သူ့ နာမည်က မောင်တိန်… ဟုတ်တယ် နှစ်လုံးတည်း မောင်တိန်ပဲ…..
သဲကြီးကုန်းရွာမှာ မောင်တိန်ဆို မသိသူမရှိပေါ့ … ဘာလို့ တုန်းဟုတ်လား….
မသိသူမရှိဆို သူက ရွာဦးကျောင်းက ဆရာတော်ရဲ့ ကပ္ပိယလေ… အရင်ကတော့
ကျောင်းသားပေါ့… အသက်ကြီးလာတော့.. ဘုန်းကြီးကျောင်းသားထဲမှာ မှ
စီနီယာအကျဆုံး ကျောင်းသားဖြစ်… အဲ …. နောက်တော့ ဆရာတော်က သူ့ကို ကပ္ပိယ
ရာထူးပေးလိုက်တော့ တာပါပဲ… ဘာလို့ဆို သူက စီနီယာအကျဆုံးလေ….. ကျဆို
.. သူက ဆရာတော့်ကျောင်းရောက်တာ နှစ်သုံးဆယ်ကျော်ပြီကိုး….…သူ့ အောက်က ကျောင်းသားေ...တွက…. သူ့ လောက်ဆ၇ာတော်အထာကို မှ မသိပဲကိုး….. ကဲထားပါတော့လေ….. ကပ္ပိယမောင်တိန် .. မောင်တိန်ကပ္ပိယပေါ့…
အင်း.. မောင်တိန်က ဟိုစပ်စပ် ဒီစပ်စပ်လည်း ရှိတယ်… တစ်ချိန်လုံးကို
အငြိမ်မနေတတ်တာ… ဟိုဟာလေးဆိုကလိလိုက်ရမှ… ဒီဟာလေးဆိုလည်း ကလိလိုက်ရမှ….
ဒီလိုလူစားမျိုး…. ဆရာတော်ကျောင်းအောက်က သူ့ အခန်းထဲ သွားကြည့်
ပစ္စည်းအစုံရှိတယ်.. ရေဒီယိုအပျက်ယူမလား.. မီးပူအပျက်ယူမလား….
မီးဖိုအပျက်ယူမလား…. အဲ ဗေဒင်ကျမ်းဘာညာလည်းရှိသဗျ….
နောက်ပြီး….သူ့ နံရံပေါ်မလည်း.. ဟိုဟာတွေလျှောက်ရေး ဒီဟာတွေ
လျှောက်ခြစ်ထားတာ လည်း စုံလို့ … ဘာမှလည်းမယ်မယ်ရရမဟုတ်ပါဘူး….. ပြီး
အစောက ပစ္စည်းတွေ..ြ့ပင်တတ်သလားသွားမေး တစ်ခုမှ မပြင်တတ်ဘူး… ပြင်သလိုလို
ပြုသလိုလို လုပ်လိုက်… ပြန်ချထားလိုက်… နဲ့… ဘာတစ်ခုမှ ပြီးတယ်ရယ်လို့
ရှိတာမဟုတ်ဘူး….ပြောပြီးပါပကော စပ်စပ် စပ်စပ် ပါဆို…. ကလိနေရမှပါဆို.. ဒီလို မောင်တိန်လေ….ကဲပါ… ထားလိုက်ပါတော့…
ဖြစ်တာကတော့ …. လွန်ခဲ့ တဲ့ လေးငါးခြောက်လက…. ရွာနားမှာ ဆက်သွယ်ရေးက …
အင်တင်နာတိုင် လာထောင်သွားတာက စတာပဲ…. သဲကြီးကုန်းဆိုတာ က… ပဲခူးမြို့ နဲ့
လည်း ခပ်နီးနီးမဟုတ်လား… ရွာကလည်း အတော်ကြီးတာဆိုတော့… ဖုန်း တိုင်ထောင်တဲ့
လမ်းကြောင်းပေါ်ပါတယ်ထင်ပါတယ်… လာထောင်သွားတာပဲ…. လာထောင်တုန်းကလဲ ဘာအတွက်မှန်းလည်း မသိကြပါဘူး… ဘာတိုင်ကြီးမှန်းလည်း သိတာရယ်မဟုတ်ဘူး…..ဟိုဒီစပ်စပ်
မောင်တိန်တို့ လောက်သာ သွားစပ်စုကြတာ… သူတို့ ပြောလို့ ပဲ တယ်လီဖုန်း
အင်တင်နာ ဆိုတာ သိရတာပါ…. ဘယ်သူမှလည်း စိတ်ဝင်စားလှတယ်မဟုတ်ပါဘူး…. တယ်လီဖုန်းဆိုတာ ရွာမှာ.. အုပ်ချုပ်ရေးမှုးအိမ်လောက် …မြို့နယ်ဆေးပေးခန်းလောက်ရှိပြီးရောပေါ့…
လက်ကိုင်ဖုန်းတွေ ဘာတွေဆိုတာ ဘယ်သူမှကိုင်သေးတာ မဟုတ်ဘူးရယ်…… ဈေးကလည်း
အတော်ကြီးတာ မဟုတ်လား…. ကိုယ်တွေနဲ့ လားလားမှ မဆိုင်လေ….
အေး.. အဲဒီ တယ်လီဖုန်းကို ရောဂါစထတာကတော့ ဦးဘဦးပဲ…. ဦးဘဦးဆိုတာက
ရွာ့မျက်နှာဖုံးလေ… ဒင်းက ဆန်စက်တွေ ဘာတွေ လည်း ပိုင်တယ်….
သူဋ္ဌေးပေါ့ကွယ်…. ရွာဥိးကျောင်းမှာ သူလှူထားတာ နည်းမှ မနည်းပဲ.. ဆရာတော်က
မုဒ်ဥိးဆို ဟော မုဒ်ဦး…. ဆေးသုတ်ချင်တယ်ဆို .. ဟောဆေးသုတ်… အမိုးဆို ဟော
အမိုး.. ဒါမျိုးလှူတာ ကလား….. အေး… အဲဒီ ဦးဘဦး က… တစ်ခါတော့ မြို့
တက်ပြီးပြန်အလာ လက်သုံးလုံးလောက်ရှိတဲ့ အပြားလေး သယ်လာပါလေရော....
ဂျီအက်စ်အမ် လက်ကိုင်ဖုန်းတဲ့…ချစ်တော့ ချစ်စရာလေးဗျ…. သူက ဒီဖုန်းကို
ဝယ်ချင်တာ ကြာပြီလေ…မြို့ က ဆန်လာလာသယ်တဲ့ ဒိုင်က… မန်နေဂျာ ရဲ့ ခါးမှာ
ချိတ်ထားတာ မြင်ကတည်း က အတော်သဘောကျနေခဲ့တာကိုး…. ဒါကြောင့် မြို့
မသွားခင်ကတည်းက အပြန် ဂျီအက်စ်အမ် ၀ယ်လာမယ်ဆိုပြီးတော့ ကို တက်သွားတာ…ရွာက
လူ အားလုံးကလည်း…. ဂျီအက်စ်အမ်ဆိုတာ ဘာမှန်းသိတာ မဟုတ်ဘူးရယ်….
ဦးဘဦးမြို့ သွားနေတဲ့ အချိန်တစ်ချိန်လုံးတော့ တစ်ရွာလုံး မောင်တိန့်
လေလုံးထဲ မှာ မျောနေကြရတာကလား… မျောဆို ရွာမှာ လက်ကိုင်ဖုန်း မြင်ဖူးတဲ့ ထဲ
မှာသူလည်း ပါတယ်လေ… မြို့ က လာတဲ့ ဆရာတော့ ဒကာရင်းတွေ ခါးမှာ ချိတ်ထားတာ
သူမြင်ဖူးထားတာကိုး…. အဲဒါကို ပဲ မောင်တိန်က ဂျီအက်စ်အမ်ဆိုတာ ဘယ်လို
ဖြစ်ကြောင်းဘယ်ဝါဖြစ်ကြောင်းကို
… သူပဲ ကိုင်ဖူးသယောင်ယောင်ကို ပြောတော့ တာ… ရွာက လူတွေကလည်း
ဘာသိမှာတုန်း….. မြင်မှ မမြင်ဖူးတာ.. နွားမမြင်ဖူးတဲ့လူ ကို ..
နွားကနှာမောင်းနဲ့ လို့ ပြောလည်း ယုံမှာပဲ မဟုတ်လား.. ဒီတော့
ဥိးဘဦးပြန်မလာမချင်းကို မောင်တိန်ကရွှီးနေတော့ တာ…
ညနေ ဦးဘဦးပြန်လာတော့.. အဲဒီ ဂျီအက်စ်အမ်လေး ပါလာပါလေရော…. အတော်လေးကို လှတာဗျ… ငါးသိန်းတောင်ပေးရတယ်ဆိုလားပဲ….
ဒါတောင် .. အဲဒိ ကဒ်သေးသေးလေးကို ထည့် ရတဲ့ …စကားပြောရတဲ့ ဖုန်းအခွံလေး
မပါသေးဘူး..ဖုန်းအခွံလေးက သက်သက်ဝယ်ရတာတဲ့… နှစ်သိန်းပေးရတယ်ဆိုလား…
အမလေး.. ကိုဘဦးတို့ တစ်မိသားစုလုံးလည်း အဲဒီ ဖုန်းကလေးရကတည်းက…တစ်နေ့
တစ်နေ့ အိမ်ရှေ့ ထွက်ဖုန်းအော်အော်ပြောရတာအမော…ဦးဘဦးမိန်းမ.. မလှကြည်ကလည်း… ရွာလည်လမ်းမှာ ဟိုကို ဖုန်းထိုးပြီး ပြောလိုက်ဒီိကိုဖုန်းထိုးပြီးပြောလိုက်နဲ့
နေတာ…. သူ့တို့ သားလေး.. မောင်တင်အောင်က အဆိုးဆုံးပေါ့…..
လူပျိုပေါက်ဆိုတော့… သူ့ အဖေလစ်တာနဲ့ကို အဲဒီ ဖုန်းကလေးကို
ကိုင်ပြီးလမ်းသလားနေတော့တာ လေ….. တယ်လီဖုန်းကလေး
သုံးကိုယ်ခွဲထားသလားမှတ်ရတယ်… ဘယ်လို ဝေမျှကိုင်တယ်ရယ်တော့မသိပါဘူး… သူတို့ တမိသားစုလုံးလက်ထဲ… ဖုန်းနဲ့ ကွာတယ်ရယ်လို့ ကို မရှိဘူး…. တစ်ရွာလုံး မျက်စိကို နောက်ရောပဲ…..ကဲ.. ထားလိုက်ပါတော့….
အဲဒီလို ဦးဘဦးတို့ ဖုန်းကိုင်တာကို မျက်စိနောက်နေတဲ့ ရွာသားတွေထဲမှာ ..
မောင်တိန်က အဆိုးဆုံးပဲ… သူက ဂျီအက်စ်အမ်ဆိုတာကို …မြင်ရုံလောက်မြင်ဖူးတာ….
အစကတော့ မြို့ကလူတွေချည်းကိုင်နေတာဆိုတော့….သူနဲ့ သိပ်မအပ်စက်လှဘူးထင်ထားတာ…. အခု
ရွာထဲက လူကြီးကိုယ်တိုင်ကိုင်နေပြီဆိုတော့
… မောင်တိန်တို့ အသည်းတယားယား ပေါ့…. ပြောပြီးပါပကော.. ဟိုစပ်စပ် ဒီစပ်စပ်
ပါဆို…. သူလည်း ဒီဖုန်းလေး ကိုင်ဖူးချင်နေတာ…. ဒီတော့ မောင်တိန်ကြံတယ်လေ…
သူ့ အခြေအနေနဲ့တော့ လက်ကိုင်ဖုန်းကိုင်ဖို့ ဝေးလို့….
အ၀တ်အစားတောင်အနိုင်နိုင်မဟုတ်လား….
ဆရာတော်က စွန့် မှ ရတဲ့ ပိုက်ဆံလေးနဲ့ ၀ယ်ဝတ်ရတာလေ…..ဒီတော့
ဒီတယ်လီဖုန်းကို ကိုင်ဖို့ ဆိုတာ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူး… ဒါပေမယ့်
မောင်တိန်ပဲလေ… ဟို စပ်စပ် ဒီစပ်စပ်.. ဥာဏ်က ဒီတစ်ခါတော့
အတော်အသုံးကျသွားတယ်ထင်ပါ….ဆရာတော့ကို ဖုန်းဝယ်ဖို့ တိုက်တွန်းတော့တာကိုး….
ဆရာတော်ကလည်း ဘာသိမှာလဲဗျာ…. လက်ကိုင်ဖုန်းဆို ဘာမှန်းတောင်သတိထားမိဖူးတာ
မဟုတ်ဘူးရယ်.. ဒီတော့ မောင်တိန်က ဖုန်းဝယ်ဖို့ လာပြောတော့…. မောင်တိန်
ပြောတဲ့ လက်ကိုင်ဖုန်းဆိုတာကို အတော်ကလေး မျက်စိထဲမြင်အောင်ကြည့်ရတာကလား…. မောင်တိန်က
(အရှင်ဘုရား.. ပြောလို့ ပြောတာမဟုတ်ဘူးဘုရား…. အရှင်ဘုရားက ဒိတစ်ဝှိက်မှာ…သတင်းကလည်းကြီး…
ကိုးကွယ်သူကလည်း များတော့ .. တရားဟောတွေ ခဏခဏ သွားရတာမဟုတ်လားဘုရား…
ဒီတော့ ကျောင်းကို အရေးအကြောင်းရှိလို့ အရှင်ဘုရားကို လာပင့်တဲ့ အခါ…
ကျောင်းသားတွေဆိုတာလည်း စိတ်ချရတာဟုတ်ဘူးလေ … ဘုရာ့… ဒီတော့… အရှင်ဘုရားနဲ့
တိုက်ရိုက်တွေ့ တာ အကောင်းဆုံးပဲမဟုတ်လား..)
(အေး
ဟုတ်တော့လည်း ဟုတ်တယ် ငတိန်၇ဲ့.. ဟိုတစ်လောက … ရွာလယ်.. ဒကာမကြီး
ဖွားရင်ရဲ့ နာရေးလာပင့်တာ.. ရက်မှားမှတ်ထားလို့ .. ငါမှာ
အတော်ကသီလင်တနိုင်ခဲ့သေးတာ မဟုတ်လား… )
(တင်ပါ့ဘုရား … ဒါကြောင့် တပည့်တော်က တယ်လိဖုန်းလေးဝယ်ဖို့ အရှင်ဘုရားကို
တိုက်တွန်းရတာဘုရား… ဟင်းဖုန်းကလေး ရှိနေတော့.. အရှင်ဘုရားဘယ်သွားသွား….
အတူပါနေမှာလေ ဘုရား…..ဘယ်သူက လာလျှောက်လျှောက် အရှင်ဘုရားနဲ့
တိုက်ရိုက်တွေ့ပြီပေါ့ဘုရား…မှားစရာလည်း မရှိတော့ ဘူးပေါ့ဘုရား)
(အေး ဟုတ်တော့လည်း ဟုတ်သားဟ…. ဒါပေမယ့် အဲဒိ ဟင်းဖုန်းဆိုတာ ငါလည်း တခါမှ
ကိုင်ဖူးတာ မဟုတ်ဘူးလေ… ဘယ်လို ကိုင်ရမှန်းတောင် သိတာမှ မဟုတ်ပဲ….. အင်း
ရှိပြန်တော့်လည်း ကောင်းပါတယ်…. ဒါမှ တစ်ခုခု ဆို အနောက်ရွာက ..
ငါ့အမျိုးတွေ ဆီ ခြေလျှင်ကြွနေစရာမလိုဘူးပေါ့…
အနောက်ရွာ ဆေးပေးခန်းကို ဖုန်းဆက်ခေါ်လိုက်ရုံပေါ့…. အင်း… ဒီတော့
ငတိန်…ငါဖုန်းဝယ်မယ်… ဟိုတစ်လောက မြို့ က ဒကာကြီးလာကပ်ထားတဲ့
ဝတ္ထုတွေရှိတယ်မဟုတ်လား.. အေးအဲ့ဒီထဲက ပဲ ၀ယ်လိုက်… သွား ရွာ ထိပ်က ဘဦး
သွားခေါ်ချေ… သူက မြို့ ခဏခဏတက်တတ်တာဆို .. သူ့ ပဲ မှာရမှာ… သွားသွား ..
မြန်မြန်ပြန် လာချေ..)
ဘဦးတို့ ပျော်ချက်ဘာပြောကောင်းမလဲ..
ရွာလယ်တစ်လမ်းလုံး ကုလားဘုရားပွဲလှည့် သလို… လှည့် ပတ်ကပြီးတော့ကို
ပြေးတော့တာ… ဖုန်တွေကို မှုန်လို့…. ဘာကြာလို့ တုန်း…ချက်ချင်း ဦးဘဦးကို
တက်ခေါ် ကျောင်းကို ချက်ချင်းလိုက်ခဲ့ဖို့ ကို ပြောတာ… ဟိုကလည်း
ဆရာတော်ခေါ်တယ်ဆိုတော့ အားတာမအားတာ အပထား မပယ်ရှားဝံ့ဘူးကိုး ..
ချက်ချင်းကို လိုက်လာတာပဲ…. ဒါနဲ့ ကျောင်းရောက်တော့…
(ဟဲ့ ဘဦး… နင်မြို့ ဘယ်တော့တက်မလဲ)
( သဘက်ခါပါဘုရား)
(အေး မြို့ တက်ရင်.. ငါ့အတွက်… နင်ကိုင်တဲ့ဖုန်းလေး တစ်လုံးလောက်ဝယ်ခဲ့စမ်းပါကွယ်…. ငါဝတ္ထုထည့် ပေးလိုက်ပါ့မယ်… ငတိန့်ပါခေါ်သွားပေါ့….. ဒါနဲ့ အဲဒီဖုန်းက ဘယ်လောက်ပေးရတုန်း )
(ငါးသိန်းပါဘုရား…. အဲ ဟင်းဆက်… ဖုန်းအခွံပေါ့ဘုရာ့ အဲဒါနဲ့ ပါဆို…
ခြောက်သိန်းကျော်လောက်တော့ ကျမယ်ဘုရာ့.. … ဒါပေမယ့် စိတ်မပူနဲ့ ဘုရား..
အရှင်ဘုရားလိုတယ်ဆို တပည့်တော်လှူပါ့မယ်ဘုရား… ၀တ္ထုလည်း ထည့်
မပေးလိုက်ပါနဲ့ ဘုရား.. တပည့် တော်ဝယ်ကပ်ပါ့မယ်ဘုရား )
(အေးကွယ်.. အေးအေး.. ငါ့မလဲ နင့်လို ဒကာတစ်ယောက်ရှိတာ..
အတော်စိတ်အေးရတာပဲ…. သာဓုသာဓုသာဓု ကွယ်….. ဒိလို ဘဦးရေ… ဘုန်းကြီးက…
တရားပွဲတွေခဏခဏသွားနေရတော့ .. ကျောင်းကို အရေး အကြောင်းရှိလို့
လာလျှောက်တဲ့ အခါ…ဘုန်းကြီးနဲ့ မတွေ့ဘူးလေ… ကျောင်းက
ကျောင်းသားတွေဆိုတာလည်း စိတ်ချရတာ မဟုတ်တော့ ဟိုတစ်လွဲဒီ တစ်လွဲတွေ
မှတ်ကြတာ ကလား… ဒါကြောင့် တစ်ခုခုဆိုဘုန်းကြီးဆီ … တခါတည်း
ဖုန်းထိုးပြီးလျှောက်လို့ ရအောင်လို့ ပါ… )
(ဒါပေါ့ဘုရား .. လိုအပ်တာပေါ့…. )
(အေး ဒါဆို သဘက်ခါကျ… မောင်တိန့်ပါ ခေါ်သွား ဟုတ်လား… ငါကဖုန်းကိုင်မှာ
မဟုတ်ဘူး.. သူ့ ပဲ ဘယ်လို ကိုင်ရတယ်ဘာညာဆိုတာ သေချာပြထားလိုက်ပေါ့… ကဲ ကဲ
.. သွားချေတော့ .. အဲဒါခေါ်ပြောတာ..)
ဒီလို နဲ့ မောင်တိန်လည်း … ဦးဘဦးနဲ့ အတူမြိုတက်သွားကြတယ်ဆိုပါတော့….
ဟို မြို့ က.. ဖုန်းဆိုင်မှဖုန်းတွေ ဘာတွေ ၀ယ်ပေါ့… ဟိုဖုန်းဆိုင်က
ချာတိတ်ကလည်း… မောင်တိန်ကို သေချာပြပေးပါတယ်… ဒါက … ဖုန်းနံပါတ်မှတ်တာ..
ဒါက .. ဖုန်းသံပြောင်းတာ.. ဒါက သီချင်းနားထောင်တာ စသဖြင့်ပေါ့… ကောင်ကလေးက
စေတနာတွေ ထားပြီး…. ဖုန်း သံတွေတောင် အပိုတွေ အများကြီးထည့်ပေးလိုက်တာကိုး…… မောင်တိန့် အကြိုက်ပေါ့လေ….
ဒါနဲ့ သဲကြီးကုန်းပြန်ရောက်လို့….ဆရာတော်ကို တယ်လီဖုန်းကပ်… ဖုန်းတွေ အစမ်းခေါ်ကြည့် … အနောက်ရွာက.. ဆရာတော့ အမျိုးတွေ ဆီဖုန်းနံပါတ်လှမ်းပေးပေါ့လေ…
ကျောင်းပေါ်မှာ စည်ကားနေတော့ တာ…. ရွာထဲက လူတွေလည်း လာကြည့်ကြတယ်..
ကြည့်ကြမယ်လေ.. ဒါက ရွာကို ဒုတိယရောက်လာတဲ့ ဟင်းဖုန်းလေး မဟုတ်လား…. အို ..
ဒါနဲ့ ပဲ အဆင်ပြေပြေပေါ့လေ….. မောင်တိန်လည်း သူကိုင်ချင်တဲ့ဖုန်းကလေး
ကိုင်ခွင့်ရ .. ကလိခွင့်လေးရသွားတာပေါ့….
အဲ နောက်တစ်ခုကတော့ ရွာထဲကလူတွေ ခေါ်ရပြုရအဆင်ပြေအောင် ..ဆရာတော့ ဖုန်းနံပါတ်ကို သင်ပုန်းကြီးကြီးမှာရေးပြီး… ကျောင်းအ၀င်ဝမှာ ချထားလိုက်တော့တာ… မဟုတ်ရင် တစ်ယောက်တစ်ပေါက်လာမေးနေတော့
မှာလေ…ဒါလည်း မောင်တိန့် လက်ချက်ပဲ.. သူရေးထားပုံလည်းကြည့်ဦးလေ
(ကျောင်းထိုင်ဆရာတော်ကြီး ဦးသုမလ..သာရေး... နာရေး... တရားပွဲ...
အဝေးပင့်နိုင်ပြီ.... ဖုန်း ၀၉ ၄၃၀.... ဒါကာဟောင်း ဒကာရင်း.. ဒကာသစ်များ
ဆက်သွယ်နိုင်ပြီ) ကဲ မသိရင်.. ဘုန်းကြီးကြော်ငြာလိုလို ဘာလိုလို နဲ့....
အဲဒီလို မောင်တိန်ရယ်ပါ...
ပြောချင်တာကတော့ အဲဒီကလိတာပဲ… မောင်တိန်ခမျာ အဲဒီ ဖုန်းရကတည်းက
မျောက်အုန်းသီးရသလို .. လက်ကကို မချတော့ ဘူး.. ဟိုဟာတွေ လျှောက်လုပ်ကြည့်
ဒီ ဟာတွေ လျှောက်လုပ်ကြည့် ဖုန်းအသံတွေ ပြောင်း… ဖုန်းနဲ့
ဓာတ်ပုံတွေရိုက်.. အို … အစုံအစုံကို စမ်းတော့ တာ… အမှန်က သူ
ဟိုချာတိတ်ပြလိုက်တာကို မှတ်မိနေလားဆိုတော့ မဟုတ်ဘူးဗျာ… သူ့ ဟာ သူ
တတ်ယောင်ကားလျှောက်စမ်းတာ ရယ်…. ပြောပြီးပါပကော.. စပ်စပ် မောင်တိန်ပါဆို…
ဘာမှဟုတ်တိပတ်တိတတ်တာရယ်မဟုတ်ဘူး….
အဲ… နောက်တစ်ခု…..ဆရာတော်မှာက တယ်လီဖုန်းရှိသွားပြီ ဆိုပေတဲ့ …. ခက်တာက
ဘယ်သူမှ ဖုန်းမဆက်ကြတာပဲ…. ရောက်စရက်ကတည်း က အခုဆို တစ်လလောက်ရှိရောပေါ့…
မဆက်ဆို .. လူတိုင်းမှာ ဖုန်းရှိနေတာ မှ မဟုတ်ပဲလေ.. .. ဘယ်သူဆို
ဘယ်သူမှကို မဆက်တာ… ဒီတော့ ဖုန်းက မောင်တိန်ကလိဖို့ သက်သက်လိုကိုဖြစ်နေတာ…
တနေ့ တနေ့…
ဆရာတော်ဆွမ်းစားပြီးတယ်ဆိုတာနဲ့… မောင်တိန်တစ်ယောက်တယ်လီဖုန်းခါးချိတ်ပြီးရွာထဲ
ပတ်တော့ တာပဲ…. လူနဲနဲထူထူတွေ့တာနဲ့….. ဆရာတော့ အမျိုးတွေ ဆီဖုန်းဆက်ပြီး…
တစ်ခွန်းနှစ်ခွန်းလောက်… အော်ကြီးဟစ်ကျယ်ပြောပြလိုက်သေးတာ ..
( ဟယ်လို ဟယ်လို… ဟုတ်တယ်…. မကြားရဘူး.. ဘသာအေး ကို သွားပြောပေးဦး….
ဆရာတော် ဦးသုမလ ကမေးတယ်.. နေသာရဲ့ လားလို့ …. အခုပြောနေတာလား..
မောင်တိန်လေ… ဆရာတော်ကပ္ပိယလေ… အင်း ဟုတ်တယ် သဲကြီးကုန်းက ဆက်နေတာ..
ရတယ်ရတယ် ပြန်မခေါ်နဲ့… နေကောင်းတယ်ဆိုပြီးတာပါပဲ….ဒါပဲဒါပဲ ) ဆိုပြီး အော်ကြီး ဟစ်ကျယ်ကို ပြောတော့ တာ……သူ့မလဲ ဆက်စရာလူက ဒါပဲရှိတာလေ…
ဆရာတော်ကလည်း ဘာမှစိတ်ဝင်စားတာရယ်မဟုတ်ဘူး .. တယ်လီဖုန်းလာရင်ပြောမယ် ဒီလောက်ပဲ… မလာလည်း သိပ် သတိထားမိတာ မဟုတ်ဘူး… ပြောချင်တာတော့ .. ဖုန်းက မောင်တိန်လက်ချည်းပဲဆိုပါတော့လေ…..
ဒါနဲ့ တစ်ရက်တော့…. ရွာနဲ့ အတော်ခပ်လှမ်းလှမ်း ရွာငယ်တစ်ခုက .. ဆရာတော့ကို
အလှူအတွက်လာပင့်တယ်…. ထုံးစံအတိုင်းမောင်တိန်ကို ပြင်စရာရှိတာ
ပြင်ခိုင်းပေါ့လေ… ကျောင်းမှာရှိတဲ့ ဘုန်းကြီးလေးပါးနဲ့ ဆရာတော်နဲ့
ငါးပါးပေါ့…. မောင်တိန်ကတော့ ပျော်သည်ပဲ…. တယ်လီဖုန်းရပြီးကတည်းက ဒါပထမဆုံး
တခြားရွာကို လိုက်ရတာ မဟုတ်လား… သူဖုန်းနဲ့ ရှိုးထုတ်ခွင့်ရပြိလေ…
ကိုယ်ရွာထဲမှာတော့ သူရှိုးထုတ်တာရိုးနေလို့ ဘယ်သူမှ ကို လှည့်မကြည့်တော့ တာ…
မြင်ပျင်းကတ်တာလည်း ပါမှာပေါ့လေ….
ဒီလိုနဲ့ ပဲ
မောင်တိန်တစ်ယောက် ဖုန်းကလေး ခါးချိတ်ပြီး… တစ်ဘက်ရွာကို ဆရာတော့်နောက်က
လိုက်သွားတယ်ဆိုပါတော့…. ရွာရောက်တော့ အလှူက အတော်စည်တာကိုး… ရွာကလည်း
ငယ်တော့ ရွာလုံးကျွတ်ကို လာစားတော့တာ…. ပြီးတော့ နာမည်ကြီးတဲ့ ဆရာတော့ကို
ဖူးချင်တာလည်း ပါတာပေါ့လေ… ရွာနည်းချုပ်စပ်တွေပါ ပါတယ်… ဒါနဲ့ ပဲ ဆွမ်းတွေ
ဘာတွေ ဘုန်းပြီး သင်္ကန်းတွေ ဘာတွေ ကပ်ပေါ့…. နောက်ဆရာတောက်
ကတရားခပ်လတ်လတ်တပုဒ် ဟောမယ်ပေါ့… ဒါနဲ့ ဆရာတော်က တရားဟော စင်ပေါ်တက်လာတယ်…
တက်လာပြီး… မောင်တိန်က နေကထိုင်ဘာညာပြင်ထားပေးရမှာလေ…
ဖြစ်ချင်တော့ ဆရာတော်ထိုင်ရမယ့်နေရာမှာ နေကထိုင်က ရှိမနေဘူး…
နောက်လှည့်ကြည့်တော့ …မောင်တိန်လေ…..မောင်တိန်… တယ်လီဖုန်းကို
ရှိုးလေးထုတ်ပြီး… ဟိုလေးနိုပ်လိုက် ဒီလေးနိုပ်လိုက်လုပ်နေတော့ တာ…. ဆရာတော်
စင်ပေါ်တက်သွားတယ်ဆိုတာ တောင်သူမသိလိုက်ဘူးထင်တယ်… ရွာက လူတွေကလည်း
ဝိုင်းကြည့်တာပေါ့.. သူတို့ဆီ မှာဒီဖုန်းကိုမြင်မှ မမြင်ဖူးပဲကိုး…..လမ်း
မကြီးနဲ့ နီးလို့ အင်တင်နာတိုင်ထောင်တဲ့ ဧရီယာထဲ သာ ပါနေတာ…. သူတို့ရွာလေး
မှာ ဘယ်သူမှ ဟင်းဖုန်းကိုင်ကြတာမဟုတ်ဘူးရယ်… ဆရာတော်လည်း မောင်တိန်ကို ..ကြည့်နေရင်းမြင်ပြင်းအတော်ကတ်သွားတယ်ထင်တယ်..
(ဟဲ့ငတိန် .. ဘယ်မလဲ နေကထိုင်… ) လို့ လှမ်းမာန်လိုက်တယ်….
အဲဒီတော့ မောင်တိန်တစ်ယောက်… ပြာရီးပြာယာနဲ့ စင်ပေါ်တက်နေကထိုင်တွေ ဘာတွေ အကျအနခင်းပေလိုက်တယ်…ဘေးမှာလည်း
ရေနွေးဘာ ညာငှဲ့ပေးပေါ့လေ…. ပြီးတော့ စင်အောက်ကို ဆင်းမယ် အလုပ်
မောင်တိန်လက်ထဲ က တယ်လီဖုန်းကိုဆရာတော်က လုထားလိုက်တယ်…. တော်ကြာ ..
ဘုန်ကြိးတရားဟောနေတုန်း.. ဒီဖုန်းကို ကလိနေရင်…. အာရုံက ဘယ်ရတော့ မလဲ….
တရားနာတဲ့လူလည်း အာရုံမရဖြစ်နေမှာပေါ့…. ဒါနဲ့ ဖုန်းကို ယူ…တရားဟော
တဲ့ရှေ့က မိုက် တင်ထားတဲ့ စားပွဲပေါ်မှာတင်ထားလိုက်တယ်….
ဟုတ်တယ် မိုက်ပါတယ်.. လူက အတော်များတော့… ရွာက လူတွေက.. မိုက်နဲ့
လော်နဲ့ကို စီစဉ်ထားတာ…..ရှေ့ နောက်ဝဲယာ အကုန်ကြားနိုင်အောင်ပေါ့….
ကဲ..ဆရာတော်တရားစဟောတာပေါ့လေ…
အရပ်ဆယ်မျက်နှာကို မေတ္တာပို့ …. ပြီးတော့ တရားနိဒါန်းကို စဖွင့်လိုက်တယ်…
တဖြေးဖြေးနဲ့ တရားက အရှိန်ရလာတယ်… တရားဟော ကောင်းတဲ့ ဆရာတော်မို့ အောက်က
ပရိသတ်ကလည်း အသံလေး တစ်သံတောင်မထွက်ဘူး … နာလိုက်တာ ငြိမ်လို့
…ဆရာတော်ကလည်း .. ပရိသတ်နားလည်အောင် ပါလိတွေ ဘာတွ
တတ်နိုင်သလောက်ရှောင်ပြီးဟောပေးတယ်… အလှူကလည်း ကွယ်လွန်သွားတဲ့ မိဘတွေကို ရည်စူးပြီး လှူတာမို့ .. မိဘကျေးဇူးတရားလေးကို ဟောပေးတယ်… အဲဒီ အချိန်မှာပေါ့
(အေး ပရိသတ်ရေ….. မိဘဆိုတာ… မပြစ်ပယ်ကောင်းဘူး…. ခေတ်လူငယ်တွေနော်ခေတ်လူငယ်တွေ.. သတိထား…. အေး ခုတလောများ… လူငယ်လေးတွေ မိဘကို ရိုရိုသေသေကို မတွေ့ဘူး…. ရှိနေတုန်းအချိန်မှာရိုသေမှ.. လုပ်ကျွေးမှ…. မိဘဆိုတာ အစားပြန်ရနိုင်လားပရိသတ်…)
(ကိုကိုရေ.. ကော်ဖီကိုလား သောက်မလား…သိန်းသုံးဆယ်တောင် ရမှာနော်…. )
ပရိတ်သတ်နည်းနည်းကြောင်အမ်းအမ်းဖြစ်သွားတယ်…
ဆရာတော့် တရားကို ထောက်မလို့ လုပ်တုန်း လော်ကနေထွက်လာတာ
ဘာသံကြီးတုန်းပေါ့…. ကိုကိုရေ.. ကော်ဖိကိုလာ သောက်မလားတဲ့… ဘယ်မိန်းမက
မေးတာတုန်း…. ဆရာတော့အနား မိုက်ခွက်ကို ကြည့်တော့ လည်း ဘယ် မိန်းမမှ မတွေ့
ဘူးလေ
(ကိုကို… ကော်ဖီကိုလာသောက်မလား သိန်းသုံးဆယ်တောင်ရမှာလို့….. ကိုကို .. ကော်ဖီကိုလာ သောက်မလားလို့ မေးနေတယ်လေ… )
ဆရာတော်လည်း ပထမတော့ ကြောင်နေသေးတယ.်.. နောက်တော့ မှ
ခေါင်းနပန်းကြီးသွားတယ်… ကြည့်လိုက်တော့ သူ့ ရှေ့ မိုက်ခွက်
နားမှာတင်ထားတဲ့ တယ်လီဖုန်းက လာနေတာကိုး….. ဘယ်နှယ့်မိဘကျေးဇူးလုပ်နေတုန်း
ကော်ဖီကိုလာ က ပါလာတာတုန်း… ပြိးတော့ ဘုန်းကြိးကို ကိုကို ကိုကို …
လုပ်နေသေးတယ်…ဟင့် အင်း မသောက်တော့ ဘူး ဒါကာမရေလို့ ပဲပြန်ဖြေရတော့
မလိုလို…… တောက်.. ဒါ ဟိုကောင်ငတိန်လက်ချက်….
မောင်တိန်ကို လှည့်ကြည့်တော့ မျက်နှာက .. ပုရွက်ဆိတ်လောက်ရှိတော့
တာ….သူကလိထားမိတာလေ… သူဆတ်ဆော့ လက်ဆော့လုပ်ထားမိတာကိုး… ဘုန်းကြီးလည်း
ရှက်ရှက်နဲ့ ပဲ ဖုန်းကို … မောင်တိန်ဘက်လှမ်းထိုးပေးလိုက်တယ်… မောင်တိန်လည်း ဖုန်းကို ယူပြီးတာ နဲ့ ခပ်ဝေးဝေးကို ပြေးတော့ တာ….ဒါတောင်
(စိတ်တိုလာပြီနော်…. လမ်းမှာတွေ့ရင်ပြောပေးပါ အရမ်းမုန်းတာကို လို့ .. ဟွန့် စိုင်းစိုင်းလိုပဲပြောပလိုက်တော့မယ်.. )
ဆိုပြီး အသံက ဆက်ထွက်လာသေးတာ…. ဆရာတော့ ခမျာမှာ ဘယ်လို ရှင်းရမှန်းကို
မသိတော့ တာ … ဟောရမယ် တရားလည်း သတိမရနိုင်တော့ ဘူး.. မျက်နှာကို
ရဲနေရောလေ…. ပရိသတ်တွေကလည်း သို့လော သို့လောပေါ့….. ဖုန်းတောင်မှ
မမြင်ဖူးတာ… အခုလို… အသံနဲ့ ဆိုတော့ ဘယ်သူက ဖုန်းလာတယ်ထင်မလဲ….ဘုန်းကြီးကိုင်တဲ့
လက်ကိုင်ဖုန်းက .. ဘုန်းကြီးကို ကိုကို ကိုကို ခေါ်နေတယ်ဆိုတော့ .. ကဲ
ကြားလို့ မှ ကောင်းသေးရဲ့လား… ရွာမှာရှိတဲ့ တစ်ခုတည်းသော ဖုန်းက
ကြိုးဖုန်း… မြည်လည်း ကလင်… ကလင်ပဲ….
တော်သေးတာ တစ်ခုက … အဲဒီတရားပွဲမှာ.. ကျေးရွာ အမက ကျောင်းက ကျောင်းအုပ်ဆရာလေးရောက်နေတာ ပဲ…. သူက ပဲထပြီး…
ဆရာတော့ရှေ့ က မိုက်ခွက်ကို .. ဆရာတော့ကို လျှောက်ပြီးခဏယူ…. ပြိးတော့ ပရိသတ်ကို ရှင်းပြရတော့တယ်… ဒါဟာ တယ်လိဖုန်းလာတာဖြစ်ကြောင်း… တယ်လီဖုန်းအသံကို အထူးပြုလုပ်ထားတာဖြစ်ကြောင်း….အဲဒီလို ပဲ ဖုန်းကကြောင်ပြီး တစ်ခါတစ်ခါဖြစ်တတ်ကြောင်း….
ရှင်းပြရတယ်… ဒီထက်လည်း စစ်စစ်ပေါက် ပေါက်… ရှင်းပြလို့ မရဘူးလေ.. ရွာက
လူတွေက နားမှ မလည်တာ.. အခု ဆရာလေးရှင်းပြလိုက်တော့ .. အော် .. တယ်လီဖုန်းက
စက်ကြောင်ပြီး.. မဟုတ်တဲ့ အသံတွေထွက်လာတာကိုးလို့ လက်ခံလိုက်ကြတယ်……
ဆရာတော်ကို ထင်ယောင်ထင်မှားတွေ မရှိတော့ဘူးပေါ့…. မဟုတ်ရင် .. ဒင်းတို့
ထင်တတ်ပုံမျိုးနဲ့ ကတော့ ဗျာ…. တသက်လုံး သိပ်ခါ နဲ့ နေလာတဲ့ ဆရာတော်လည်း….
မလွယ်ကြောပဲဗျို့…..
ဒါနဲ့ ပဲ ဆရာတော်လည်း
တရားကို မြန်မြန်အဆုံးသတ်ပြီး ပြန်ကြွလာခဲ့တယ်… တယ်လီဖုန်းကလည်း… ဆရာတော့်
အမျိုးတွေ အနောက်ရွာက လှမ်းဆက်ပြီး သာကြောင်းမာကြောင်းမေးတာပါ…. လမ်းမှာလည်း ဖုန်းထပ်လာသေးတယ်.. အဲဒိ အသံနဲ့ ပဲ
(ကိုကို ရေ.. ကော်ဖီကိုလာသောက်မလား… ) နဲ့ပဲ….
ဖြစ်ဆို မောင်တိန် ကလိသာ ကလိတတ်တာကလား.. ဘာမှ ဟုတ်တိပါတ်တိသိတာရယ် မဟုတ်ဘူး.. လေ… ဖုန်း အသံတွေကို ပြောင်းချင်ရာတွေပြောင်းပြီး ပြန်မပြောင်းတတ်ဘူးပေါ့….. ဒါနဲ့ ရွာရောက်တဲ့ အထိကို ဆရာတော ဒေါသက မပြေသေးဘူး … မောင်တိန်ကို ချည်း မျက်ထောင့်နီနဲ့ကြည့်နေတာ…. မောင်တိန်ဆိုနေစရာကို မရှိဘူး….
နောက်မှကျောင်းသားတစ်ယောက်ကို
ဦးဘဦးကို ခေါ်ခိုင်းပြီး ဖုန်း အသံပြောင်းခိုင်းရတယ်… ဖြစ်ချင်တော့
ဦးဘဦးကလည်း ဖုန်းသာ ကိုင်နေတာ အသံတွေ ဘာတွေ ပြောင်းတတ်တာ မဟုတ်ဘူးရယ်… အဲ
ကယ်တင်ရှင်ကတော့ … မောင် တင်အောင်လေးပဲ.....ဦးဘဦးသားလေးလေ….
သူပဲ ဖုန်းအသံကို ပြောင်းပေးရတယ်…. သူကတော့ မြို့ကျောင်းလည်း တက်….
လူကလည်း လူငယ်ဆိုတော့ နားလည် မှာပေါ့လေ…. ဒါနဲ့ ဖုန်းသံပြောင်းခါနီးတောင်
ဆရာတော်ကို လျှောက်သေးတယ်..
(အရှင်ဘုရား ဘယ်သံကြိုက်သလဲ ဘုရား)
(ဘယ်အသံမှ မကြိုက်ဘုးဟေ့… ငါ့ကို ကလင်… ကလင်သာ ပြောင်းထားပေး… ဖုန်းလာမှန်းသိရင်တော်ပြိး….
အေး.. ဟိုအကောင် ငတိန်လည်း …. ဒီတယ်လီဖုန်းကို အဖျား သီဖို့
တောင်မစဉ်းစားနဲ့ … ဟင်း.. အသက်ကြီးလာလို့ … ကြိမ်လုံးဒဏ်က
လွတ်သွားတယ်မှတ်… ခြေအငြိမ်မနေ .. လက်အငြိမ်မနေ… သွား ..အခုကျောင်းအောက်ကို
ဆင်း… ကုဋီတွေ အကုန်သွားဆေးခြေ… ဒိတစ်လလုံး .. ဘယ်ကျောင်းသားမှ ကုဋီ
မဆေးနဲ့… နင့်အငြိမ်မနေတဲ့ လက်ကို…. အဲဒီ ကုဋီဆေးတဲ့ နေရာမှာပဲသုံး…
သွားအခု ဟင်း ငတိန် ငတိန် နင်ပေးတဲ့ ဒုတ်ခ.. ငါကံကောင်းလို့ သိပ်ခါမကျတယ်…
ကျောင်းအုပ်ဆရာ လေးကယ်ပေလို့ ပေါ့.. ဟင်း…)
ဆိုပြီး မာန်ထည့်လိုက်တော့ တာ….. အဲဒီနောက်တော့ ရွာမှာ အတော်ကလေး
မျက်စိနောက်သက်သာသွားတယ်…. ခါတိုင်းလို တယ်လီဖုန်းခါးချိတ်ပြီး
လမ်းသလားတတ်တဲ့ မောင်တိန်….ရွာလယ်လမ်းမှာ အော်ကြီးဟစ်ကျယ်ဖုန်းပြောနေတတ်တဲ့ မောင်တိန်လည်း ကုဋီထဲက ကို မထွက်ရဘူးပေါ့….ကောင်းပါတယ်…. အဲဒီလို ဗျ.. အဲဒိ လို….ဆရာတော့ တယ်လီဖုန်းလည်း… ကလင်… ကလင်ပဲမြည်တော့ တယ်… ဖုန်းအသံပိတ်တာကို လည်း ဆရာတော်ပဲကိုယ်တိုင်သင်ပြီး…ကိုယ်တိုင်ပဲလုပ်တော့
တယ်…. မှတ်သွားပြီလေ… ဘယ်သူ့ကို မှ မယုံစားရဲတော့ ဘူးကိးု…… အဲဒီ
လိုပါဗျာ… အဲဒီလို……ပြန်ပြောတိုင်း ငိုအားထက် ရယ်အားထက်ပါ…..
ကျုပ်စိတ်ထင်လည်း တယ်လီဖုန်းသံက ကလင်ကလင်ပဲကောင်းပါတယ်ဗျာ..နော့်…..
By: လင်းလွန်းညို (၀zzy win)
June.07.2012 (09:32)
No comments:
Post a Comment