဒိမှာ.. ကျွန်တော်က … သန်လျက်စွန်း စစ်တပ်ရိပ်သာထဲကို ပြန်မှာ ဗျ… ခင်ဗျား တို့ ပို့ ပေးလို့ရလား )

ဟု သူက စပါယ်ယာကလေးကို လှမ်းမေးသည်.....လက်စသတ်တော့ ဒင်းက စစ်တပ်ထဲမှဖြစ်သည်… ဒါကြောင့်ကို ဒီလောက်မျက်နှာမာ.. ဒီလောက် ကြိမ်းဝါးနေခြင်းဖြစ်သည်… အခုလည်း ကြည့် အကူအညီတောင်းတာတောင်…. ခပ်မာမာ ပဲဖြစ်သည်… သူ့ကို ပဲ ဒီလိုင်းကားကြီး တစ်စင်းလုံးက.. အစီအစဉ် အကုန်ဖျက်ပြီ….ဗိုလ်တထောင်… သန်လျက်စွန်းအထိ လိုက်ပို့ ပေးရဦးမည်…. အတော်လည်း တရားကျဖို့ ကောင်းသည့် စစ်သားပဲဖြစ်သည်…..နောက်ပြီး ဒီကားက သံလျက်စွန်းကို သွားသောကားလည်း မဟုတ်…. သူစစ်သားဖြစ်တာနဲ့ပဲ…. ဘတ်စ်ကားက.. သူ့ကို အိမ်တိုင်ယာရောက်လိုက်ပို့ ရဥိးမည်တဲ့… စပါယ်ယာကလေးက…

(မရဘူးလေ အကို.. ကျွန်တော်တို့ က လိုင်းပေါ်ပဲ ပြေးလို့ ရတာ အဲလို ထွက်ဆွဲလို့ မရဘူး)

(ကျွန်တော်က လမ်းမှ မလျှောက်နိုင်တော့တာ.. ဒါဆိုဘယ်လိုပြန်မလဲ)

ကဲ.. အတော်ကလေးကို အဆင်ပြေသော မေးခွန်းဖြစ်သည်… သူဘယ်လိုပြန်မလဲကို ကျွန်တော်တို့ ဘယ်လိုစီစဉ်ပေးရမည်နည်း….ကြာလေကြာလေ သနားစိတ်က ပျောက်ပျောက်လာလေဖြစ်သည်… သူ့ ခြေထောက်က ဒဏ်ရာမျက်နှာသာ မရှိလျှင်… ကျွန်တော်တစ်ခုခု ဘုပြောလိုက်မိပြီထင်သည်….ဒါနှင့်…

(ကဲ .. ကားပေါ်က ခရီးသည်ထဲက .. တစ်ယောက်လောက်ဗျာ.. ကျွန်တော် သံလျက်စွန်း ဗိုလ်တထောင်ကို ပြန်ချင်လို့.. ကျွန်တော့ကို တစ်ယောက်လောက်လိုက်ပို့နိုင်မလား?)

ဟု ကိုစစ်သားက ခပ်ကျယ်ကျယ်အော်မေးလိုက်သည်… ဘယ်သူက ပို့ နိုင်မည်နည်း အချိန်က ညကိုးနာရီလောက်ဖြစ်နေပြီ… ပြီးတော့ ရုံးဆင်းသူ… အလုပ်ဆင်းသူတွေ ဈေးအပြန်တွေကလည်း တစ်နေကုန်မောပန်းနေတာမို့ ဒီ အမူးသမားစစ်သားတစ်ယောက်ကို … ထမ်းပြီးပို့ ဖို့ ဆိုတာ ဘယ်သူက ပို့ ချင်မည်နည်း…ပြီးတော့ ကားက သန်လျက်စွန်းပြန်သော လမ်းကြောင်းကားမဟုတ်… ဒါကြောင့် သန်လျက်စွန်းတွင် နေထိုင်သူ ဒီကားပေါ်တွင် တစ်ယောက်မှ မပါနိုင်.. သံလျက်စွန်းနှင့် နီးနီးနားနား ဗိုလ်တထောင်နေသူတွေတောင်မပါနိုင်…. ကားက အဲဒီဘက်သွားတာမှ မဟုတ်ပဲ… သူ့ကို လိုက်ပို့ ပြီးကိုယ့်အိမ်ကို တစ်မျှော်တစ်ခေါ်ပြန်ရဥိးမည်.. ကားမရှိလျှင် တက်ကစီပါငှားရမည်.. သူက တက်ကစီခ ပေးမည်ဆိုတာ သေချာသလားလည်း မသိ…. အသွားကားခတောင်ရှိမည့်ပုံမပေါ်… ကားခသာရှိလျှင်.. ဒီ ဒဏ်ရာနှင့် .. သူ့ဟာသူ ကားငှား ပြန်ပြီပေါ့….….ထိုကြောင့် ဘယ်သူမှ အသံမထွက်.. ဒီအတိုင်းပဲထိုင်နေကြသည်… ကဲ . ကျွန်တော်က တော့ အားနေသူဖြစ်သည်.. အိမ်ပြန်လို့ လည်း … ဘာမှလုပ်စရာမရှိ….လက်ထဲတွင်လည်း ပိုက်ဆံ အနည်းငယ်ကျန်နေသေးသည်… အပြန်တက်ကစီက သူမပေးလည်း ကိုယ့်ဟာကိုယ်ပဲငှားစီးပြီး ပြန်လာတော့ မည် ကျွန်တော်ပဲပို့လိုက်တော့ မည် ဟု စိတ်ကူးလိုက်သည်.. ခဏနေလျှင် ကျွန်တော်နေသော သဘောင်္ကျဉ်းမှတ်တိုင်သို့ ရောက်မည်… ပြီးလျှင် အဲဒိမှ ဆင်းကာ… ကျွန်တော့ လမ်းထိပ်မှ စီးနေကျ ကားသမားတစ်ယောကို ခေါ်ပြီး ကားပေါ်တင်လို့ ရလျှင်လည်း တင်ပေးလိုက်မည်..ဒါဆို အပြန်ကားခသက်သာနိုင်သည် မဟုတ်လား… မရလျှင်လည်းလည်း ကျွန်တော်ကိုယ်တိုင် ပဲလိုက်ပို့ပြီး မှပြန်လာမည်…ကားခကတော့ ငါးထောင်လောက် (အသွားအပြန်) ကို ကုန်မည် ဟု စဉ်းစားမိသည်….အမြင်ကတ်တာတော့ ကတ်တာပဲဖြစ်သည်.. သို့ သော်သူက ဒဏ်ရာရနေသော သူမဟုတ်လား…..

(ကဲ.. ကျွန်တော်လိုက်ပို့ ပေးမယ်ဗျာ… ခင်ဗျား က သံလျှက်စွန်းကို မဟုတ်လား ရတယ်… ကျွန်တော်လိုက်ပို့ ပေးမယ်)

ဟု သူ့ကို ပြောလိုက်သည်… ဒါကို သူက

(ကောင်းပြီလေ.. ဟိုရောက်ရင်.. ကျွန်တော် ခြေထောက်ကျိုးလာတယ်ဆိုပြီး ခင်ဗျားက ပြောပေးပေါ့…)

ဟင်.. ဘယ်လိုတုန်းဟ.. သူ့လည်းလိုက်ပို့ရသေးသည်.. ကျွန်တော်က ချက်ချင်းမပြန်ရပဲ ဘယ်သူ့ကို သွားရှင်းပြရဦးမည်တုန်း…

(နေပါဦးဗျ.. ကျွန်တော်က ဘယ်သူကို ပြောပေးရမှာလဲ)

(အားလုံးကို ပေါ့… အားလုံးကို ရှင်းပြပေးရမှာ.. ဖြစ်တဲ့ အကြောင်းကို)

ကျွန်တော် သဘောတော့ အနည်းငယ်ပေါက်လာပြီဖြစ်သည်…. ဒင်းက တပ်ထဲမှ ထွက်လာပြီ … ပြန်ဝင်ရမည့် အချိန်မ၀င်ပဲ .. အရက်သောက်နေတာဖြစ်မည်… သောက်ချင်တိုင်းသောက်စားပြီးမှ… နောက်ကျသည်… ကို မတော်တဆဖြစ်သော… ခြေထောက်ဒါဏ်ရာကို အကြောင်းပြမည်.. ဒါကို လည်း ကျွန်တော်က …. ဘုမသိ ဘမသိ သက်သေလိုက်ပေးရဦးမည်… အော်… ဥာဏ်နီ ဥာဏ်နက် .. ဥာဏ်ကာလာစုံ အတော်ထွက်သော စစ်သားပါတကား….ဒါကြောင့် စောစောက… ဘတ်စ်ကားနှင့် တပ်ထဲကို ပြန်လိုက်ပို့ ခိုင်းခြင်းဖြစ်သည်….သူ့ဟာသူ အရက်သောက်ပျော်ပါးပြီးနောက်ကျသည်ကို….. ဘတ်စကား ကြီးတစ်စင်းလုံးဖြင့် သက်သေလိုက်စေချင်ခြင်းဖြစ်မည်… ကဲ ဘယ်လောက်ကောင်းလိုက်သနည်း…

ကဲ ထားပါလေ.. ဒါတွေက ကျွန်တော့ အတွေးတွေပဲဖြစ်ပါစေတော့.. ဖြစ်နိုင်သည်များ ကို တွေးမိခြင်းသာဖြစ်သည်…ဆုံးဖြတ်လိုက်ပါသည်.. ကျွန်တော်သူ့ကို လိုက်မပို့တော့ပါ.. တော်ကြာအိမ်ပါပြန်မရောက်လျှင်ခက်မည်.. စစ်တပ်ဆိုတာက သိသည့်  အတိုင်း .. ဘယ်သူ့ကို လိုက်ရှင်းပေးပါ.ဘယ်သူမလာသေးလို့ ရှင်းဖို့ ခဏစောင့်ပါ.. စသဖြင့် .. ကြာသွားလျှင်… တိုင်ပတ်သွားနိုင်သည်…. အမောင်စစ်သား အား ကျွန်တော် မကယ်နိုင်တော့ ပါ.. ကယ်ချင်စိတ်လည်း မရှိတော့ ပါ….

(အာ အဲဒီလိုတော့ ဖြစ်မှာ မဟုတ်ဘူး.. ကျွန်တော်ကခင်ဗျားကိုလိုက်ပို့ မယ်… ပြီးရင်ပြန်မယ်.. ဒါပဲ ရှင်းပြတာတော့ ကျွန်တော်မလုပ်နိုင်ဘူး )ဟုပဲပြောလိုက်ပါသည်….ဒါကို သူက.

(အော်.. ခင်ဗျားက ဒီလိုလား ဟင်းဟင်း) ဆိုတာ ကပါလိုက်သေးသည်..

(ရပါတယ်ဗျာ… ) ဆိုတာလို အသုံးအနှုန်းမျိုး… (ကျေးဇူးပဲဗျာ…. ) ဆိုတာလို အသုံးအနှုန်း မျိုး သူတို့ တပ်ထဲမှာ မသင်ပေးထားဘူးထင်သည်….

ကျွန်တော်ဆင်းရမည့် သဘောင်္ကျဉ်းမှတ်တိုင်ရောက်တော့ ဆင်းပြိး… အိမ်ဘက်သို့ လမ်းလျှောက်လာခဲ့လိုက်သည်…. လမ်းတွင်တွေးမိနေပါသည်….. ကျွန်တော် မှားခဲ့သလား မှန်ခဲ့သလား… ဒဏ်ရာရနေသော လူတစ်ယောက်ကို ဒီအတိုင်း ထားခဲ့တာ ကျွန်တော်မှားပါသလား….. ရှုပ်ရှုပ်ယှက်ယှက်တွေ ဖြစ်လာမှာကိုကြောက်တတ်တာကိုက ကျွန်တော့ အမှားဖြစ်မည်ထင်ပါသည်…. ယမန်နေ့ ညက . .ထိုစစ်သားအား ကျွန်တော် ဘာအကူအညီမှ မပေးဖြစ်ခဲ့ ပါ….. ဒါကို မှားသလား မှန်သလား ခုထိဝေခွဲမရဖြစ်နေပါသေးတော့ သည် ………….

by: လင်းလွန်းညို


No comments:

Post a Comment