Tuesday, July 31, 2012

မစံပါယ်နှင့် အင်တာဗျူး

(အစ်မယောကျာင်္းဆုံးသွားတဲ့ အချိန်မှာ သားလေးက လေးလပဲရှိသေးတာလေ.. အစ်မတို့ မှာ ကုန်းကောက်စရာတောင်မရှိခဲ့ဘူး)



ကြားရသည့် ကျွန်တော်ရင်ထဲစို့ သွားတာ အမှန်ဖြစ်သည်… စာရေးနေကျလူမို့ လူတစ်ယောက်၏အကြောင်းကို

နားထောင်ရတိုင်းကိုယ်နှင့် ၀င်ရွေ့ ခံစားတတ်ခဲ့သည်…. သူမ… ဘယ်လို ရုန်းကန်ခဲ့သနည်း.. ကျွန်တော် စဉ်းစားလို့ မရ…



(ဒါဆို အစ်မယောကျားင်္ဆုံးတုန်းက အမ.. အသက် နှစ်ဆယ်ကျော်လောက်ပဲရှိဦးမှာပေါ့….)



(ဟုတ်တယ် … နှစ်ဆယ့်ခုနစ်နှစ်… အခု သားလေးက ခြောက်နှစ်တောင်ရှိပြီလေ… သမီးလေးက အကြီး ဆယ်နှစ်..အမ အဖေနဲ့ အမေလည်း အမနဲ့ အတူနေတယ်…)

ယောကျာင်္းသားတစ်ယောက်မရှိတဲ့ ဘ၀ တာချီလိတ်မြို့လိုနယ်စပ်မြို့တစ်မြို့ သူမဘ၀ကို ဘယ်လို လှပလာအောင်.. ကြိုးစားခဲ့သနည်း…. ကလေးနှစ်ယောက်နှင့် မိအိုဖအို နှစ်ယောက်နှင့်….သူမဘ၀ ဘယ်လောက်ဒုက္ခရောက်လိုက်မည်နည်း…. အားငယ်လိုက်လိမ့်မည်နည်း…တွေးနေရင်းနဲ့ ပင် မောလာပြန်သည်….



(အစ်မ.. အဲလို ဘာမှ မျှော်လင့်ချက်မရှိတော့တဲ့အချိန်မှာ ဘယ်လို စထူထောင်သလဲ … အစ်မစိတ်ကို အစ်မ ဘယ်လို မွေးမြူခဲ့သလဲ…..)



(အဖေရယ် အမေရယ်… သားလေးရယ်သမီးလေးရယ် က အမဘ၀ရဲ့ အင်အားပဲပေါ့… )



(အမဆိုလိုချင်တာ က မိသားစု ကပဲ အမကို အားအင်ဖြစ်စေခဲ့တယ်လို့ ဆိုလိုချင်တာလား)



(အင်းဟုတ်တယ်… မိသားစုက အားအင်တစ်ခုတည်းတော့ မဟုတ်ပါဘူး… အမ စိုးရိမ်ခဲ့ရတယ် … ကြောင့်ကြခဲ့ရတယ်… အမ မရှိရင် သူတို့ ဘယ်လိုမှရပ်တည်လို့ မရဘူးလေ…အမတစ်ခုခု ဖြစ်သွားလို့ ကို မဖြစ်ဘူး…. အဲဒီ အချိန်မှာကြောက်နေလို့ လည်း အပိုပဲ… လုပ်သင့်တာတွေ အကုန်အမလုပ်ခဲ့ပါတယ်… အမ ရှိမှဖြစ်မယ်.. ငါတစ်ခုခုဖြစ်သွားလို့ မဖြစ်ဘူးဆိုတဲ့ အသိတစ်ခု တည်းနဲ့ အမရှင်သန်နိုင်အောင်ကြိုးစားခဲ့တယ်.. အမရုန်းကန်ခဲ့တယ်… အခု ဒီအခြေအနေတစ်ခုကို ရောက်တဲ့ အထိပဲပေါ့…)



သူမနှင့် စကားပြောသည်မှာ ဒီနေ့ ပထမဆုံးဖြစ်သည်… နောက်ဆုံးလည်းဖြစ်ပေလိမ့်မည်……. သူမနှင့် စသိကျွမ်းရသည်က အင်တာနက်ပေါ်တွင်ဖြစ်သည်… ကျွန်တော်ရေးနေသော ဆောင်းပါးတိုလေး တစ်ခုကို ချီးကျူးရင်းမှ စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည်…. စတင်သိကျွမ်းစဉ်က .. သူမက စာဖတ်ဝါသနာ ပါကြောင်းပြောသည်….

(ဒီနေ့ တင်ထားတဲ့ ဆောင်းပါးလေကောင်းတယ်.. နန်တောင်းထမင်းခပ်ပြင်းပြင်းဆိုတာလေးလေ..)



(ဟုတ်ကဲ့ ကျေးဇူးပါဗျာ… )



(စာတော့ ဖတ်တယ်.. ဒါပေမယ့် စာမရေးတတ်ဘူး…)



(အော် စာရေးတယ်ဆိုတာ ဒီလို ပဲ စလုံးရေက စရတာပါပဲ… ပထမဆုံးတော့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေရေးကြည့်ပေါ့… နောက်တော့

တဖြည်းဖြည်း.. စာရေးကျင့်များလာလေ.. ဘယ်စာကို ဘယ်လို ထားသိုရမယ်ဆိုတာ သိလာလေးပါပဲ)



(အင်း .. ကျမက ပါရမီမပါဘူး)



(ပါရမီဆိုတာ လုပ်ယူလို့ ရတဲ့ အရာပါ…. ပါရမီပါခြင်းမပါခြင်းက သိပ်အဓိက မကျပါဘူး… တကယ်တန်းအဓိက ကျတာက… လုပ်ချင်စိတ်.. စာဆိုလည်း ရေးချင်စိတ်ကလေးပါပဲ.. ဒါလေးရှိတာ နဲ့ တင်.. တွန်းအားတစ်ခုကို ရစေပါတယ်.. ပါရမီရှိသူက တစ်နှစ်ကြိုးစားရင်.. ကိုယ်က နှစ်နှစ်ကြိုးစားပေါ့.. ဒါမှ မဟုတ် သူ့ ထက်နှစ်စ လုပ်အားကို စိုက်ထုတ်ပြီးကြိုးစားပေါ့… ဒီလို ပဲကြိုးစားရင်းနဲ့ ဖြစ်လာကြတာပါ…လုပ်ချင်စိတ်ကလေးရှိဖို့ ပဲလိုပါတယ်… အဲဒီတွန်းအားလေးနဲ့ တင်ကျွန်တော်တို့ ရွေ့လျားနေရတာပါ…)



(အင်း အသက်ကကြီးပြီလေ..)



(ကျွန်တော်တို့ လည်း အသက်ကြီးနေပြီပဲ… အနုပညာအလုပ်.. အထူးသဖြင့် စာရေးတဲ့ အလုပ်ဆိုတာ အသက်နဲ့ မဆိုင်ဘူးလို့ ထင်တာပါပဲ)



(အသက်ဘယ်လောက်ရှိပြီလဲ)



(ကျွန်တော်လား. နှစ်ဆယ့်ခွန်ပါ)



(မောင်လေး… အမက သုံးဆယ့်သုံးရှိပြိ)



(အော်… သုံးဆယ့်သုံးဆိုတာကြီးသေးတဲ့ အရွယ်မှ မဟုတ်သေးတာ.. လူလတ်ပဲရှိသေးတယ်လေ.. လုပ်မယ်ဆိုလုပ်လို့ ရပါတယ်…. လေးဖြူတောင်အသက် သုံးဆယ်ကျော်မှ စအောင်မြင်တာပဲ

ဒါနဲ့ အမက ဘယ်မြို့ကလဲ)



(အစ်မက ထိုင်း.. အင်း တာချီလိတ်ပေါ့.. ဒါပေမယ့် ဒီမှာက ဟိုဘက်ခြမ်း… ဒီဘက်ခြမ်းရှိတယ်လေ…မြို့ကအပေါ်ကကြည့်ရင်တစ်မြို့တည်းပဲ ချောင်းလေးပဲခြားထားတာ…အစ်မက… အင်တာနက်ဆိုင်… ဂိမ်းဆိုင်လေး ဖွင့်ထားတယ်…မြို့လယ်ခေါင်မှာပေါ့… ပြီးတော့.. အလှပြင်ဆိုင်လည်းဖွင့်ထားတယ်…ဘီလိယက်ခုံလည်းဖွင့်ထားတယ်…. အစ်မတို့ ဆီမှာ မီးရော… အင်တာနက်ရောက … ယိုးဒယားဘက်က တိုက်ရိုက်ယူထားတာလေ.. ဒီမှာ မီးမလာဘူးဆိုတာလည်း မရှိဘူး… အင်တာနက်လိုင်းကျတယ်ဆိုတာလည်း မရှီဘူး )

(အားပါး.. တယ်ဟုတ်ပါလား အစ်မရဲ့… )

(ဟုတ်တယ်… အရင်ကဆို… ကားထောင်ထားတယ်.. ဟိုဘက်ကမ်းက ကုန်ခြောက်တွေပေါ့.. ခေါက်ဆွဲခြောက်.. တစ်ရှုံးတာတွေကို ဒီဘက်က ကိုခြောက်ဆိုင်ကို ပို့တာလေ… အခု တော့ ခဏနားထားတာ)



(မယုံနိုင်စရာပဲ အမ…. အမကို ကျွန်တော်က လူတတ်ကြီးလုပ်မိသလိုဖြစ်နေပြီ… အမအသက် ၃၃ နှစ်နဲ့ ဒီလောက်ထိလုပ်နိုင်တာ ကျွန်တော်လေးစားပါတယ်အမ…)



(ဒီလိုပါပဲ ဘ၀က သင်ကြားသွားတာပါပဲ)



(အမဆီကို ကျွန်တော်ဖုန်းဆက်လို့ ရမလား …. ဒီလိုလေ.. အမရဲ့ ဘ၀အကြောင်းကို ကျွန်တော်စိတ်ဝင်စားတယ်..... ကျွန်တော့် ကို ပြောပြလို့ ရမလား)



(အင်း… ရပါတယ်.. ဖုန်းဆက်လေ… ဖုန်းနံပါတ်က……)



(ဟုတ်ကဲ့ ကျေးဇူးပါ အမ… ကျွန်တော် အားတဲ့အချိန် အမလည်း အားမယ့် အချိန်ကို မှန်းပြီး ဆက်ပါ့မယ် .. ညဦးပိုင်းလောက်ပဲဖြစ်ပါလိမ့် မယ်…)



(ဟုတ်ပါပြီ… ကဲဒါဆိုနောက်မှ တွေ့တာပေါ့)



ဒီလိုနှင့် သူမနှင့် စတင်သိကျွမ်းခွင့်ရခဲ့ခြင်းဖြစ်သည်….အစကတော့ အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ယောက်… ဒီလောက်…. အလုပ်တွေ အများ ကြီးလုပ်နိုင်နေတာကို လေးစားရွေ့ ဖြစ်သည်…. သူဘယ်လို ကြိုးစားလည်း သိချင်သည်…..သူမအကြောင်းကို စာရေးလျှင်လူငယ်တွေ အတွက် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းနိုင်မည်ထင်သည်……

သို့ သော် တယ်လီဖုန်းဆက်ဖို့ ကျွန်တော် နှစ်ပတ်နီးပါးကြာမြင့်ခဲ့သည်…. အလုပ်မအားတာတစ်ကြောင်း.. .. ကိုယ်ရေးကိုယ်တာ ကိတ်စတွေများနေတာ တစ်ကြောင်း….. စာကျက်ရတာ တစ်ကြောင်း အကြောင်းကြောင်းကြောင့် ဟုပင်ဆိုရမည်…. နှစ်ပတ်ခန့် ကြာမြင့်မှပဲဖုန်းဆက်ဖြစ်သည်……



တကယ်ဖုန်းဆက်ဖြစ်သော အခါမှရှမ်းသံဝဲ၀ဲဖြင့် သူမပြောပြသော သူမဘ၀က ထင်တာထက်ပို ကြမ်းတမ်းနေသည်… အသက် ၂၇ တွင် အမျိုးသားဆုံးသည်… ကလေးက နှစ်ယောက်.. လေးလသားသားလေးတစ်ယောက်… လေးနှစ်အရွယ် သမီးလေးတစ်ယောက်…. ကျန်ခဲ့သည်…. အမျိုးသားဆုံးခါစက ကုန်းကောက်စရာမရှိဟုပင်ဆိုသည်…. သူမ ဒီခြောက်နှစ်တာ ကာလါအတွင်းမှာ.. ဒီလို လုပ်ငန်းတွေ အများ ကြီးပိုင်လာအောင် ဘယ်လောက်ကြိုးစားခဲ့သနည်း… ပိုစိတ်ဝင်စားဖို့ ကောင်းလာခဲ့သည်…….



(အမ အမျိုးသားဆုံးတော့ အမ ပထမဆုံးဘာလုပ်လဲ… )



(အမသီချင်းဆိုတယ်လေ…. အမ သီချင်းကောင်းကောင်းဆိုတတ်တယ်…. ဒါကြောင့် … စားသောက်ဆိုင်မှာ သီချင်းစဆိုတယ်…. )



(အမ သီချင်းဆိုတော့ … ဘယ်လို အခက်အခတြွေ တွေရလဲ…. ကျွန်တော်သိချင်တာက…. သီချင်းဆိုတဲ့ အကြောင်း အမ

အတွေ့အကြုံတစ်ချို့ပေါ့ ..ပြောပြပါလား….)



(ဒီမှာတော့ ယိုးဒယားသီချင်း …. ရှမ်းသီချင်းနဲ့ တရုတ်သီချင်းပဲဆိုရတာ များတယ်လေ….. အဲ တစ်ချိန်တည်းမှာပဲ မနက်ပိုင်းဆို…. အမက သူများ ဆိုင်မှာ… ဆံပင်ညှပ်ခေါင်းလျှော်ပါလုပ်တယ်… အမ မနက်ခြောက်နာရီဆိုထ… သားသားကို တစ်ပါတည်းခေါ်.. ဆံပင်ညှပ်ဆိုင်ကို သွား…. အဲဒီ မှာ အလုပ်လုပ်.. သားသားကို တော့ … ဆိုင်ဘေးက အသိ ဆီမှာ ခဏထားပေါ့…. ထမင်းစားချိန်လောက်ဆို သားသားကို နို့ပြေးတိုက်… တခါတခါ သားသား နို့ စို့ တာကြာသွားလို့ … နေ့လည်စာရောညစာပါလွတ်တဲ့ နေ့တွေ ရှိတယ်.. တစ်နေကုန်ထမင်းမစားရတော့ ဘူး… အဲဒီ ကနေ.. ညခုနစ်နာရီလောက်အထိလုပ်တယ်.. ပြီးတာ နဲ့ … ဆိုင်ကို ပြေးသီချင်းသွားဆိုရတယ်…. အိမ်မှာက အဖေနဲ့ အမေကလည်း ကြီးပြီဆိုတော့ .. သားသားကို မထားခဲ့ချင်ဘူးလေ… သမီးကိုလည်း သူ့ အဖိုးအဖွားကပဲ ထိန်းပေးထားတာ မဟုတ်လား… ကျောင်းလည်း အဖိုးက ပဲ အကြိုအပို့ လုပ်ပေးတယ်….တစ်ခါတစ်လေ… ဆိုင်ကိုရောက်လို့ ကိုယ်က ပထမဆုံးဆိုရမယ့် အလှည့် ဆို.. မောကျောပဲ…. အတော်ပင်ပန်းတယ်… အမရဲ့ တစ်နေ့ အလုပ်ချိန်က… အနည်းဆုံး ၁၉ နာရီလောက်ရှိတယ်…. တစ်နေ့ကို အမငါးနာရီပဲ အိပ်တယ်… အဲဒါပုံမှန်ပဲ…)



(အမအရမ်း ပင်ပန်းမှာပေါ့… စိတ်မညစ်ဘူးလား… )



(ညစ်တာပေါ့… ညစ်ရတဲ့ နေ့တွေ လည်း အများကြီးပေါ့….. ဆိုင်မှာက .. သီချင်းဆိုတယ် ဆိုတာ ဆယ့်ရှစ် နှစ်ဆယ်လေးတွေ ဆိုတာလေ…. ကိုယ်က သူတို့ နဲ့ ယှဉ်ရင် အသက်ကြီးနေပြီလေ…. ဒီကြားထဲ ကလေးက တစ်ဘက်နဲ့ ဆိုတော့ ကသီလင်တ အတော်နိုင်တယ်….. တစ်ခါတစ်ခါဆို.. အမက သီချင်းဆိုနေတုန်း .. သားသား က နီု့ ဆာလို့ ရှိရင် .. သီချင်းဆိုနေရင်း နို့ သက်လို့ အင်းကျီတွေ ဆိုကုန်ရော…… ဒါပေမယ့် အမကံကောင်းတယ်… အမက သူများထက်စာရင် ဘောက်ဆူးလည်းပိုရတယ်… သိချင်းအဆိုကောင်းလို့ နဲ့ တူပါတယ်.. (ရယ်လျက်) … နောက်ပြီးတစ်ချို့တွေဆို … အမဆိုပြီးသွားရင် စကားဘာညာပြောချင်တဲ့ အခါ….

ဆိုင်မန်နေဂျာအမကြီးကို လာမေးတယ်… အဲဒီ အချိန်ဆို အမက သားသားကို နို့ တိုက်နေပြီ…. အဲဒါဆို မန်နေဂျာအမကြီးက… သူမအားဘူး …ခလေးနို့တိုက်နေတယ် ဆိုရင်… တစ်ချို့ ဆို မယုံဘူး… ဟုတ်လို့ လား.. သူ့မှာကလေးရှိလား ပေါ့.. အဲဒါ ရှင်းပြရတယ်.. အဲဒီအခါဆို.. သနားပြီး ဘောက်ဆူးတွေ အများ ကြီးပေးသွားရော….. မနာလိုတဲ့လူတွေက တော့ ပြောတယ်… မျောက်ပြပြီးဆန်တောင်းတာတဲ့ (ရယ်လျက်)… အဲဒီလိုနဲ့ အမ ပိုက်ဆံစုရတာ…. )



(ဘယ်လောက်တောင်ကြာလဲအမ)



(အင်း.. ဆံပင်ညှပ်ဆိုင်မှာလုပ်နေရင်း သီချင်းဆိုတာ အားလုံး ရှစ်လပေါ့.. အဲဒီလောက်ကြာတယ်…. အဲဒီလိုသီချင်းဆိုနေရင်းနဲ့ အမက ဆိုင်မှာ…. အကုန်လုပ်ပေးတယ်လေ…. မီသားစုလိုပဲ…. စာရင်းဘာညာဆိုလည်း ကိုယ်က အရင် ရုံးစာရေးမလုပ်ခဲ့ဖူးတော့ …. ၀င်လုပ်ပေးလိုက်တာ ပဲ.. တစ်ခါတစ်လေ…. စားပွဲထိုးဘာညာမအားရင်လည်း ၀င်လုပ်ပေးလိုက်တာ ပဲ… အဲဒီတော့ ဆိုင်က မန်နေဂျာအမကြီးက သဘောကျတယ်…. အမ မအားလို့ ကလေးနေမကောင်းတာမျိုး စတဲ့ ရက်တွေဆို သူက အနားပေးတယ်… ပြောလို့ ရတယ်ပေါ့…… ဒီလိုနဲ့ သီချင်းဆိုနေရင်း… မြန်မာဘီယာဆိုင်က သူဋ္ဌေးနဲ့တွေ့ တယ်.. သူက စာရင်းတွေ ဘာတွေနိုင်တယ်ဆိုတော့ … နင်ဒီအတိုင်းသိချင်းဆိုနေလို့ တော့ တိုးတက်မှာ မဟုတ်ဘူး.. သူ့ဆိုင်မှာ မန်နေဂျာလုပ်မလားလို့ ခေါ်တယ်…. အဲဒါနဲ့ သူ့မြန်မာဘီယာဆိုင်မှာ မန်နေဂျာသွားလုပ်ဖြစ်သွားတယ်….. အလုပ်ချိန်ကတော့ အရင် အတိုင်းပဲ ခုနစ်နာရီကနေ.. ညဆယ့်တစ်နာရီ.. ဆယ့်နှစ်နာရီပေါ့… အဲလောက်ထိလုပ်ရတယ်…. အရင် အလုပ်ထက်လည်း လစာပိုရတယ်…. သိချင်းဆိုတာ ထက်စာရင် အများ ကြီးသက်သာတယ်လေ…. အဲဒါနဲ့ အဲဒီ ဆိုင်မှာ…. တစ်နှစ်ကျော်ကြာလုပ်ဖြစ်တယ်…. )



(မြန်မာဘီယာဆိုင် ဟုတ်လား )



(အင်းဟုတ်တယ်… မြန်မာဘီယာရောင်းတာ တာချီလိတ်မှာ အဲဒီ တစ်ဆိုင်ပဲရှိတယ်… စည်ဘီယာ ပေါ့.. အဲဒီ တစ်ဆိုင်ပဲရတာ…. )



(အမ အရမ်း စိတ်ညစ် တဲ့ အခါမျိုးတွေ ကျရင် ဘာလုပ်ဖြစ်လဲ)



(အမငိုတယ်…. အမစိတ်အရမ်းညစ်ရင် ငိုတာပဲ….. အမသူငယ်ချင်းတွေ ဆို … နင်အရမ်း မငိုနဲ့ နင့်မျက်လုံးတွေ ပေါက်ထွက်ကုန်မယ်လို့ ပြောကြတယ်…… အမမှာ ငိုစရာပဲရှိတယ် … တစ်ခြားလုပ်စရာမရှိဘူးလေ….တစ်ချို့ဆိုနောက်တောင်နောက်တယ်.. အမကို မောင့်မျက်၇ည်ဝိုင်းလို့ခေါ်တာ(ရယ်လျက်)…. စိတ်ညစ်စရာတွေ …. စိတ်အားငယ်စရာတွေ များ လွန်တော့ အချိန်တိုင်း မျက်ရည်ဝိုင်းနေလို့ နဲ့ တူပါတယ်…အခုသာရယ်ပြီးပြောနိုင်တာပါ… အဲဒိ အချိန်တုန်းကတော့ အရမ်းအားငယ်ရတာလေ…. အဲဒီ အချိန်တုန်းက စိတ်ညစ်ရတာတွေကို ပြန်ပြီးဖွဲ့နွဲ့တောင် မပြောပြတတ်လောက်အောင်ပဲ…. ဒါပေမယ့် အမ ငိုလည်း ခဏပဲ…. အမြဲပြန်အားတင်းရတယ်…. သားသား အသံလေးကြားရင်.. သားသားကို မြင်ရရင်… သမီးလေး ကျောင်းသွားတာကိုကြည့်ရင်… အဖေနဲ့ အမေကို ကြည့်ရင် စသဖြင့် ပေါ့… အမ စိတ်အမြဲပြန်တင်းတယ်……အမ လဲကျသွားလို့ မဖြစ်ဘူးလေ…. သူငယ်ချင်းတွေ ထဲမှာ တစ်ချို့လည်း ကူညီကြပါတယ်….အမဒုတ်ခရောက်တဲ့ အချိန်တုန်းကပေါ့… အရမ်းကူညီကြသူတွေရှိတယ် … အမ ဘယ်တော့ မှ မမေ့ဘူးသူတို့ ကို…. အခုသူတို့ အကူအညီလိုရင် ကြိုက်တဲ့ အချိန်လာ အမ ပြန်ကူညီပေးတယ်… ဘာပဲလိုလိုပေါ့…)



(ကောင်းပါတယ်. အမ… အမကို တော့ ကျွန်တော် လေးစားပြီးရင်း လေးစားရင်းပါပဲ…..ကျေးဇူးပြုဖူးသူကို ကျေးဇူးပြန်ဆပ်တာ မင်္ဂလာတရားတော်အတိုင်းပေါ့အမ)



(အမ အဲဒါတွေ မသိပါဘူး.. မင်္ဂလာတရားတွေ ဘာတွေကြောင့်လည်း မဟုတ်ဘူး…. အမ အပေါ်ကောင်းတာလေး တစ်ခုခုပဲလုပ်ပေးဖူး….. အမက အမြဲမှတ်ထားတယ်… အခွင့်ကြုံတိုင်းကိုယ်ပြန်ကူညီတယ်… အမက ဒုက္ခရောက်ဖူးတယ်…. ဒီတော့ ဒုက္ခရောက်တဲ့ အရသာကို ဘယ်လောက်ခါးသီးတယ် ဆိုတာ အမသိတယ်….ကိုယ့်အပေါ်ကောင်းဖူးတဲ့သူကို အဲဒီလို ခါးသီးမှုမျိုး အမ မပေးချင်ဘူး .မခံစားရစေချင်ဘူး... ဒါပါပဲ…. )



(ဟုတ်အမ….ဒါနဲ့ အမ…. ဆံပင်ညှပ်ဆိုင် ကိုယ်ပိုင်ဖွင့်တယ်လို့ ပြောဖူးတယ်…. ဘယ်တုန်းက ဖွင့်ခဲ့တာလဲ)



(အဲဒါက အမ… ဘီယာဆိုင် မန်နေဂျာအလုပ်ကနေမထွက်ခင်မှာ ကတည်းက ပိုက်ဆံစုထားတာနဲ့ ဆိုင်ခပ်သေးသေးလေးပေါ့ .. စဖွင့်နေပြီ….မနက်ဆိုင်ဖွင့် ဆိုင်ထိုင်…. ထုံးစံအတိုင်းပါပဲ.. မနက်ခုနစ်… ညခုနစ်ပဲ.. ပြီးရင် ဆိုင်ပိတ်ပြီး ဘီယာဆိုင်ပြေးပေါ့… အဲဒီလို လုပ်ခဲ့တာ ….. ဘီယာဆိုင်မှာ တစ်နှစ်ကျော်လောက်လုပ်ပြီးတဲ့ အချိန်မှာ…. အမအလုပ်ထွက်လိုက်တယ်.. .အဓိက အကြောင်းရင်းကတော့ သမီးလေးပဲ… အဒီ အချိန်မှာ သမီးက ကြီးလာပြီလေ… အဖွားတွေ အဖိုးတွေကလည်း မြေးဦးဆိုတော့ သိပ်အလိုလိုက်ထားတယ်… ဒီတော့ ….သမီးက အမကို ပဲကြောက်တာလေ…. အဲဒီတော့ အမစဉ်းစားတယ်.. သမီးလေး အသက်ကလည်း ခုနစ်နှစ် ရှစ်နှစ်ဖြစ်လာပြီဆိုတော့ … အမ အုပ်ထိန်းမှဖြစ်တော့ မှာလေ…. မိန်းကလေး မဟုတ်လား…… ဒါနဲ့ ပဲ အမ ညဘက်လုပ်နေတဲ့ ဘီယာဆိုင် မန်နေဂျာအလုပ်ကို နားလိုက်ရတာ…. သူဋ္ဌေးကိုလည်း သေသေချာချာရှင်းပြခဲ့တယ်လေ….. အဲဒီကနေ.. ဘီယာဆိုင် မန်နေဂျာအလုပ်က နေထွက်လိုက်ပြီး ပွဲစားစလုပ်ဖြစ်တော့ တာပဲ….. မနက်ပိုင်းဆို.. အဲဒီ ဆံပင်ညှပ်ဆိုင်လေးကို ဖွင့် .. ဆိုင်မှာ ထိုင်နေရင်း နဲ့ ပွဲစားလုပ်ပေါ့….. )



(ဘာတွေ ပွဲစားလုပ်တာလဲ အမ)



(အကုန်ပေါ့.. အဓိက ကတော့ အိမ်ပေါ့…နောက်ပြီးဒီဘက်မှာက ကျောက်လည်း ထွက်တော့ ကျောက်ပွဲစားလည်း လုပ်တယ်….. ကျောက်ပွဲစားလုပ်တော့ ငါးရာခိုင်နှုန်းရတယ်.. အိမ်ဆိုရင်တော့ သုံးရာခိုင်နှုန်းလောက်ပဲရတယ်…. အမက ပွဲစားအလုပ်နဲ့ အကျိုးပေးတယ်ပြောရမယ်…. အမ စပ်ပေးလိုက်တဲ့ အိမ်တို့ မြေတို့ ကျောက်တို့ ဆို.. မဖြစ်တာ အတော်နည်းတယ်.. ပွဲဖြစ်သွားကြတာချည်းပဲ….. ပြိးတော့ ကိုယ်လည်း မျိုးမျိုးမြတ်မြတ်ရလိုက်တာချည်းပဲ…. အမ ပွဲစားအလုပ်ကို ချည်း ပဲ လေးနှစ်နီးပါးလောက်လုပ်ခဲ့တာ ….. အဲဒီလိုလုပ်နေရင်းနဲ့ နှစ် နှစ်လောက်နေတဲ့တော့ အဖေက ပြောတယ်… နင်ကို ကြည့်ရတာ အရမ်း ပင်ပန်းတယ် တဲ့…. တစ်အိမ်လုံးရှိသမျှလူကို နင်ပဲရှာကျွေးနေရတာ …. ငါကြည့်နေရတဲ့ လူတောင် ပင်ပန်းတယ် တဲ့….. အဲဒီ အချိန်မှာ ဘေးအိမ်က ကားထောင်တယ်လေ….ဘေးအိမ်ဆိုတာ က အခုနေတဲ့အိမ်မဟုတ်သေးဘူး… အရင်ဆိုင်ဖွင့်ဖို့ ငှားထားတဲ့အိမ်တုန်းကပေါ့….. ကားဆိုတာက ပေါင်မုန့်ကားပေါ့ .. ခပ်သေးသေးပေါ့…. အဓီက ကတော့ ကုန်တင်တာ..ကုန်ခြောက်တင်တာပေါ့….. အဲဒါမျိုးထောင်တယ်…. အဖေက အဲဒါကို လုပ်ကြည့်ချင်တယ်ပြောတယ်….. ဘေးအိမ်ကလည်း ကျွန်တော်တို့ ကားထောင်တာ ဘယ်လို ဘယ်ချမ်းသာစသဖြင့် … သေချာရှင်းပြပါတယ်….ဒါနဲ့ အဖေ့ကို သေချာမေးရတယ်. ….အဖေက အသက်ကြီးပြီ မဟုတ်လား…. လုပ်လို့ ဖြစ်ပါ့မလားပေါ့…. ဒါနဲ့ အဖေကဖြစ်တယ်တဲ့….. နင်တစ်ယောက်တည်းရှာနေရတာ မကြည့်ရက်လို့ ဆိုတာနဲ့ ကားတစ်စီးဝယ်ပေးပြီးကုန်ကားစဆွဲတာပဲ…. အဲဒီ တုန်းက ပိုက်ဆံလည်း သိပ်အများကြီးမရှိသေးပါဘူး…ဒါပေမယ့် ဒီမှာ ကယိုးဒယားကနေ ကားဝယ်လို့ ရတယ်လေ.. ဘတ် တစ်သိန်းကျော်ဆို ကားရပြီ… ကားကတော့ ယိုးဒယားနံပါတ်နဲ့ပဲ….အဲဒီ လိုနဲ့ ကားစထောင်ဖြစ်သွားတာ…. မဆိုးဘူး အတော်အလုပ်ဖြစ်လိုက်တယ်…ဟိုဘက်ခြမ်းမှာက သူဋ္ဌေးမတွေ ရှိတယ်လေ…. သူတို့ ဆီကနေ ဂိုဒေါင်ကနေပြီး ယိုးဒယားခေါက်ဆွဲခြောက်ဘာညာအစုံကို ဒီဘက်ကို ပို့ပေးရတာ… ဒီဘက်က ကုန်စုံဆိုင်တွေကို လိုက်ဖြန့်ပေးရတာပေါ့….. ကားက အဖေပဲမောင်းတယ်….ဟိုဘက်ကမ်းဒီဘက်ကမ်းက သိပ်လည်း မဝေးဘူးလေ….. အမအခုနေတဲ့အိမ်က နေ.. ဆို….တာချီလိတ်မြို့လယ်ခေါင်ပေါ့… ဒီကနေ ဆိုင်ကယ်နဲ့ သွားရင် ဆယ်မိနစ်ပဲ…..ရွှတ်ခနဲ ဆိုရောက်သွားရော… ဟိုဘက်ကမ်းကို….ကားနဲ့ကတော့ ဂိုေ ဒါင်အထိဆို နှစ်မြို့စာလောက်သွားရတယ်ပေါ့…. အဖေက အသက်ကြီးပေမယ့် .. အဲလောက်အကွာအဝေးတော့ မောင်းနိုင်သေးတယ်….. အဲဒီလို အမလည်း ဆံပင်ညှပ်ဆိုင်လည်း ဖွင့် ပွဲစားလည်း လုပ်.. အဖေက လည်း ကားထောင်တာနဲ့ အတော်ကလေး ကြာတယ်…. ပိုက်ဆံကို တတ်နိုင်သမျှစုတာပဲ….. )



(အမအခု ဖွင့်ထားတဲ့ အင်တာနက်ဆိုင်နဲ့ network ဂိမ်းဆိုင်ကို ကျတော့ ဘယ်လိုစိတ်ကူးရပြီးဖွင့်ဖြစ်တာလဲ အမ… ကျွန်တော်သိချင်တာက ကိုယ်နဲ့ သိပ်မသက်ဆိုင်တဲ့ အလုပ်လေ…. ဘယ်လို စိတ်ကူးရသွားလဲသိချင်တာ)



(အဲဒီ စိတ်ကူးက ရတာတော့ အတော်ကြာပြီ…အမ သမီးလေးကို လွန်ခဲ့ တဲ့ တစ်နှစ်လောက်က ကွန်ပျူတာ သင်တန်းစတက်ခိုင်းတယ်…. အမက ငယ်ငယ်က စာသိပ်မကြိုးစားခဲ့တော့ ကိုယ်သားသမီးကို အကုန်တတ်စေချင်တယ်… ထူးချွန်စေချင်တယ်.. ဒီတော့ သမီးကို ကွန်ပျူတာ သင်တန်းစတက်ခိုင်းတာပဲ….အိမ်မှာလည်း ကွန်ပျူတာ တစ်လုံးဝယ်လိုက်တယ်…သမီး သင်တဲ့ သင်တန်းက စာတွေ ကို အမ ဖတ်တတ်သလောက်ဖတ်တယ် .. ဖတ်ပြီး အိမ်မှာ သုံးကြည့်တယ်… အကုန်လျှောက်လုပ်ကြည့်ရင်း တဖြည်းဖြည်း တတ်လာတာပဲ… အခုဆို အမ ကွန်ပျူတာ ကောင်းကောင်းသုံးတတ်နေပြီ… ဒီလိုနဲ့ နေရင်း..အမ သမီးကို ကျောင်းပို့တဲ့ အခါ…. အမလိုရွယ်တူ ကျောင်းသားမိဘတွေ နဲ့ စကားပြောဖြစ်တယ် အဲဒီ အခါ… သူတို့ ကလေးတွေ အကြောင်း…. ကွန်ပျူတာ အကြောင်းပေါ့…. ကလေးတွေ ဂိမ်းဘယ်လိုဆော့တယ် ဘာညာပေါ့ စသဖြင့်ပြောနေတာ ကြားရတယ်… ဒါပေမယ့် သူတို့ပြောနေတာ တွေက အလွဲတွေ ပေါ့….ဘယ်လိုပြောရမလဲမောင်လေးရယ်…. ကွန်ပျူတာ သုံးတတ်နေတဲ့ လူက မသုံးတတ်တဲ့လူတစ်ယောက်ကွန်ပျူတာ အကြောင်းပြောရင် သိနေသလိုပေါ့… အဲလို တွေ့ရတယ်… အဲတော့ အမစဉ်းစားတယ်…. သူတို့ က ကွန်ပျူတာ ကို မသိချင်တာ မတတ်ချင်တာ မဟုတ်ဘူး .. သိချင်တတ်ချင်တယ.်. ဒါပေမယ့် အဲဒီ ကွန်ပျူတာ ဆိုတာကြီးကို ကြောက်နေတာ…..သင်တန်းတွေကျတော့ လည်း ကလေးတွေနဲ့ ယှဉ်ပြီး မတက်ချင်ဘူးရှက်တယ်…. ဒီတော့ အဲဒီ မှာ အတွေးတစ်ခု အမရတယ်… ငါသာ ငါတို့အရွယ်တွေ အတွက် ကွန်ပျူတာ သင်တန်းလေး ဖွင့်နိုင်ရင်ကောင်းမယ်ပေါ့… သူတို့ ကို ဘာမှခက်ခက်ခဲခဲမဟုတ်ဘူးလေ.. ကွန်ပျူတာ အခြေခံလောက်ကလေးပေါ့… ကိုယ်တတ်သလောကို သင်ပေးမယ်ပေါ့.. နောက်တစ်ချက်က ဒီမှာက အင်္ဂလိပ်စာမရကြဘူး….. ဒီမှာက ပညာရေးအဓိက မဟုတ်ဘူးလေ.. ဘယ်သူမှ ဘွဲ့ ရတာ ဘွဲ့မရတာကို လည်း မမေးဘူး ..ဂရုလည်းမစိုက်ကြဘူး…. ပိုက်ဆံရှိတာ မရှိတာ ပဲ ဂရုစိုက်တာ… ဒီတော့ … သူတို့ ကို အမနားလည် သလို .. နားလည် စေချင်တယ်… အမကသာ.. လွယ်လွယ်ကူကူရှင်းပြနိုင်ရင် ကွန်ပျူတာ သင်တန်းကလေး အမဖွင့်နိုင်မယ်ပေါ့ …. အဲဒီလို အကြံစရတယ်.. ဒါပေမယ့်လို့ မလုပ်ဖြစ်လိုက်သေးပါဘူး….. ကိုယ့် အလုပ်နဲ့ကိုယ်က ရှုပ်နေခဲ့တာမဟုတ်လား…. အဲဒီ အချိန်မှာပဲ အမ အင်တာနက်ဆိုတာ နဲ့ စသိခွင့်ရတယ်.. .သမီး သင်တန်းက နေပါပဲ…. ဒီတော့ အမ အင်တာနက်ကို လေ့လာပြန်တယ်…. အီးမေလ်း….. ဂျီတော့ …. ဖေ့ဘွတ်ခ် စတာတွေကို အမလေ့လာတယ်… ဒါနဲ့ အမ.. ရဲ့ သင်တန်းမှာ အဲဒါလေးတွေ ပါ အခြေခံထည့် သင်မယ်လို့ တေးမှတ်ထားလိုက်တယ်….. နောက်တော့ … ကလေးတွေ သွားသွားကစားနေတဲ့ ဂိမ်းဆိုင်လေးတွေကို သတိထားမိတယ်လေ… ဒီတော့ အင်တာနက်ဆိုင်ရယ် သင်တန်းရယ် … ဂိမ်းဆိုင်ရယ် တွဲဖွင့် ရင်ကောင်းမယ်လို့ စိတ်ကူးရတယ်…. နောက်ပြီး အင်တာနက်သုံးနေရင်းနဲ့ စားနိုင်တဲ့ အစာ ပေါ့ပေါ့ပါးပါးလေးတွေ ပါရောင်းမယ် စိတ်ကူးမိတယ်.. ကိုယ်လည်း ကွန်ပျူတာ လုပ်နေရရင် ထမင်းမေ့ ဟင်းမေ့ လေ.. ဒိတော့ …. ကိုယ့်လို ထမင်းမေ့ ဟင်းမေ့တွေ ဆိုင်မှာ တစ်ခါတည်း စားနိုင်အောင်လုပ်မယ် လို့ တွေးမိတယ်… ဟမ်ဘာဂါ.. အာလူးကြော်… ထမင်းကြော်… ဖျော်ရည် စတာတွေပေါ့… အဲလိုမျိုးပါတွဲရောင်းချင်တယ်… ဒါတွေက စိတ်ကူးပဲရှိပါသေးတယ်… ကိုယ့် ငွေအားနဲ့ လူအားနဲ့ ဆိုမနိုင်သေးဘူး လေ.. အဲဒီ အချိန်က…… ဒါပေမယ့် အမ စိတ်ကူးက ပျောက်မသွားဘူး ..ဖြစ်အောင်လုပ်ကြည့်ချင်တယ်…ဒီတော့ တတ်နိုင်သမျှ ရတဲ့ ပိုက်ဆံကို စုထားတာပဲ…… )



(ဒီလိုနဲ့နေလာရင်းက … တစ်ရက်တော့ အမရဲ့ သူဋ္ဌေး…. တောင်ပေါ်က သူဋ္ဌေးပေါ့.. အမ အိမ်တွေ ခြံတွေ စပ်စပ်ပေးနေတဲ့ သူဋ္ဌေးလေ… သူက မြို့လယ်မှာ အိမ်တစ်လုံးရှိတယ်.. ပိတ်ထား၇တာ ဒီတိုင်းထားလည်း အလကားပဲ…. နင်ဆိုင်တွေ ဘာတွေ ဖွင့်ဖို့ စိတ်ကူးမရှိဘူးလားဆိုတော့… အမက .. ဒီလိုပေါ့ အင်တာနက်ဆိုင်ဖွင့်ချင်တယ်…. ဆိုပြီး ပြောပြတယ်…. သူတို့ ကလည်း သဘောကျတယ်.. ဒါနဲ့ ဒီအိမ်…. အခု အမနေတဲ့ အိမ်ကို ဈေးသက်သက်သာသာ နဲ့ပေးလိုက်တာပဲ…… အိမ်က လေးထပ်ရှိတယ် .. .အကျယ်က ..မျက်နှာစာကို ခြေလှမ်း ၃၀ ကျော်လောက်လှမ်းရမယ်… အနောက်ကတော့ ပေကိုးဆယ်လောက်ရှိမလားမသိဘူး… အမ မပြောတတ်ဘူး…. )



(ဒါဆို သုံးဆယ့်ငါးပေ.. ပေကိုးဆယ်လောက်ရှိမှာပေါ့ အမ…)



(အင်း ဟုတ်တယ် အဲလောက်ထင်တယ်……… ဒါနဲ့ ဆံပင်ညှပ်ဆိုင်ကိုလည်း ဒီကိုရွေ့ လာ….. အောက်ထပ်ခန်း ကို နှစ်ကန့် ကန့်လိုက်ပြီး…. တစ်ခြမ်းမှာ ဂိမ်းအတွက် ကွန်ပျူတာ ဆယ်လုံး ထားလိုက်တယ်… အနောက်ဘက် အခန်းမှာ ဆာဗာတစ်လုံးထိုင်ထားလိုက်တယ်…ဘေးဘက်က အခြမ်းမှာတော့ … ခုံတွေ ချထား ပြီး ဟမ်ဘာဂါ.. အာလူးကြော် .. ထမင်းကြော်.. အအေး… သစ်သီးဖျော်ရည် စတာတွေ ရောင်းတယ်…. အပေါ်ထပ်မှာတော့ ….စက် ဆယ်နှစ်လုံးက အင်တာနက်အတွက် ထားတယ်… တစ်လုံးကို တော့ သင်တန်းစကြည့်ဖို့ လုပ်ထားတယ်….စစချင်း က ဆို အရမ်း ပင်ပန်းတာ .. လူကို ရူးချင်ရောပဲ….ဒီစက်တွေ ဆင်တော့ ဟိုဘက်ကမ်းက… ကောင်လေး တစ်ယောက်က လာဆင်ပေးတာလေ…. သူတို့ ကတော့ လိုအပ်တဲ့ အချိန်ခေါ်လို့ ပြောပါတယ်.. ဒါပေမယ့် ကိုယ်က တတ်ချင်တာ ကိုး.. ဒီတော့ သူတို့ ဘာလုပ်လုပ် လိုက်မေးလိုက်ကြည့်ထားတာပဲ….. စက်က အားလုံး နှစ်ဆယ့် သုံးလုံးပေါ့….. အခု ဆို နှစ်လလောက်ရှိပြီ…. အမဆိုင်က နာမည်လည်း ရတယ်… ကွန်နက်ရှင်လည်း ကောင်းတယ်… ပေါ့….. ဆိုဖာဘာညာနဲ့ သေချာလုပ်ပေးထားတော့ …. ကလေးတွေကစားရတာလည်း သက်တော့ သက်သာရှိတယ်လေ…. ဒါပေမယ့် သင်တန်းအနေနဲ့ ကတော့ အမမှန်းထားသလို အမ အရွယ်တွေ က မလာကြသေးဘူး…. အခု သင်တန်းလာအပ်တဲ့ တာလည်း ကလေးတွေ ပဲများသေးတယ်…. ဆယ့်သုံးဆယ်လေးလေးတွေပေါ့….)



(ဆံပင်ညှပ်ဆိုင်ကရော အမ….)



(အမပဲလုပ်တယ်လေ…….အခုနေတဲ့ သုံးထပ်မှာ ဆံပင်ညှပ်ဆိုင်ကိုထားတယ်…. အပေါ်ထပ်ဆိုပေမယ့် ဆိုင်းဘုတ်တင်ထားတော့ အမဖောက်သည်တွေကလာတယ်… အမက .. ကိုယ့်အလုပ်ပေါ်မှာ အမြဲစေတနာထားတယ်… ကိုယ့်ဆီလာတဲ့ ဖောက်သည်ကို ဘယ်တော့ မှစိတ်ညစ်ပြီးပြန်သွားရတယ် မရှိအောင် လုပ်ပေးတယ်… ဒီတော့ အမဖောက်သည်တွေကလည်း အမဆီမှာပဲ ဆံပင်မျက်နှာအကုန် အမဆီမှာပဲလာလုပ်တယ်… အဓိကကတော့ စေတနာပဲမောင်လေးရဲ့ … စိတ်ကောင်းကောင်းထား… ဒါဆို ကိုယ်ကို အမြဲအကျိုးပေးတာပဲ….. အမပြောခဲ့ဖူးသလိုပေါ့…. စားသောက်ဆိုင်မှာ အမ သီချင်းဆိုတုန်းကလည်း အမအလုပ်မှာ စေတနာထားပြီး သူ့ အလုပ်ကိုယ့် အလုပ်မတွက်ကပ်ခဲ့ဘူး…. ဒီတော့ ….အခွင့်အရေးသစ်ဖြစ်တဲ့ မန်နေဂျာ အလုပ်ပေါ်လာတော့ …. အမအတွက်ပဲဖြစ်ခဲ့တယ်… ဒီလိုပဲ ဘယ်အလုပ်မဆို စေတနာထားလုပ်ရင်… ကိုယ့် ဆီမှာ ဖောက်သည် အမြဲရှိနေမှာပဲ….. အခွင့် အရေးအသစ်တွေလည်း အမြဲရှိနေမှာပဲ….. ပွဲစားလုပ်တုန်းကလည်း … သူဋ္ဌေးပေါ်မှာ အမစေတနာထားပြီး သူ့ ကို အလုပ်ဖြစ်အောင်လုပ်ပေးတော့ … ဒီအိမ်ကို ဈေးသက်သက်သာသာ နဲ့ အမရလိုက်တယ်…. ဒါပဲပေါ့… ဘယ်အလုပ်မဆို စေတနာထားလုပ်ရင်ဖြစ်တာချည်းပါပဲ…… အခု လည်း အမရဲ့အင်တာနက်ဆိုင်ကို … အကောင်းဆုံးဖြစ်အောင် စေတနာထားလုပ်တော့…… ဆိုင်နာမည်ရလာတယ်…. နှစ်လအတွင်းမှာ … အတော်ကလေးအောင်မြင်တယ်ဆိုတဲ့ အခြေအနေကို ရလာတယ်….. ဒီအတွင်းမှာ အရင် အလုပ်ဖြစ်တဲ့ အလှပြင်ဆိုင်အလုပ်ကို လည်း အမ ပစ်ထားစရာမလိုဘူး….. အမစေတနာကြောင့် ဖောက်သည် မပျက်ဘူး…. ဒါကြောင့် အမပြောတာပေါ့ .. စေတနာပဲ….. အဲဒါ အဓိကပဲ)



(ဒါနဲ့ ကားထောင်ထားတာကကော အမ)

(နားလိုက်ပြီ မောင်လေးရဲ့… အဖေက အသက်ကြီးပြီဆိုတော့ အမလည်း စိတ်မချဘူးလေ.. အဒါကြောင့် အခု ခဏနားထားလိုက်တယ်…. အဖေ့ အတွက်တော့ …. ဆိုင်ဘေးမှာနေရာလွတ်ရှိနေသေးတာနဲ့… စနူကာခုံ နှစ်ခုန်သွင်းပြီး… ဆိုင်ထိုင်ခိုင်းထားလိုက်တယ်…. အဖေက ၀ါသနာပါတယ်လေ…… )

(ဟား… အမကတော့ တကယ် မလွယ်တာပဲ)



(ဒီလိုပဲ လုပ်ရတာပါပဲကွာ…… လူဆိုတာ ရပ်တန့်နေလို့ မှ မရတာ….ပြီးတော့ …. အမက ဘယ်အလုပ်မဆိုကိုယ်တိုင်လုပ်ရမှ ကြိုက်တယ်…. အခု ဆိုင်မှာ ဂိမ်းဆိုင်အတွက် အကူ… ကောင်လေး နှစ်ယောက်…. စားသောက်ဆိုင် အတွက် အကူ ကောင်မလေး ၃ယောက်ခေါ်ထားတယ်.. ဒါပေမယ့် သူတို့ က အကူပဲ… အမပဲ အကုန်လုပ်တာ….. ထမင်းကြော်… ဟမ်ဘာဂါလုပ်တာ က အစ .. သူတို့ က ဘေးက ကူတာလောက်ပဲရှိတယ် . … အမပဲကိုယ်တိုင်ကြော်တယ်…. အချက်အပြုတ်လည်း အမက ၀ါသနာပါတော့ …. လုပ်နေရရင် ပင်ပန်းတယ်ရယ်လို့ကို မရှိပါဘူး…. နောက်ပြီး…. အလှပြင်ဆိုင်ဆိုလည်း လူအကူတောင်မခေါ်နေတော့ ဘူး.. အမကိုယ်တိုင်ပဲလုပ်တာပဲ…… ကိုယ်တိုင်လုပ်တဲ့ အခါကျတော့ အလေအလွင့်လည်း နည်းတယ်…. ကိုယ်ပင်ပန်းပေမယ့် .. စိတ်ကျေနပ်မှုရတယ်….. ဒါမျိုးပေါ့….. အမက တတ်နိုင်သလောက်…အထိတော့ အကုန်ကိုယ်တိုင်လုပ်နေဦးမှာပဲ…. နောက်တစ်ချက်က … အရင်ကတည်းက .. အလုပ်တွေ မတရားလုပ်ခဲ့လို့လားမသိဘူး….. အလုပ်မလုပ်ရရင်ကို မနေတတ်တော့ ဘူး…. ပြီးတော့ အခုချိန်အထိ တစ်ခါတစ်ခါဆို အိပ်မပျော်ဘူး… အရင်တုန်းက လေးနာရီလောက်ပဲအိပ်ခဲ့တာ ဆိုတော့… အခုလည်း လေးနာရီလောက်အိပ်ပြီးတာ နဲ့ နိုးနေပြီ…(ရယ်လျက်)… အခုလည်း … အမက စဉ်းစားနေတာ.. ကွန်ပျူတာ ပစ္စည်း ဆိုင်လေးလည်း တွဲဖွင့်ချင်တယ်…. နောက်ပြီး သီချင်းသွင်းတာ ဘာညာပေါ့… အဲဒါတွေလည်း သီးသန့်လုပ်ချင်တယ်…. စိတ်ကူးတွေကတော့ အများကြီးပါပဲ…..အလုပ်လုပ်ပါများတော့ .. ခေါင်းထဲလည်း အလုပ်ပဲ တန်းစီနေတယ်ထင်ပါတယ်… တစ်ခါတစ်ခါတော့ လည်း စိတ်တွေ မောမိတယ်…. တကယ်…)



(အမကို စပ်စုတာတော့ မဟုတ်ဘူးနော်.. အမအနေနဲ့ ဆို အခု အသက်က လည်း သုံးဆယ်ကျော်ရုံပဲရှိသေးတယ်.. အမ က ချောတဲ့ အထဲမှလည်း ပါတယ်လေ(ရယ်လျက်)……ဆိုတော့ .. လာကမ်းလှမ်းတဲ့ လူတွေ ဘာတွေမရှိဘူးလား)



(တော်ပါပြီ….. လာကမ်းလှမ်းတာတွေတော့ ရှိတာပေါ့… ဒါပေမယ့် …. မယူချင်တော့ပါဘူး…. အမအခုလိုလွတ်လွတ်လပ်လပ်နေရတာပဲသဘောကျတယ်….. အမမိသားစုနဲ့ မဖြစ်ပါဘူး.. အမစဉ်းစားကြည့်ဖူးပါတယ်… ရည်းစားလည်း ထားဖူးပြီးပြီ…. တစ်ခါဆိုမှ တစ်ခါပါပဲ.. အိုး ….. ငါးပါးကို မှောက်ရောပဲ……ကြာပါပြိ.. ကြာတာမှတော်တော်ကို ကြာခဲ့ပြီ…. မဖြစ်ပါဘူး… အမ လည်း အခုလို နေရတာ အသားကျနေပါပြီ….. နောက်အိမ်ထောင်တော့ ဘယ်တော့ မှ ထပ်မပြုတော့ ဘူး….. သားသားတို့ သမီးတို့ ကိုလည်း စိတ်မညစ်စေချင်ဘူးလေ…. အမတစ်ယောက်တည်းလည်း အခု သူတို့ ကို ပြည့်ပြည့်စုံစုံထားနိုင်နေပြီပဲ…. ဘယ်သူ့ ကို မှ အားကိုးစရာမလိုတော့ ပါဘူး….. အားလည်း မကိုးချင်တော့ ပါဘူး ကွယ်… )



(သြော်…..ဟုတ်အမ….. တကယ်လို့ အမ အကြောင်းတွေကို ကျွန်တော် စာရေးချင်တယ်ဆို အမ ခွင့်ပြုမလား)



(ရေးပါမောင်လေး…… ခွင့်ပြုပါတယ်…. အမနာမည်ကို ပါထည့်ရေးချင်လည်းရေးလို့ ရပါတယ်….. အမကလည်း စာေ၇းချင်တာပါ…. ဒါပေမယ့် ပါရမီကမပါတော့ …ငါ့မောင်ကို ပဲအားကိုးရတော့ မှာပဲ….(ရယ်လျက်)…. အဓိကကတော့ လူငယ်တွေကို သိစေချင်တာပါ….. တစ်ခါလဲ ကျသွားလို့ စိတ်ဓာတ်ကျမသွားပါနဲ့…..ကြိုးစားရင်ဘာမဆိုဖြစ်ပါတယ်….. ဆိုတာလေးကို ပါ)

(အမ လောက မှာ ဒုတိယအခွင့် အရေးဆိုတာကို ယုံလား)



(အင်း ယုံတယ်… အမလည်း အဲဒါကို ပဲပြောချင်တာ….. လောက မှာ ဒုတိယအကြိမ်အခွင့် အရေးဆိုတာ အမြဲတမ်းရှိတယ်…. လူငယ်တွေလွယ်လွယ်လေးနဲ့ စိတ်ဓာတ်မကျသွားစေချင်ဘူး…….အမ သုည ဘ၀ရောက်နေခဲ့တဲ့ အချိန်ကသာ… အမကိုယ် အမ… အားငယ်ပြီး ဆွဲနှစ်ထားခဲ့မိရင်… အမဘ၀တစ်ခုတည်း ပျက်သွားမှာမဟုတ်ဘူးလေ…. အမရဲ့ သားသမီးနဲ့ အမ အဖေအမေရဲ့ ဘ၀တွေ ပါ သွားမှာ…. ဘ၀ငါးခုလုံး ပျက်မှာ….. ဒါကြောင့် ကို အမ ကြိုးစားခဲ့ရတာ…. အမအနားက လူငယ်လေးတွေကို လည်း အမ အကြောင်းကို ပြောပြောပြပြီး….. ကြိုးစားဖို့ အမြဲပြောပါတယ်….. ကုန်းကောက်စရာတပြားမှ မရှိတဲ့ အခြေအနေက နေ… အခု … လို ကိုယ့်လက်အောက်မှာ အလုပ်သမားတွေကို ကွပ်ကဲပြီး အောင်မြင်တဲ့ အခြေအနေတစ်ခုကိုေ၇ာက်အောင် ကြိုးစားခဲ့ရတာကို အမြဲပြောပြတယ်….. )



(ဟုတ်ကဲ့ ပါအမ ကျေးဇူးတင်ပါတယ်…. ကျွန်တော် ရေးဖြစ်အောင်ရေးပါမယ်… ကျွန်တော်လည်း အမနဲ့ စကားပြောရတာ သဘောကျပါတယ.်…… အခု အမ အနေနဲ့ အောင်မြင်မှုတွေလည်း အများကြိးရနေပြီ…. စီးပွားရေးဆိုလည်း အဆင်ပြေနေပြီဆိုတော့ …. အမ နောက်ဘာထပ်လုပ်ချင်သေးလည်း)



(ရယ်လျက်) ( အမ… နားချင်တယ် … အမအမှန်အတိုင်းဝန်ခံတာ ပါ… အမနားချင်ပြီ…. ခရီးတစ်ခုကို အေးအေးဆေးဆေး တစ်ယောက်တည်း ထွက်ပစ်လိုက်ချင်တယ်……. အလုပ်တွေ အားလုံးကို တစ်ယောက်ယောက်နဲ့ ခဏလောက်ဖြစ်ဖြစ်လွှဲခဲ့ပြီးတော့ ပေါ့….. ခရီးတွေ မထွက်ရတာ အမတော်တော်ကြာခဲ့ပြီ …. နှစ်တွေ တော်တော် ကြာခဲ့ပြိလေ… အမ အေးအေးဆေးဆေးခရီးထွက်ပြီး ပြန်လာပြီးမှပဲ…. ဒီအလုပ်တွေကို ပြန်လုပ်ချင်တော့ တယ်….. )



ဟုတ်တာပေါ့… သူမမောရှာပြီပေါ့…သူမ ဘ၀အမောများစွာက ကျွန်တော့ ဆီသို့ ပါ ကူးဆက်လာပါသည်…….



ထိုအချိန်တွင် သူ မ သားလေမှ အာလူးနှင့် ပေါင်မုန့် စားချင်ကြောင်း ပြောသည်ကို တယ်လီဖုန်းထဲမှကြားနေရပါသည်….



(ကဲ မောင်လေးရေ ကြားတဲ့ အတိုင်းပဲ အမ သားက တော့ အမကိုယ်တိုင်လုပ်ပေးမှစားတာ…. ကဲ .. အမဖုန်းချလိုက်တော့ မယ်နော် )



ကျွန်တော်ရင်မောစွာဖြင့် တယ်လီဖုန်း….. ကို ချလိုက်ပါသည်…….သေချာပြန်စဉ်းစားကြည့်တော့ … သူမနှင့် စကားစပြောစဉ်က ကျွန်တော်က စကားကြီး စကားကျယ်နှင့်…… စာရေးဖို့ လျှောက်ပြောနေခဲ့မိတာ ဖြစ်သည်….တကယ်တမ်းတော့… သူမမှာ ကျွန်တော့်ထက်… ကြီးကျယ်မှုတွေ ရှိနေခဲ့ပါသည်….. ကျွန်တော့ လိုစကားလုံးတွေတောင်မဟုတ်… အတွေ့အကြုံများ စွာဖြစ်သည်…. စိတ်ဓာတ်များစွာ ဖြစ်သည်….. လူတတ်ကြီးလုပ်ခဲ့မိသောကိုယ့်ကိုယ်ကို ပင် ပြန်ပြုံးမိပါသည်…..



ကျွန်တော့ လက်ပ်တော့ ကို လှမ်းယူလိုက်ပါသည်……. ခေါင်းစဉ်ကို စဉ်းစားရပါသည်…….. ဘယ်ကစရေးရမည်နည်း………

ကျွန်တော် ရိုးရှင်းစွာပဲပြောပြဖို့ စိတ်ကူးမိပါသည်

ကျွန်တော်ချရေးလိုက်မိသည်..... မစံပါယ် နှင့် အင်တာဗျူး

by: လင်းလွန်းညို
06/18/2012 12:34 (PM)

No comments:

Post a Comment