Tuesday, July 31, 2012

နန်တောင်းထမင်း ခပ်ပြင်းပြင်း


နန်တောင်း ထမင်း ခပ်ပြင်းပြင်း






ကျွန်တော် ဒီတစ်ခါတော့ … ကျွန်တော်တို့ သဘောင်္သားများရဲ့လျို့ ၀ှက်ချက်တစ်ခု ကို ပြောပြမှာဖြစ်ပါတယ်…. ချစ်လှစွာသော ရောင်းရင်းသဘောင်္သားများ အားလုံးကို လည်း အားတော့ နာပါတယ်… ဒါပေမယ့် ပြောမှကို ဖြစ်မှာမို့ ပါ…. အကြောင်းအမျိုးမျိုးကြောင့်သဘောင်္သားကို အမြင်ကတ်နေသူများက လည်း အတော်သဘောကျမယ်ထင်ပါတယ်… (တောက်!... ဒါမျိုးမှပေါ့ကွ… ဒီတစ်ခါတော့ ဒီဘလော့ဂ်ကို ဖတ့်ရတာ အတော်တန်သွားပြီ )လို့တွေးကြမလားပါပဲ…. ကဲ ပြောပါတော့မယ်…..

ကျွန်တော်တို့ သဘောင်္သားအတော်များများ ပြောနေကျ စကားတွေရှိပါတယ်…

(ဟေ့ကောင်.. သဘောင်္သားကွ.. ဘာမှတ်နေလဲ .. ကမ္ဘာပတ်လာတာကွ… ဟင်းဟင်း ) ဆိုတာမျိုး…

(ကမ်းကုန်လို့ ရေထဲဆင်းလာတာကွ ရှင်းလား ဒီလို လူလည်ကျလို့ မရဘူး ဟားဟား ) ဆိုတာမျိုး

(နိုင်ငံစုံအောင်လှည့်လာတာကွ… ဒီမှာကြည့် … အံတိုနေပြီ တွေ့လား ) ဆိုတာမျိုး…

စသဖြင့်ပေါ့လေ…. မိတ်ဆွေတို့ အတော်များများ ကြားဖူးကြလိမ့်မယ်ထင်ပါတယ်…. ဒီစကားတွေ အားလုံးဟာ တစ်ဝက်မှန်ပြီး တစ်ဝက်ကတော့မှားနေပါတယ်….. ဥပမာပေါ့ဗျာ…

ကမ်းကုန်လို့ ရေထဲဆင်းတယ်ဆိုတဲ့ စကားမှာ… ရေထဲဆင်းလာတာတော့ မှန်ပါတယ်… ဒါပေမယ့် ကျွန်တော်တို့ ကမ်းမကုန်သေးပါဘူး…. ပြောရမယ်ဆိုရင်.. ကျွန်တော်တို့ သဘောင်္သားတွေဟာ .. ကမ္ဘာပတ်ပြီး အညာခံနေရတာပါ….. သိပ်လည်လှတယ်တော့ မဟုတ်ပါဘူး…..တစ်ခြားနိုင်ငံတွေကျတော့လည်း .. ကိုယ်မြို့ကိုယ်ရွာ မဟုတ်လို့….ဘာသာစကားချင်းမတူလို့ စတာတွေကြောင့် အလိမ်ခံရပါတယ်… ကိုယ့်မြေကိုယ့်ရေပြန်ရောက်တော့ လည်း … အညာခံရတာပါပဲ… နှစ်နဲ့ချီပြီးဝေးသွားတဲ့ နေရာမို့… ဘာတွေပြောင်းလဲလို့ ပြောင်းလဲနေမှန်းတောင်မသိပါဘူး… ဘယ်လိုလိမ်နည်းအသစ်တွေပေါ်လို့ ပေါ်နေမှန်းလည်းမသိပါဘူး…. ဒါကြောင့် သဘောင်္သားအတော်များများ (အားလုံးတော့ မဆိုလိုပါ… ဟဲဟဲ) ဟာ ကမ္ဘာပေါ်မှာ အကြိမ်ရေအများဆုံး အလိမ်ခံရတဲ့ လူတန်းစားအဖြစ်ရပ်တည်နေရရှာပါတယ်….အဲ… သဘောင်္သားတွေ မှာနောက်ထပ်ရယ်စရာကောင်းတဲ့ အချက်တစ်ချက်လည်း ရှိပါသေးတယ်… ဒါကတော့ ကိုယ်အလိမ်ခံရတာကို သဘောင်္သားကြီးဖြစ်နေလျက်နေအလိမ်ခံရသလား ဆိုပြီး အထင်မခံနိုင်တာပါပဲ…. အပြောမခံနိုင်တာပါပဲ…. ဒီတော့ သဘောင်္သားတွေ ထိမိတဲ့ ကိစ္စတော်တော်များများ ကို အပြင်လူတွေ သိဖို့ ခဲယဉ်းပါတယ်… သဘောင်္သားအချင်းချင်းတောင် သိနိုင်ဖို့ ခဲယဉ်းပါတယ်…. အရက်မူးမှပဲ ကျွဲခိုးက ပေါ်ကြတာ မဟုတ်လား…

ကဲ… ဒီတော့ ကျွန်တော်က သစ္စာဖောက်လုပ်ပြီး.. အရက် မမူးပဲကျွဲခိုးတာတွေ အကုန်ဖော်ပါတော့ မယ်….

ကျွန်တော် သဘောင်္သား ဖြစ်ပြိးနောက်ပထမဆုံးစအလိမ်ခံရတာကတော့ .. ပထမဆုံးသဘောင်္ပေါ်တက်ပြီး လေးလမပြည့်ခင်လေးမှာပဲဖြစ်ပါတယ်….. ကျွန်တော်ကို ကြီးကြီးကျယ်ကျယ်သမလိုက်သူက .. ကျွန်တော်တို့ ရဲ့ အချစ်တော် ပေါက်ဖော်ကြီးပဲဖြစ်ပါတယ်… တရုတ်က.. နိုင်ငံလိုက်ရရင် နိုင်ငံလိုက်သမတယ်… လူတစ်ယောက်ချင်းရရင် ..တစ်ယောက်ချင်းသမတာခင်ဗျ…. ဖြစ်ပုံက ဒီလိုဗျ

ကျွန်တော် သဘောင်္ပေါ်ရောက်ပြီး သုံးလကျော်ကျော်လောက်မှာ…. ကျွန်တော်တို့ သဘောင်္က အမေရိကားက နေ.. တရုတ်ပြည်ကို ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီး တစ်လကျော်မောင်းနှင်လာခဲ့ပါတယ်… တရုတ်ကို ပထမဆုံးဝင်မယ့် PORT က ဇန်ကျန်းဂန် မြို့ .. ဖြစ်ပါတယ်… ဒီပို့ မှာ ကမ်းဆင်းလို့ ရတယ်ဆိုတာ သိကတည်းက … လူက မရိုးမရွဖြစ်နေပါပြီ…. အမေရိကားမှာတုန်းက လည်းတစ်လလုံးလုံး VISA မရှိလို့ ကမ်းက မဆင်းခဲ့ရ.. အမေရိကားက ထွက်တော့ လည်း…ပင်လယ်ထဲမှာ ချည်းပဲရက်ပေါင်းသုံးဆယ်.. တစ်နေ့လာလည်း ရေ.. နောက်တစ်နေ့ လာလည်း ရေ ဖြစ်နေတာ မို့ .. ကုန်းမြေကို မြင်ရတာနဲ့ တင်… အမှန်အတိုင်း ၀န်ခံရလျှင်…. ကမ်းဆင်းချင်တာ အတော်ကို နန့် နန့်ု တက်နေတာပါပဲ….

ဒါပေမယ့် ကံဆိုးစွာ ပဲ…. ကျွန်တော်တို့ ဇန်ကျန်းဂန်မှာ ချရမယ့် CARGO က.. နာရီပိုင်းပဲကြာမှာမို့ ရယ်… နောက်ပြီးတစ်လလုံးလုံးမောင်းလာတဲ့ အင်ဂျင်ကို လည်း ကြံ့ခိုင်ရေးလေးလုပ်.. ကျန်းမာရေးလေးလည်း စစ်ချင်တယ် ဆိုတာနဲ့… ကျွန်တော်တို့ အားလုံး ကမ်းဆင်းခွင့် မရခဲ့ပါဘူး…. စောစောက နန့်နန့် တက်နေတဲ့ ကျွန်တော်.. ဒီသတင်းကြားလိုက်တာ နဲ့ ရေနစ်အီကြာကွေးလိုဖြစ်သွားတော့ တာပါပဲ…. အလုပ်လုပ်ရတာတောင်စိတ်က မပါတော့ပါဘူး….

အဲ… အဲဒိမှာ CARGO ချပြီး .. နောက်တစ်ပို့ ဖြစ်တဲ့ နန်တောင်းကို… နာရီပိုင်းလောက်ပဲမောင်းရပါတယ်…. နန်တောင်းမှာတော့ ချရမယ့် CARGO က အတော်များတာ မို့ တစ်ရက်ခွဲလောက်နေရမယ် လို့ ဆိုပါတယ်…

ဒါကြောင့် ကျွန်တော်လည်း နန်တောင်းရောက်ရင် ဆင်းဖြစ်အောင် ဆင်းမယ်လို့ အားခဲထားလိုက်ရတယ်….

သဘောင်္က နေ့ လည်လောက်က ထွက်လာတာမို့ … နန်တောင်းကိုညနေပိုင်း လောက်မှာဝင်ပါတယ်… ကမ်းဆင်းဖို့ လည်း ကျွန်တော် အ၀တ်အစားလဲပြီးနေပါပြီ….. တစ်ယောက် နှစ်ယောက်တည်းတော့ မဆင်းရဲပါဘူး… ဒါဟာ တရုတ်မှာ ပထမဆံုးကမ်းဆင်းတာဖြစ်တာမို့ .. ဘာမှန်းညာမှန်းမသိပဲ ဖြစ်နေမှာ အလိမ်ခံရမှာဆိုးတာကြောင့်… လူများများ စုလိုက်ပါတယ်… လူလည်း အတော်များများ ဆင်းကြပါတယ်.. ကမ်းမဆင်းကြရတာ ကြာပြီမဟုတ်လား .. အင်ဂျင်ခန်းက တစ်ခန်းလုံး နီးပါးပါပါတယ်.. စက်ချုပ် … ဆီလောင်းတစ်ယောက် …ဒုတိယအင်ဂျင်နီယာနဲ့… ကပ်စေးနဲတဲ့ ဖစ်တာကြီးလောက်ပဲကျန်ခဲ့တာပါ….စက်ချုပ်…. ဒုတိယအင်ဂျင်နီယာနဲ့ ဆီလောင်းကတော့ သဘောင်္ပေါ်မှာ .. အင်ဂျင်ခန်းအတွက်နေခဲ့ရတာပါ….

ကဲ… ကျွန်တော်တို့ ကမ်းဆင်းပါပြီ… ဆိပ်ကမ်းက ထွက်တာနဲ့တင်…ထိပ်မှာ TAXI တွေ အစိအရီ ရပ်ထားပါတယ်.. မြို့ထဲသွား.. ရှောပင်းမောပို့ … ဆီးမန်းကလပ်ပို့ .. ထမင်းစားစောင့်…ပြီးရင် ပြန်အရောက်ထိကို ဒေါ်လာ သုံးဆယ်ပါ… အိုကေ… ကျွန်တော်တို့ ကားနှစ်စင်းငှားပြီး သွားကြပါတယ်… ပထမဆုံး ရှောပင်းမောကို ၀င်ပါတယ်… ကားသမားတွေက ရှောပင်းမောမှာ စားသောက်စရာက လွဲပြီး ဘာမှ မ၀ယ်ဖို့ …. ဒီမှာဈေးကြီးကြောင်း.. သူတို့ ပို့ ပေးမယ့် ဆီးမန်းရှော့ပ်ရောက်မှ ၀ယ်သင့်ကြောင်းပြောတယ်… ဒါပေမယ့် .. ဘယ်ရမလဲလေ.. ကိုယ်တွေက သဘောင်္သားပဲ… သူတို့ ပြောသမျှကို လက်မခံ… တယ်လီဖုန်း ဟန်းဆက်တွေ ၀ယ်ချင်သူတွေက လည်း အတော်များတာမို့… ဖုန်းရောင်းတဲ့ကောင်တာဘက်ကို ရောက်လာပါတယ်… ကောင်တာက အရောင်းဝန်ထမ်းတရုတ်ကလေးကို … ဘယ်ဖုန်းက ဘယ်လောက်ဆိုတာတွေ မေးတယ်… ခက်တာက.. တရုတ် ပြည်မှာ .. အဲဒိ TAXI သမားတွေလောက်က လွဲလို့ ENGLISH လိုပြောတတ်သူတွေ အတော်ရှားပါတယ်… ကျွန်တော်က TAXI သမားကို ဒါဘယ်လောက်လဲလို့ မေးပေးဖို့ ပြောရင်.. သူက အရောင်းဝန်ထမ်းကို ဘာတွေ မှန်းမသိ စကားတွေ အတော်များများ ပြောပါတယ်… စိတ်ထင်တော့…. သူတို့ကို မရောင်းနဲ့…. ငါတို့ အချဉ်မလာတာ….. ငါတို့ ဆိုင်မှာပဲ ခေါ်ရောင်းမယ် ဆိုတာမျိုးပြောသလားမသိပါဘူး… ဟိုက အရောင်းစာရေးချာတိတ်က .. ဒါမကောင်းကြောင်း .. တ၇ုတ်ပြည်မှာပဲဆက်လို့ရကြောင်း စသဖြင့် ဈေးကို မဖြေပဲ ခြေဟန်လက်ဟန်နဲ့ ပြန်ဖြေပါတယ်…. ဒါနဲ့ ပဲ နောက်ဆုံးတော့ .. သူတို့ ခေါ်ဆောင်ရာ ဆီးမန်းအရောင်းဆိုင်ကို ပဲလိုက်ခဲ့ကြရတယ်… ဆိုင်ထဲမှာတော့ တရုတ်ပြည်က ထုတ်သမျှ .. ဖုန်းအတုပေါင်း သောင်းခြောက်ထောင်ကို ထုတ်ပြပါတော့ တယ်… NOKIA N SEREIS 95 ထွက်ပြီးစ… NOKIA ရဲ့ OFFICIAL WEBSITE မှာတောင်… N 97ကို COMING SOON လို့ ဆိုထားချိန်မှာ…. တရုတ်ကတော့ N 102 ကို ထုတ်လိုက်ပါပြီ…. ကျွန်တော် အတော်စိတ်ညစ်သွားတယ်.. ဒါနဲ့ ဘာဟန်းဆက်မှ မ၀ယ်ပဲ လျှောက်ပဲကြည့်နေလိုက်ပါတယ်

အဲဒီအချိန်မှာပဲ.. ဆိုင်ထဲကို လှတပတကောင်မလေးနှစ်ယောက်ဝင်လာတယ်…အဲ…. ကမ်းဆင်းလာတဲ့ အထဲမှာ လူငယ်ဆိုလို့ လေးယောက်ပဲပါတာပါ…ENGINE CADETဖြစ်တဲ့ ကျွန်တော်နဲ့… ကောင်းစည်သူဆိုတဲ့ နောက်တစ်ယောက်ရယ်… နောက်ပြီး DECK CADET ရယ်… တတိယအင်ဂျင်နီယာရယ်… လေးယောက်ပါ… အားလုံး မျက်စိက အဲဒီချာတိတ်မနှစ်ယောက်ဆီရောက်နေပါပြီ…. သြော် .. မိန်းမမမြင်ရတာ .. နှစ်လကျော်သုံးလရှိပြီ မဟုတ်လား…. ဒါနဲ့အကင်းပါးတဲ့ TAXI သမားက … မင်းတို့ သဘောကျလား တဲ့… ဘယ်ပြောကောင်းမလဲ… DECK CADET ဆိုတာ ခေါင်းငြိမ့်ပြတာ မှ ဇက်ပြုတ်မတက်ပဲ… TAXI သမားက သူတို့က ဟို ဘက်ထမင်းဆိုင်မှ ဖြစ်ကြောင်း ဘီယာအတူသောက်လို့ရကြောင်းပြောပါတယ်… ဒါနဲ့ … မဟုတ်တာလုပ်တာမှ မဟုတ်ပဲလေ.. ဘီယာသောက်တာလောက်တော့ ..ဖြစ်ပါတယ်ပေါ့…. ပြီးတော့ ညနေစာထမင်းကလည်း မစားရသေးတော့ .. အဲဒီမှာပဲ တခါတည်းဘီယာသောက်ထမင်းစားတော့ မယ်လို့ ဆုံးဖြတ်လိုက်တယ်…ဘီယာသောက်ထမင်းစားရင် ဘယ်လောက်ကျနိုင်သလဲ လို့ မေးလိုက်သေးတယ်… ကားသမားက… သုံးယောက်မှ ဘယ်လောက်မှ မကျကြောင်း .. .VERY SAMLL MONEY ဖြစ်ကြောင်း… သက်သာကြောင်း ရွှန်းရွှန်းဝေအောင်ပြောပါတယ်…ကျွန်တော့ အိတ်ထဲမှာ ပိုက်ဆံ ခြောက်ဆယ်လောက်တော့ ပါတာကိုး.. စားတာသောက်တာ ကားခတော့ လောက်လောက်တယ်ပေါ့လေ.. ဒိလိုတွက်လိုက်ပါတယ် အဲ… ကျန်တဲ့ လူကြီးတွေနဲ့ တတိယ အင်ဂျင်နီယာကတော့ … မလိုက်တော့ ကြောင်း… ကားသမား ပြောတဲ့ အကင်ဆိုင်မှာပဲ ထမင်စားချင်ကြောင်း ပြောပါတယ်…. ဒါဆို ကျွန်တော်တို့ အငယ်သုံးယောက်ပဲပေါ့… CADET သုံးယောက်ပဲပေါ့… ဒါနဲ့ အချင်းချင်း မျက်စပြစ်ပြီးမေးကြတယ်.. ကျန်နှစ်ယောက်ကလည်း အိုကေတယ်လေ…. အဲဒီနှစ်ယောက်ထဲမှာ တစ်ယောက်က သဘောင်္ တစ်ခေါက်လိုက်ဖူးပြီးသား….အတွေ့အကြုံ ရှိမယ်လို့ ယုံလိုက်မိတယ်… ဒီတော့ .. ကျွန်တော်တို့ သုံးယောက်က .. အဲဒီကောင်မလေးတွေရှိရာ.. ဘီယာဆိုင်မှာ သောက်စားပြီးမှ.. ကားတစ်စီးနဲ့ ပြန်လာမယ်…. ကျန်တဲ့ လူကြီးတွေကတော့ ကားတစ်စီးနဲ့ ပြန်နှင့်ပေါ့… ဒီလို စီစဉ်လိုက်ကြပါတယ်….. ပထမအင်ဂျင်နီယာကတော့ သေချာမှာပါသေးတယ်.. ဘာစားစားဈေးမေးပြီးမှ စားဖို့ အကြောင်း…..တရုတ်က ဆော်တတ်တယ် ဆိုတဲ့ အကြောင်းပြောပါတယ်… ဒါပေမယ့် ဘာတွေဘယ်လို သတိပေးပေး အဲဒီ အချိန်က မွှန်နေပြီလေ…. ဘိုက်ဆာလို့ မွှန်တာ တစ်မျိုး… ကောင်မလေးတွေ နဲ့ ဘီယာသောက်ဖို့ မွှန်တာ က တစ်မျိုးပေါ့…နောက်တစ်ချက်က .. ကျွန်တော်တို့ ကို အငယ်တွေဆိုပြီး အထင်သေးနေတာကို မခံချင်တာလည်း ပါတာပေါ့လေ….

ကျွန်တော်တို့ သုံးယောက်သား… တစ်ဘက် ထမင်းဆိုင်ဘက်ကို လျှောက်လာကြတယ်… ထမင်းဆိုင်က မဆိုး ပါဘူး အသင့် အတင့် အဆင်ပြေပါတယ်… ကားသမားကို စားဖို့ ခေါ်တော့ မစားတော့ကြောင်း…. ဘေးမှာပဲလိုက်ထိုင်တော့ မည့် အကြောင်းပြန်ပြောတယ်…. ထမင်းဟင်းကို MENU ကြည့် ပြီးမှာကြပါတယ်… အချင်းချင်းတော့ ဘီယာ သိပ်မသောက်ဖို့ ပြောထားတယ်.. တော်ကြာ ဘီယာက အရမ်းဈေးကြီးနေမှာကြောက်လို့ ပါ…. ဒါနဲ့ ထမင်းဟင်းတွေ စမှာတယ်.. အားလုံးက ဘေးမှာ… ဈေးရေးထားတယ်.. ဒါပေမယ့် တရုတ်လို ရေးထားတာ မို့ … ဘာတွေ ရေးထားမှန်းမသိပါဘူး… အင်းလေ.. တစ်ပွဲကို ဒေါ်လာ နှစ်ဆယ်တော့ မပေးရလောက်ပါဘူး လို့ တွက်ပြီး .. .ဟင်း သုံးလေးပွဲနဲ့ ဘီယာ နှစ်လုံးမှာလိုက်ပါတယ်… ကျွန်တော်တို့ ထဲ က တစ်ယောက်က ဘီယာ မသောက်ဘူးကိုး… သူက ကော်ဖိမှာတယ်.... ဘီယာမှာတော့လည်း ဈေးမေးလိုက်ပါသေးတယ်… ဘီယာတစ်လုံးကို အစိမ်းခုနစ်ကျပ်လို့ ဆိုပါတယ်… ဈေးအတော်ကြီးကြီးတယ်လို့ ပြောရမှာပါ… ဒီတော့ ထိုင်ပြီးမှတော့ မထူးဘူးူဆိုပြီး.. တစ်ယောက်တစ်လုံး ပဲမှာကြဖို့ ပြောလိုက်တယ်…. ကော်ဖီမှာတဲ့ ENGINE CADET ကလည်း ကော်ဖိဘယ်လောက်လဲ လို့ မေးပါတယ်… တစ်ခွက် ခုနစ်ကျပ်ပါပဲ…. အဲဒီ အချိန်ငွေဈေးနဲ့ တွက်ရင်… ခုနစ်ထောင်ကျော်တန်ကော်ဖီမစ်ဖြစ်ပါတယ်….

ထားပါတော့ လေ.. သိပ်မကြာပါဘူး… ဘီယာနှစ်လုံးနဲ့ စားသောက်ဖွယ်ရာတွေ ရောက်လာတယ်… ကောင်မလေးသုံးယောက်ပါပါလာတယ်…. အတော်လှတပတ ငယ်ငယ်လေးတွေပါ…. ဒါနဲ့ ဘေးမှာ ဘီယာလာငှဲ့ ပေး .. .ပေါင်ပေါ်ထိုင်တော့ မလောက်ကပ်ထိုင်… အမယ်. .အဆင်ကို ပြေနေတာပါပဲ… ဘီယာသောက်ရင်း ကျွန်တော်က သဘောင်္ပေါ်က ပါလာတဲ့ ဆေးလိပ်ဘူး ကို ထုတ်ပြီး တစ်လိပ်မီးညှိလိုက်တယ်… ဒါကို မြင်တဲ့ ကျွန်တော့ သူငယ်ချင်းရဲ့ ကောင်မလေးက…သူလည်း စီးကရက်သောက်ချင်ကြောင်းပြောပါတယ်.. ကျွန်တော်က… ရော့ ဒီမှာ သောက်လေ… မာဘိုရိုရှိတယ် လို့ ဆိုပြီးသူ့ကို စီးကရက်ဘူးလှမ်းပေးလိုက်တော့ .. သူက မာဘိုရို မသောက်ကြောင်း CHINA စီးကရက်သာ သောက်ကြောင်းပြောပါတယ်.. ကဲ ဒါဆိုလည်း CHINA စီးကရက် က ဘယ်လောက်တုန်းဆိုတော့ .. ခုနစ်ကျပ်ပါပဲတဲ့ ဗျာ… တစ်ဖြည်းဖြည်းနဲတော့ များလာပြီ…. ကဲ တစ်ဘူးလောက်တုန်း ဘာဖြစ်တုန်း မှာပေါ့…. အဲ သူမှာတဲ့ စိးကရက်ရောက်လာပြီး သူက ထုတ်သောက်တော့ ကျွန်တော့်ကောင်မလေး နဲ့ နောက်တစ်ယောက်ရဲ့ ကောင်မလေးက ပါ.. သူတို့ တွေလည်း စီးကရက် သောက်ချင်ကြောင်းပြောတယ်… အင်းလေ… သောက်ပေါ့.. ဟို မှာတစ်ဘူးတောင်မှာပေးထားတာ သောက်စမ်းပါလေ့…. သောက်ဆိုတော့ ..မဟုတ်ဘူးဗျာ… သူတို့ က ကိုယ်ဘူးနဲ့ ကိုယ်မှ သောက်မှာတဲ့ဗျာ…. ကဲ ကောင်းပါလေရော…. ဘီယာ နဲ့ ကော်ဖီက သုံးလုံးဆို နှစ်ဆယ်.. အခု စီးကရက် သုံးဘူးက နှစ်ဆယ်… စားသောက်ထား တာက…. အနည်းဆုံး သုံးလေးဆယ်ဆို… ဟုး.. ခုနစ်ဆယ်လောက်ဖြစ်နေပြီ…. ကျွန်တောက DECK CADET ကို

(ဟေ့ယောင်… မင်းမှာ ဘယ်လောက်ပါသေးလဲ.. ငါ့မှာက ခြောက်ဆယ်လောက်ပဲရှိတာနော်.. မလောက်လောက်ဘူးထင်တယ်) ဆိုတော့ DECK CADET က

(စိတ် မပူနဲ့ယောက်ဖ… ငါ့မှာပါသေးတယ်. .တစ်ရာလောက်တော့ ပါတယ်.. ဟိုကောင့်ဆီမှာလည်း ငါးဆယ်ရှိသေးတယ်.. လောက်မှာပါ… ဘီယာတောင်ထပ်မှာလို့ ရသေးတယ်) လို့ ပြန်ပြောတယ်….

ဒါနဲ့ ကျွန်တော်လည်း စိတ်အေးလက်အေးဖြစ်သွားတယ်.. မှာထားတဲ့ ငါးပေါင်းလေး နဲ့ ထမင်းလေးကို စားလိုက် ဘီယာလေးမော့လိုက်… ကောင်မလေးနဲ့ ဟီလာ ဟာလာလုပ်လိုက်နဲ့ … ဟုတ်နေတာ ပါပဲ….

အဲ.. အဲဒိအချိန်မှာပဲကောင်မလေးတွေ ထဲက တစ်ယောက်က ထဖောက်ပြန်တယ်.. သူတို့ လည်း တစ်ခုခုသောက်ချင်ကြောင်းပြောတယ်… ရတယ်လေ.. ကျွန်တော်တို့ သောက်နေတဲ့ ဘီယာထဲက နေခွဲပေးလိုက်မယ်…. ခွက်တောင်းလိုက်ဆိုတော့ … မဟုတ်ဘူးတဲ့ သူတို့ သောက်နေကျ lady drink ရှိသတဲ့… ကဲ ဒါဆိုလည်း. အဲဒီ lady drink ကြီးကရောဘယ်လောက်တုန်းဆိုတော့ ခုနစ်ကျပ်ပါပဲတဲ့ဗျာ.. လုပ်ပေဦးတော့ သုံးခွက် နှစ်ဆယ်…

ဒါနဲ့ ကြာကြာထိုင်လေ.. တစ်ခုပြီး တစ်ခု တောင်းတာ များလာလေဖြစ်တာကြောင့်…. အချင်းချင်းပြန်ဖို့ ကို ညှိကြပါတယ်… ဟုတ်တယ်လေ… ကြာရင်… လူပါပေါင်နေရမယ်… ဒါနဲ့ ကားသမားကို ဘေလ်တောင်းဖို့ပြောလိုက်တယ်.. ကားသမားကလည်း ပျော်ပျော်ရွင်ရွင်ပဲ … ဘေလ်တောင်းပေးတယ်… သူက ဆိုင်ရှင်နဲ့ တောင်အာရိုက်နေလိုက်သေးတာ…. ပြုံးလို့ ပျော်လို့ဗျာ…

ဘေလ်ရောက်လာပါပြီ… ဆိုက်ဆိုက်မြိုက်မြိုက်ကျွန်တော့လက်ထဲရောက်လာတာပါ…. ဘေလ်တစ်ခုလုံးကို တရုတ်စာတွေနဲ့ ရေးထားပြီး ဟိုးအောက်ဆုံး ပေးရမယ့် ပိုက်ဆံကျမှ…. အင်္ဂလိပ်လို ရေးထားပါတော့တယ်… တရုတ်နိုင်ငံ ပုံမှန်စားသောက်ဆိုင်တစ်ဆိုင်မှာ ဟင်းပွဲလေးပွဲ ..ထမင်းသုံးပွဲဘီယာနှစ်လုံး နှင့် ကော်ဖီနှစ်ခွက်ကျွန်တော်တို့ စားသောက်လိုက်တာ ဘယ်လောက်ကျတယ်လို့ သင်ထင်ပါသလဲ….ဒေါ်လာ သုံးရာနဲ့ သုံးဆယ်တိတိကျပါတယ်ခင်ဗျား………

သိလိုက်ပါပြီ .. ဒါသက်သက်ရိတ်လိုက်တာပါ… ဒါနဲ့ ကျွန်တော်ကောင်တာကို လျှောက်သွားပြီး…. ဘယ်ဟာက ဘယ်လောက်ဆိုတာကို မေးလိုက်ပါတယ်… ပိုတွက်ထားတယ်ပေါ့လေ…

လုံးဝပိုမတွက်ထားပါဘူးခင်ဗျား.. အကုန်လုံးကွက်တိပါပဲ…. ဟင်းပွဲလေးပွဲက အားလုံး လေးဆယ့်ရှစ်ကျပ်… ဘီယာ ကော်ဖီ… ဆေးလိပ် နဲ့ lady drink က.. ခြောက်ဆယ့် နဲ့ သုံးကျပ်… အခန်းထဲမှာ ထိုင်စားခ(နာရီနဲ့ ရှင်းရတာပါ)… ကောင်မလေးတွေ ဘေးမှာလာထိုင်ခ…. Tax … ကားပါကင်ခ… စတာတွေ က နှစ်ရာကျော်….

ကဲတွက်လိုက်တော့ အားလုံး သုံးရာ သုံးဆယ့် နဲ့ ဘယ်လောက်ဆိုလား ကျတာကို သူက သုံးရာ့သုံးဆယ် လျှော့ပေးထားတာပါတဲ့ဗျာ….. ဒါတွေ အစကတည်းက ပေးရမယ်လို့ မင်းမပြောဘူးလေဆိုတော့… မင်းတို့ က မေးမှ မမေးတာ တဲ့ … ကဲ ဘယ်လောက်ကောင်းလိုက်သလဲ…

သွားပါပြီ… ကျွန်တော်တို့ မှာ အားလုံး ပါလာမှ နှစ်ရာနီးပါးပေါ့.. ရှိသမျှ အကုန်ထုတ်ရှင်းလိုက်လျှင်တောင်အပြန်ကားခရှင်းစရာမရှိ….. စီဒီ ချပ်ရဲ့ အလယ်က အ၀ိုင်းလေးနဲ့ ကျွန်တောတို့ သုံးယောက်ရဲ့ မျက်နှာတွေကို အဲဒီ အချိန်မှာ လာတိုင်းကြည့်လျှင် …စီဒီ ချပ် အလယ်က အ၀ိုင်းလေးက မှ ပိုကြီးဦးမယ်ထင်ပါတယ်… အဲဒီအချိန်မှာ ဒေါသလည်းမထွက်နိုင်တော့ ပါဘူး…. မရှင်းနိုင်ဘူးဆိုတာ သိသာနေတဲ့ ကျွန်တော်တို့ ကို ဆိုင်ရှင် တရုတ်ကြီးက လည်း မျက်နှာထား မာနေပါပြီ… စောစောက ဟီလာ ဟာ လာတိုက်နေတဲ့ ကားသမားကလည်း ပေါ်တင်ကြီး ဟိုဘက်လှည့် ပြီး မသိချင်ယောင်ဆောင်နေပါပြီ….. ကဲ.. ကျွန်တော်တို့ ဘာလုပ်ရမလဲ…. အတော်ကလေး ကို အားငယ်စရာကောင်းပါတယ်…မဟုတ်တာအလုပ်ခံနေရမှန်းသိသိကြီးနဲ့ ကြောက်နေရတဲ့ ဘ၀ပါ…. ဆိုင်ရှင်ရဲ့ နောက်က ဗလကောင်းကောင်း တရုတ် နှစ်ကောင်ကလည်း ဘုရှိုးရှိုးနေပါပြီ…..ဒါနဲ့ ကားသမားဆီက .. ခဏချေးပြီးပေး… ပြီးရင် သဘောင်္ ပေါ်ရောက်မှ ပိုက်ဆံလိုက်ချေးပြီး ပေးလိုက်မယ် ဆိုရအောင်လည်း.. ကားသမား မျက်နှာက ချီးမယ်ရုပ်တောင်မပေါ်…… မသိချင်ယောင်ဆောင်နေလိုက်တာ မှ မျက်နှာကို ကို မမြင်ရ….ကိုယ် ကိစ္စကိုယ်ရှင်းဆိုတဲ့သဘော…. နှဖူးမှာလည်း ချွေးကပြန်သမှ မျက်နှာပါသစ်လို့ ရနေပါပြီ…. ဒီအချိန် မှာ ဒေါ်လာ တစ်ရာရုတ်တရက် ဘယ်ကရနိုင်မလဲ… ဘယ်လို မှ စဉ်းစားလို့ မရ…. နောက်ဆုံးကယ်တင်ရှင်ကတော့ .. deck cadet ပါပဲ….

(ယောက်ဖ… ငါ့မှာလိုလို မယ်မယ် ဆိုပြီးဆောင်လာတဲ့ ပိုက်ဆံ တစ်ရာကျော်တော့ ပါတယ်… မင်းတို့ သဘောင်္ပေါ်ရောက်ရင်တော့ ပြန်ပေးကြကွာနော်)

ဒီစကားကြားလိုက်တယ် ဆိုတာနဲ့ ဘယ်လို ၀မ်းသာ လို့ ၀မ်းသာသွားမှန်းမသိဘုးဗျာ….. ပျော်တာမှ ထတောင်ကချင်တယ်… ဖြစ်နိုင်ရင် ဒီဆိုင်ထဲကနေ အမြန်ဆုံး ထွက်သွားချင်နေပြီကိုး…

(အေးပါယောက်ဖရယ်.. ပြန်ပေးပါမယ်.. ငါလစာထုတ်တာနဲ့ မင်းကို အရင် ဆုံး အကြွေးဆပ်မှာပါ.. ယုံပါကွာ.) ဟု ပြောပြီး ပိုက်ဆံထုတ်ခိုင်းရတော့သည်….

ပိုက်ဆံရှင်းနိုင်ပြီဆို တော့ မှပဲ စောစောက မာနေသော ဆိုင်ရှင်တရုတ်မျက်နှာက လည်း ဘီစကစ်ကို သကာရည်စိမ်ထားသလို .. ပျော့ပျောင်းချိုမြိန်လာတော့ တယ်ဗျာ…. ကားသမားရဲ့ မျက်နှာကလည်း .. ဟို ဘက် လှည့် နေရာမှ … ဆတ်ကနည်း ဒီဘက်ချက်ချင်းပြန်လှည့် လာပါလေရော….ပျော်လို့ မော်လို့ ..

ကျွန်တော်တို့ အားလုံးကားပေါ်ရောက်တော့…. ကျွန်တော်က လည်း မနေနိုင်တာနဲ့ ကားသမားကို မင်းတို့ ဆိုင်သိပ်ဈေးကြီးတယ်… လို့ ပြောတော့ … ဟုတ်တယ်တဲ့… ဒါသက်သက်ရိတ်လိုက်တာတဲ့ … နောက်မင်းတို့ အဲဒီဆိုင်မထိုင်နဲ့ ဆိုပြီးသူကတောင်ဆုံးမနေသေးသဗျ….. ကဲ .. ဘယ်လောက်တရားကျဖို့ ကောင်းလိုက်ပါသလဲ… ကောင်းပါတယ်လေ… ကိုယ်ကို က ဆတ်ဆော့မိတာကိုး….

ဒါနဲ့ သုံးယောက်သားတိုင်ပင်ကြတယ်… ကျွန်တော်တို့ လူသစ်ကလေးသုံးယောက် ဒါမျိုးခံလာရတယ်ဆိုတာသာကြားလို့ ကတော့ တစ်စီးလုံးဝိုင်းပြီး ဟားလိုက်မယ့် ဖြစ်ချင်း… သဘောင်္သားအိုကြီးတွေဆို ပိုဟားမှာ… ပြီးရင် ဒီ သဘောင်္တစ်စီးတည်း ပြီးသွားမှာ မဟုတ်ဘူး.. နောက်တွေ့သမျှသဘောင်္မှာ အဲဒီ ကဒက် သုံးကောင်ပေါ့ ဆတ်ဆော့ပြီး တရုတ်မှာ ဘီယာသွားသောက်တာလေ… ဒေါ်လာ သုံးရာကျော်ရှင်းခဲ့ရတယ် ဆိုပြိး တွေ့ရာလူကို ပြောတော့ မှာ.. ဒီတော့ ဒါမျိုးတော့ အဖြစ်မခံနိုင်ဘူး… ငါတို့ စားတာ အားလုံး ၅၀ လောက်ပဲကျတယ်လို့ ပြောမယ်… ကောင်မလေးတွေ က မုန့် ဖိုးပေးတာတောင်မယူဘူးလို့ ပြောမယ်…. ပြီးတော့ .. အပြုအစုကလည်း ဘာကောင်းသလဲမမေးနဲ့ ငါးဆယ်နဲ့ သုံးယောက်စာ အတော်တန်တယ်လို့ ပြောကြမယ် ဆိုပြီး… ညှိလိုက်ကြတယ်.. ပိုက်ဆံနည်းနည်းနဲ့ facility များများရနိုင်မှ လူလည် သဘောင်္သားဖြစ်မှာ မဟုတ်လား……ကျန်နှစ်ယောက်ကလည်း သဘောတူတယ်လေ…

ဒါနဲ့ သဘောင်္ပေါ်ရောက်တော့ စောစောကလိုပဲပြောကြတာတယ်…. တိုင်ပင်ထားတဲ့ အတိုင်းပေါ့..အဲ ကျွန်တော်တို့ ရောက်တော့ ဒုတိယအင်ဂျင်နီယာနဲ့ စက်ချုပ်ကြီးတောင်မရှိတော့ ဘူး… ဆင်းသွားကြပြီတဲ့ ကျွန်တော်တို့ ပြန်လာတာမစောင့်နိုင်လို့ ဆိုပဲ…. ကဲပါလေ.. ဒီလိုနဲ့ ပဲ အဲဒီ ကိတ်စ ပြီးသွားရတယ်ပေါ့….

မပြီးသေးဘူးခင်ဗျာ….. ဒါက ကျွန်တော်သဘောင်္ရောက်ပြီး သုံးလလောက်မှာဖြစ်တာ … ကျွန်တော် တစ်နှစ်ပြည့်လို့ သဘောင်္ကနေပြန်ခါနီးပေါ့… နောက်တစ်ပတ်လောက်ဆိုဆင်းရတော့ မယ်… သဘောင်္က ဂျပန်မှာကပ်ထားတာပါ… အဲဒီ ကနေ ကိုရီးယားကို ၀င် ပြီးရင် ကိုးရီးယားရဲ့ နောက်ဆုံး ပို့ ဖြစ်တဲ့ Ulsan city မှာ ဆင်းရမှာ.... သဘောင်္ ကဂျပန်မှာကပ်ထားတာ နှစ်ရက်လောက်လည်းရှိပြီဆိုတော့ ဘာအလုပ်မှလည်းမရှိကြဘူးပေါ့ .. ကမ်းဆင်းသူတွေက လည်း ဆင်းကြတယ်.. အဲဒီ ညနေက ကျွန်တော်နဲ့…. ဒုတိယအင်ဂျင်နီယာကြီးပဲ သဘောင်္ပေါ်မှာ ကျန်ခဲ့တယ်.. ကျန်တဲ့ အင်ဂျင် အဖွဲ့သားတွေ အားလုံးက ကမ်းဆင်းသွားကြတယ်လေ.. ဒါနဲ့ ညဘက် ဂျူတီကို ကျွန်တော်တစ်ယောက်တည်းယူနေတုန်း မှာ ဒုတိယအင်ဂျင်နီယာ (ဆက်ကန်း) က စက်ခန်းထဲဆင်းလာတယ်..လက်ထဲမှာလည်း Bacardi တစ်လုံးနဲ့ ဗျ…သူလည်း အပေါ်မှာ တစ်ယောက်တည်းပျင်းတာနဲ့ ဆင်းလာတာတဲ့ ဗျာ… ကဲ ဒါမျိုးကတော့ ဘာပြောကောင်းမလဲလေ… နှစ်ယောက်သား Bacardi တစ်လုံးကို ဖြိုလိုက်ကြာတာ.. တစ်ဝက်ကျိုးသွားရော…

အဲဒီတော့ မှ ကျွဲခိုးက ပေါ်သဗျ… ဆက်ကန်းက ..

(ဟေ့ကောင် အော်ဇီရ.. ငါ့ အသက်လည်း ငါးဆယ်ကျော်နေပါပြီ… သဘောင်္လိုက်လာတာလည်း နှစ်ပေါင်း နှစ်ဆယ်တောင်ကျော်နေပြီကွာ…ဒါပေမယ့် ရှက်ရှက်နဲ့ ပဲ ရင်ဖွင့်ရမှာပဲ… မင်းနန်တောင်းပို့ ကို မှတ်မိလား.. )

(အင်း မှတ်မိတယ်လေ ဆက်ကန်းရဲ့.. ဆက်ကန်းနဲ့ ချုပ်ကြီး (စက်ချုပ်) အတူတူ ဆင်းသွားတဲ့ ပို့ လေ)

(အေး.. အဲဒီ မှာ ငါတို့ အတော်အဆော်ခံလိုက်ရတာကွ….ရှက်တော့ ရှက်ပါတယ်ကွာ.. ဒါပေမယ့် ခံပြင်းလွန်းလို့ ပြောပြတာပါ…. သူတို့ ဆီးမန်းရှော့ပ်ဆိုပြီး ခေါ်သွားတဲ့ ဆိုင်ဘေးက ဘီယာဆိုင်လေးလေကွာ… ကောင်မလေးတွေ အတော်ချောတာကွ… ထုံးစံအတိုင်းပေါ့ကွာ…. ငါလည်း အဲဒီ မှာ စားသောက်ဖြစ်တယ်… အဲဒါ ဘယ်လောက်ကျတယ်ထင်သလဲ…. ဒေါ်လာ ခြောက်ရာကျော်ဆရာ ဒေါ်လာ ခြောက်ရာကျော်… တောက်! ပြောနေရင်းတောင်တင်းတယ်…. မင်းစဉ်းစားကြည့်စမ်းပါကွာ.. တရုတ်မှာ ထမင်းစားတာ ဒေါ်လာခြောက်ရာတဲ့…. ကွာ…. တောက်! ငါက မပေးနိုင်ဘူးပြောတော့.. မပေးနိုင်ရင် ရဲခေါ်လိုက်မယ်တဲ့ .. အတော်လူပါးဝတာကွ….ကားသမားကိုလှမ်းကြည့်တော့ လည်း မသိချင်ယောင်ဆောင်နေတယ်.. စည်းဝါးရိုက်ထားတဲ့ အတိုင်းပါပဲကွာ….ငါထင်တာတော့ အဲဒီ ကားသမားက ကော်မရှင်ရတယ်နဲ့ တူပါတယ်… ပြီးတော့ ငါ့ကို ဘောက်ချာတစ်ခု ထုတ်ပြတယ်.. ဒီမှာ မင်းတို့ တွေ့လား မင်းတို့ လို မြန်မာတွေ ပဲရှေ့ မှာလာစားသွားတာ… ဒေါ်လာ ၃၀၀ ကျော်ကျတယ်.. ဘာမှ မပြောဘူးရှင်းသွားတယ်.. ဒိတော့ မင်းတို့လည်း ပေးရမယ်တဲ့ ကွာ.. တောက် … ဘယ် အသုံးမကျတဲ့ ကောင်တွေက ဒီလို ဆိုင်မှာ ပိုက်ဆံသုံးရာပေးပြီး ထမင်းစားသွားလဲ မသိပါဘူးကွာ.. တော်တော်ကို အသုံးမကျတဲ့ ကောင်တွေ.. ဟင်း.. အဲဒီကောင်တွေထက်ငါတို့ က ပိုဆိုးသလိုဖြစ်သွားတာ ပေါ့.. ခြောက်ရာတောင်ကျတယ်ဆိုတော့… တစ်ခုခုလုပ်လိုက်ရရင် ငါမပြောဘူးကွာ.. တစ်ခုခုလေးပေါ့…. ခုဟာက ဘာမှ လည်း မလုပ်လိုက်ရဘူး…. အသားချင်းတောင်မထိလိုက်ရပဲနဲ့ .. ဘီယာလေးငှဲ့ပေးရုံနဲ့ လုပ်ထည့်လိုက်တာတော့ အတော်နာသကွာ.. ဟူး ရှေ့ က ရှင်းသွားတဲ့ကောင်တွေက လည်း အသုံးကို မကျဘူး.. သူတို့ က ရှင်းသွားတော့ငါတို့ က ဒါဈေးမှန် မဟုတ်ဘူးလို့ ပြောလို့ မရတော့ ဘူးပေါ့ ကွ…. တောက်… မင်းတို့ ချာတိတ်သုံးကောင်တောင် အဲဒီပို့ မှာ ထမင်းစားတာ ငါးဆယ်ပဲကျတာမဟုတ်လား.. အဲလို ပဲ ကောင်မလေးတွေ ဘီယာငှဲ့ ပေးတယ် မဟုတ်လား … အေးပေါ့ကွာ…. သဘောင်္လိုက်သက်ဒီလောက်ရင့်လျက်သားနဲ့ ငါကို က တုံးတာပါ…. ဟူး … အဲဒါ ရှက်လွန်းလို့ ဘယ်သူမှမပြောပဲနေတာကွ…. ခုမင်းက ပြန်ခါနီးမို့ ပြောပြတာ.. )

ကျွန်တော် ပြောသားပဲဗျာ.. အရက်မူးတော့ ကျွဲခိုးပေါ်ပြီလေ….ကြားလိုက်ရတဲ့ စကားကြောင့် ကျွန်တော် သူ့ကို အတော်သနားသွားတယ်.. နောက်ပြီး စိတ်ထဲလည်း အတော် အေးသွားတယ်.. တော်သေးတာပေါ့ ငါတို့ ချည်းခံရတာမဟုတ်ဘူးကိုး.. လို့ ….ဒါနဲ့ ပဲ သူကို့ မချိသွားဖြဲလုပ်ပြီး…

(ဟဲဟဲ.. ဆက်ကန်း .. အဲဒီ ဆက်ကန်းတို့ ရှေ့ မှာ စားသောက်ပြီး သုံးရာကျော်ရှင်းသွားတယ် ဆိုတာ … တစ်ခြားလူမဟုတ်ဘူးဆက်ကန်းရဲ့ .. ဟဲဟဲ ကျွန်တော်တို့ သုံးယောက်ပဲ…. ကျွန်တော်တို့ လည်း ထိလာတာပါပဲ ဗျာ.. ဒါပေမယ့်. . သဘောင်္ပေါ်ပြန်ရောက်လို့ ….. အဆော်ခံလိုက်ရတယ်လို့ ကြားရင် အားလုံးဝိုင်းဟားမှာ ကြောက်လို့… သုံးယောက်သားတိုင်ပင်ပြီး ငါးဆယ်ပဲကျတယ်လို့ လိမ်ထားကြတာ.. ဟဲဟဲ…ခု ဆက်ကန်းပါခံလိုက်ရတာဆိုတော့ .. သိပ်မစိုးရိမ်တော့ပါဘူး.. ပြီးတော့ ဆက်ကန်း ခံလိုက်ရတာက ပိုများတယ်လေ..နောက်ပြီး ဆက်ကန်းက .. ကျွန်တော်တို့ ထက်ဆားဗစ်ရင့်တာတောင် .. ကျွန်တော်တို့ ထက် သုံးရာကျော်ပို အဆော်ခံလိုက်ရတယ်ဆိုတော့ .. ကျွန်တောတို့ သုံးယောက်.. သုံးရာထဲ အဆော်ခံရတာ သိပ်ပြသနာ မရှိတော့ ဘူး မဟုတ်လား ဟဲဟဲ)

(အမလေး မလုပ်ပါနဲ့ကွာ… တောင်းပန်ပါတယ်.. ဘယ်သူမှ မပြောပါနဲ့.. ဟေ့ကောင်… မင်းနော်… ဒီကိစ္စပေါက်ကြားလို့ ကတော့ မင်းနဲ့ ငါ ဆရာတပည့် သေခန်းပြတ်ပဲ…)

(ဟဲဟဲ စိတ်ချပါဆက်ကန်းရဲ့ ကျွန်တော် ဘယ်သူ့ကို မှ မပြောပါဘူး.. တကယ်ပါ ကတိပေးတယ်.. ဟဲဟဲ .)

ဟုတ်ပါတယ်.. ကျွန်တော် ဘယ်သူ့ကို မှ ဒိ အကြောင်းမပြောဖြစ်ပါ… ကတိတကယ်တည်ပါတယ်… ဒါကြောင့်လည်း အားလုံး သိအောင် ခုလိုစာရေးလိုက်တာ့ပါ… ကျွန်တော်ကတိတည်နေတုန်းပါပဲ…ဘယ်သူ့ကို မှ မပြောပါဘူး.. စာရေးတာပဲရှိတာပါ… ကဲ ဆက်ကန်းရေ.. လွန်တာရှိ ၀န္ဒာမိပါ ဗျာ…..

ကျွန်တော်ပြောပြီး ပါပြီ… သဘောင်္သားဆိုတာ ဘယ်လောက် ဆားဗစ်ရင့်ရင့်… နောက်ဆုံးတော့ ခံရတာပါပဲလေ… ကျွန်တော်တို့ တကယ်ရေထဲရောက်နေတာ ပါ…. ကမ်းတော့ မကုန်သေးပါဘူးခင်ဗျား…. ချစ်လှစွာသောရောင်းရင်း များလည်း ကျွန်တော်တို့ စားခဲ့ တဲ့ နန်တောင်း ထမင်း ခပ်ပြင်းပြင်းလေး မြည်းကြည့်ချင်တယ်ဆိုရင် လမ်းညွှန်ပေးပါ့မယ်…. အဲ… ပိုက်ဆံ ဒေါ်လာ လေးငါးခြောက်ရာလောက်တော့ ဆောင်လာကြဖို့ တော့ မမေ့ နဲ့ပေါ့ဗျာ……………………



By:လင်းလွန်းညို (ozzy win)

06/06/2012 (14:40)


No comments:

Post a Comment